ကုန်းဘောင်အင်ပါယာ၏ နေ၀င်ချိန်

ဗြိတိသျှ စီးပွားရေးသမားများသည် အထက်မြန်မာပြည်တွင် လွတ်လပ်စွာ စီးပွားရေး လုပ်လိုကြသည်။ သီပေါမင်း အစိုးရ၏ စီးပွားရေးဝါဒသည် တင်းကြပ်ပြီး လွတ်လပ်မူ မရှိပေ။ ၁၈၈၅ အောက်တိုဘာလ တွင် ဗြိတိသျှ ဘက်မှ စစ်ကြေညာခြင်းသည် မတရားကျူးကျော်မူသာ ဖြစ်ပြီး သစ် ပြဿ      နာသည် နိုင်ငံတော်အဆင့်မဟုတ်ဘဲ ဘုံဘေဘားမားကုန်သွယ်ရေးကော်ပိုရေးရှင်း နှင့် သီပေါမင်းအစိုးရ တို့၏ အငြင်းပွားမူ တရပ်သာ ဖြစ်သည်။ အမှန်မှာ ကာလကတ္တားရှိ ဘုရင်ခံကို လန်ဒန်အစိုးရမှ  မြန်မာပြည်အား အချိန်မရွေးကျူးကျော်ရန် ခွင့်ပြု ချက် ပေးထားပြီး ဖြစ်သည်။
ကျူးကျော်ရာတွင်လည်း လန်ဒန်အစိုးရမှ ငွေ စိုက်ထုတ်စရာမလိုဘဲ ကျူးကျော်မူကို လိုလားသော စီးပွားရေးသမား များမှ ငွေကြေးများစွာ ထည့်ခြင်းဖြင့် အိန္ဒိယကြေးစားစစ်သားများစွာကို ငှားကာ ချီတက်လာခဲ့ခြင်း ဖြစ်လေသည်။ ထိုကြောင့် တတိယအကြိမ် ကျူးကျော်မူသည် ဗြိတိသျှ အင်ပါယာ အမည်ခံဖြင့် စီးပွားရေးသမား များ၏ ကျူးကျော်သော စစ်ပွဲသာ ဖြစ်သည်။ ဘုံဘေဘားမားကော်ပိုရေးရှင်း သည် တရားမ၀င်သစ်ခုတ်သောကြောင့် မြို့ ဝန်မှ ဒဏ်ငွေအမိန့်ချ သော အခါ မကျေနပ်သဖြင့် မန္တလေးအစိုးရထံ အယူခံ ၀င်ခဲ့လေသည်။

ထိုအယူခံကို ၀န်ရှင်တော်မင်းကြီး ၃ ပါး ဖြစ်သော ကင်းဝန်မင်းကြီး၊ တိုင်တားမင်းကြီး နှင့် တောင်ကွင်းမင်းကြီး တို့မှ လက်ခံပြီး အဖြေရှာခဲ့ကြလေသည်။ ဘုံဘေဘားမားကုမ္ပဏီ ကိုယ်စားလှယ် အဖြစ် ပစ္စတာ အန်ဒရီယေးနို နှင့် သူ၏ လက်ထောင် ဗမာလူမျိုး ၁ ဦး တို့ တက်ရောက်ခဲ့လေ၏။ ထိုသို့ အဖြေရှာနေစဉ် မှာပင် ကာလကတ္တားဘုရင်ခံ အစိုးရမှ ရာဇသံတရပ် ပို့လာခဲ့လေသည်။ ထိုရာဇသံ တွင် ဗြိတိသျှ စီးပွားရေး သမား များကို မြို့ နယ်အဆင့်မှ ဒဏ်ငွေ ရိုက်ခြင်းကို ပြင်ဆင်ပေးရန် (အောက်ကျ သည်ဟု သူတို့ ခံယူ၏) အနာဂါတ်ကာလ တွင် မြန်မာပြည်အစိုးရမှ နိုင်ငံခြားတိုင်းပြည်များနှင့် ဆက်ဆံရေး ထူထောင်လိုလျှင် သူတို့ နှင့် တိုင်ပင် ရန် အစရှိသော သီပေါမင်းအစိုးရ လက်မခံနိုင်သော တောင်းဆိုမူများကို ရာဇသံ ပို့ခဲ့လေသည်။

ထိုကြောင့် သီပေါမင်းအစိုးရ သည် အထူးအရေးပေါ် အစည်းအဝေးကျင်းပခဲ့ကြလေသည်။ ထို အစည်းအဝေး တွင် တိုင်တားမင်းကြီး၊ လှေအသင်းအတွင်းဝန် တို့ အုပ်စုမှ တိုင်းပြည်၏ လွတ်လပ်ရေးကို ထိခိုက်လာခြင်း ဖြစ်ပြီး၊ ဗြိတိသျှ တို့၏ မူဝါဒ ကြောင့် အမျိုးဘာသာသာသနာ ပျောက်ကွယ် ရပါတော့မည်ဟု လိုသည်ထက် ပို လျှောက်တင်ကြလေ၏။ ဗြိတိသျှ တို့ကို တိုက်ခိုက်ရန် မှတပါး အခြားမရှိ ကြောင်း တိုင်တားမင်းကြီး တို့မှ ပြတ်ပြတ်သားသား လျှောက်တင်ကြလေသည်။

သို့သော် ကင်းဝန်မင်းကြီး နှင့် ကျောက်မြောင်းမြို့ စား( တိုင်တားမင်းကြီး၏ သားမက်) တို့မှ လက်တွေ့အရ စစ်တိုက်လျှင် အောင်မြင်မူ ရနိုင်မည် မဟုတ်ကြောင်း ဗြိတိသျှ ဘုရင်ခံ နှင့် စေ့စပ်ညို နိုင်းမူများ ထပ်မံ ဆောင်ရွက်သင့်ကြောင်း လျှောက်ထား၏။ လန်ဒန်တွင်လည်း အထွေအထွေရွေးကောက်ပွဲကျင်းပနီးဆဲဆဲကာလ ဖြစ်ရာ ကွန်ဆာဗေးတစ်ပါတီသည် ရွေးကောက်ပွဲ အောင်မြင်ရန် ကိုလိုနီစစ်အောင်ပွဲ တရပ်ကို လိုလားနေသဖြင့် ကျူးကျော်မူကို လန်ဒန်လွှတ်တော်တွင် ခွင့်ပြု ခဲ့ကြလေသည်။

သီပေါမင်း၏ အထူးအစည်းအဝေးတွင် ဆုံးဖြတ်ချက်များကို မချ နိုင်ခဲ့ကြပေ။ ထိုကြောင့် သီးသန့်အစည်းအဝေးတရပ်ကို ထပ်မံကျင်းပရာ တိုင်းပြည်၏ အဓိကလူများ ဖြစ်သော ၀န်ရှင်တော်မင်းကြီး ၃ ပါး၊ ဘုရင်နှင့် စုဖုရားလတ်၊ အတွင်းဝန်မင်းများ ပါဝင်သော သီးသန့်အစည်းအဝေးကို ဘုရင့်၏ အထူးဆောင် တွင် ကျင်းပခဲ့ကြသည်။ ထိုအစည်းအဝေးတွင် နာမည်ကျော် ကိစ္စဖြစ်သော စုဖုရားလတ်မှ ကင်းဝန်မင်းကြီးအား ထဘီနှင့် သနပ်ခါးသွေးသော ကျောက်ပြင်ကို ဆုအဖြစ် ချီးမြင့်သော ကိစ္စ ဖြစ်ပွားခဲ့လေသည်။

ဝန်ရှင်တော်မင်းများမှ စစ်တိုက်ရန် မတိုက်ရန်ကို အကြိတ်အနယ် ဆွေးနွေးနေကြရာ နောက်ဆုံး စုဖုရားလတ် မှ ၀င်ပြီး ကင်းဝန်မင်းကြီး တို့ကို သတ္တိနည်းသော သူရဲဘောကြောင် များအဖြစ် ပေါ်ပေါ်တင်တင် အပြစ်တင်ခဲ့ရာ နောက်ဆုံး သီပေါမင်းမှ စစ်တိုက်ရန် အမိန့်ချ ခဲ့လေသည်။ တိုင်တားမင်းကြီး တိုမှ့ မိမိတို့ အင်အား ကို အထင်ကြီးသည်မှာလည်း အလကားမဟုတ်ပေ။ ပြင်သစ်မှ ၀ယ်ယူထားသော ရိုင်ဖယ်သေနတ် အသစ် များစွာ သည် ဘုံဘောဘားမား ကိစ္စ မဖြစ်ခင် နေပြည်တော်သို့ ရောက်နေပြီး ဖြစ်ပြီး အမြှောက်အသစ် များလည်း ရောက်ရှိနေလေသည်။ သို့သော် ဗြိတိသျှ များ၏ ခေတ်မှီသော လက်နက်များကို တိုင်တားမင်းကြီး တို့မှ အထင်သေးခဲ့ကြ၏။
မင်းလှခံတပ် ကျ ရူံးပြီးနောက် 

ဗြိတိသျှ တို့သည် နိုဝင်ဘာ ၁၁ ရက်နေ့ တွင် သရက်မြို့ ကို စတင်ကျူးကျော် တော့သည်။ အဓိက တိုက်ပွဲ နေရာ မှာ မင်းလှခံတပ် တိုက်ပွဲ ဖြစ်သည်။ မင်းလှခံတပ်ကို အီတလီပညာရှင်များမှ ကူညီဆောက်လုပ်ထားပေးပြီး ဗြိတိသျှ တို့မှ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ရပြီး သီပေါမင်း၏ ဘုရင်တပ်များမှ အစွမ်းကုန် တိုက်ခိုက်ခဲ့သော နေရာဖြစ်ခဲ့သည်။ သို့သော် အင်အားကြီးပြီး ခေတ်မှီလက်နက်များရှိသော ဗြိတိသျှ တို့မှ အနိုင်ရပြီး ဆက်လက် ချီတက်လာခဲ့ကြသည်။

နေပြည်တော်တွင်လည်း အရေးအကြောင်းမကောင်းလျှင် သီပေါမင်းနှင့်တကွ မှူးမတ်တို့မှ ရွှေဘိုသို့ ခေတ္တရှောင်ကာ ဗြိတိသျှ တို့ကို ပြန်လည် တိုက်ရန်အထိ ပြင်ဆင်ထားကြလေသည်။ မင်းလှခံတပ်ကျ ပြီးနောက် အခြေအနေ မကောင်းတော့ကြောင်း နေပြည်တော်ရှိ လွှတ်တော်အမတ်မင်းများ ၀န်မင်း များ သုံးသပ်မိသော အခါ စေ့စပ်ဆွေးနွေးရန်အတွက် ကျောက်မြောင်းအတွင်းဝန်နှင့် ၀တ်မစွတ်ဝန်ထောက်တို့ကို စစ်ပြေငြိမ်း စကား ဆိုရန် စေလွှတ်ကြသည်။ ဗြိတိသျှ တို့မှ လက်မခံ ခဲ့ပေ။ ကင်းဝန်မင်းကြီးမှ သီပေါမင်းကို ရွှေဘိုသို့ မသွားနိုင်အောင် နားတော်ချ နိုင်ခဲ့လေသည်။

ကင်းဝန်မင်းကြီး တို့အဖွဲ့သည် ဗြိတိသျှ တို့မှ သီပေါမင်းကို နန်းချကာ တခြားမင်းသားတဦး ကို နန်းတင်လိမ့်မည်ဟု ယုံကြည်ခဲ့ကြလေသည်။ ထိုကြောင့် လွှတ်တော်မှ ဗြိတိသျှ တို့ကို အရေးဆိုရာတွင် အဆင်ပြေစေရန် အနယ်နယ်အရပ်ရပ်ရှိ ရဲမက်များကို ဗြိတိသျှ တို့အား ဆက်လက် မတိုက်ရန် အမိန့်ထုတ်ခဲ့လေသည်။ ထိုအမိန့်ကို ဗိုလ်မင်းအချို့ သာ လိုက်နာပြီး တချို့  မှာမူ ဆက်လက်ပြီး မိမိတို့ တတ်နိုင်သမျှ တိုက်နေခဲ့ကြသည်။ နိုဝင်ဘာ ၂၇ ရက်တွင် အင်းဝမြို့ အထိ ဗြိတိသျှ များ ရောက်ရှိလာပြီး လွှတ်တော်အမိန့်ကြောင့် အင်းဝခံတပ်မှ လက်နက်ချ ခဲ့ကြသည်။ ၂၈ ရက်တွင် နေပြည်တော် ဆိပ်ကမ်းသို့ ဗြိတိသျှ တပ်များ အခြေချ ရောက်ရှိလေသည်။

ထို ၂၈ ရက်တွင် ဗြိတိသျှ တို့မှ နေပြည်တော်ကို ၀န်းရံပြီး မြန်မာဘုရင်ကို လက်နက်ချရန် စကား ကမ်းလှမ်းခဲ့သည်။ ထိုကြောင့် ၁၈၈၅ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် သီပေါမင်းအစိုးရမှ လက်နက်ချ သဖြင့် အထက်မြန်မာနိုင်ငံသည် ဗြိတိသျှ လက်အောက်သို့ ကျရောက်လေတော့သည်။

Share:

No comments:

Post a Comment