အစိုးရ ၂ ရပ် နှင့် အထက်မြန်မာပြည်

မဟာဆီမဟာသွေးများကို ရုတ်တရက် သတ်ဖြတ်လိုက်သည့် အတွက် ရတနာပုံနေပြည်တော်တွင် ပြည်သူ အများမှ သီပေါမင်းနှင့် စုဖုရားလတ်ကို ရွံ့ရှာစုတ်ယုတ်ကြလေ၏။ ထိုအချက်ကို ကုစားရန် သီပေါမင်းသည် ဘာသာရေးကို အသုံးချကာ အလှူ အဒါန်းအကြီးအကျယ်ပြုလုပ်လေ့ရှိလေသည်။ ဘုရင့်ငွေတိုက်မှ ငွေများကို အတားအဆီးမရှိ သုံးချင်သလိုသုံး၊ဖြုန်းချင်သလို ဖြုန်းလေတော့သည်။ ဇာတ်ပွဲကြီးများကို မကြာမကြာ ကျင်းပ ကာ ဘုန်းတော်ဘွဲ့များကို လှပအောင် ကပြသူများကို ငွေပမာကြီးမားစွာဖြင့် ဆုတော်ငွေ ချလေ၏။

နန်းတွင်း လူသတ်ပွဲကြီးကြောင့် ဗြိတိသျှ များ စစ်ပြင်လာသည်ကို နန်းတွင်းရှိ အမတ်များ အထူးသဖြင့် စုဖုရားလတ်တို့ အဖွဲ့မှ သိရှိကြ၏။ သို့သော် စစ်ဖြစ်လာလျှင် မည်သို့ပြု မူရမည်ကို မသိကြဖြစ်နေကြလေရာ အမေဖြစ်သူ ဆင်ဖြူ မရှင်ထံ အပူကပ်လေ၏။ ဆင်ဖြူ မရှင်မိဖုရားမှ ကင်းဝန်မင်းကြီးကို ရှိမြဲရာထူးခန့်ကာ အကြံယူ ရန် ပြောလေတော့မှ စုဖုရားလတ်တို့သည် မကြိုက်သော်လည်း ကင်းဝန်မင်းကြီးကို ပြန်လည် ခန့်ထား လေသည်။ ကံကောင်းထောက်မစွာဖြင့် ဗြိတိသျှ တို့မှ တခြားလက်အောက်ခံနယ် ပုန်ကန်မူများကြောင့် စစ်ချီလာခြင်း မရှိသဖြင့် စုဖုရားလတ် တို့ ၇ နှစ်ကြာအောင် တိုင်းပြည်ကို အုပ်ချူ ပ်နိုင်ခြင်း ဖြစ်လေ၏။ 

သို့သော် အဓိက နေရာများကို မိမိလူများဖြင့် အစားထိုးထားပြီး ဖြစ်ရာ ကင်းဝန်မင်းကြီး အဖို့ လွှတ်တော် အာဏာလွှမ်းမိုးခြင်းမရှိတော့ပေ။ သြဇာကြီးမားသော်လည်း အာဏာမရှိပေ။ ကင်းဝန်မင်းကြီးသည် အကင်းပါးသူ ထက်မြက်သူဖြစ်ရာ ကျန်ရှိရာ မိမိလူသူများကို ရသမျှ စုဆောင်းကာ လွှတ်တော်တွင် မိမိ၏ ဘက်တော်သားများသထက်များအောင် ကြိုးပမ်းသဖြင့် ယခုခေတ်အတိုက်အခံသဘောဖြင့် အင်အားစု တရပ်ကို ဖော်ဆောင်နိုင်ခဲ့လေ၏။ 

ကင်းဝန်မင်းကြီး၏ အဖွဲ့တွင် ကျောက်မြောင်းမြို့ စားကဲ့သို့ ထူးချွန်ထက်မြက်သူ တချို့ ကျန်ရှိနေသေး သဖြင့် ၇ နှစ် ကြာစွာ သီပေါမင်းမှ တိုင်းပြည်ကို အုပ်ချူ ပ်နိုင်ခြင်း ဖြစ်လေ၏။ နောက်တဖွဲ့တွင် တိုင်းတာမင်းကြီး ဦးဆောင်ပြီး ဘုရင့်သစ္စာခံအဖွဲ့ (ရှေးရိုးဝါဒီ) ဖြစ်လေ၏။ ဘုရင့်သစ္စာခံ ဆိုသည်မှာ ဘုရင်ကို အသုံးချပြီး မိမိတို့၏ ကိုယ်ကျိုးကို ရှာနေသည့် အဖွဲ့ သာဖြစ်လေ၏။ ဘုရင်ရှေ့တွင် ဘုန်းတော်ဘွဲ့ များစွာ တင်သွင်းပြီး နောက်ကွယ်တွင် လာဘ်များစားကာ ဘုရင့်မိသားစုကို အကာအကွယ်ပေးသော သစ္စာခံများအဖြစ် ပုံဖော်ကြလေ၏။ 

သီပေါမင်းကို သစ္စာခံအဖွဲ့ တွင် ရနောင်မောင်မောင်တုတ်သည် ဘုရင့်မိသားစု၏ လုံခြုံ ရေးကို တာဝန်ယူကာ နန်းတွင်းတပ်များကို အုပ်ချူ ပ်ရလေ၏။ ရနောင်မောင်မောင်တုတ်သည် ရုပ်ရည်ချောမောသူ ဖြစ်ကာ ပျို တိုင်းကြိုက်သော နှင်းဆီကဲ့သို့ နေပြည်တော်တွင် သတင်းကျော်ဇောသူဖြစ်လေသည်။ ဘုရင်နှင့်နီးကပ်သူလည်း ဖြစ်သဖြင့် နေပြည်တော်ရှိ လူကုံထံ အသိုင်းအ၀ိုင်းများမှ မိမိတို့၏ သမီးများကို မျက်နှာလိုမျက်နှာရ လာရောက် ဆက်သသည် အထိ ရှိလေ၏။ 

ရနောင်မောင်မောင်တုတ်သည် နန်းတော်အတွင်းခစားနေစဉ် သူမကြိုက်သော အချက်တခုမှာ သီပေါမင်း အား မိဖုရားစုဖုရားလတ်မှ ချူ ပ်ကိုင်နေခြင်း ဖြစ်လေ၏။ သီပေါမင်းအား ဗမာဘုရင့်ထုံတမ်းစဉ်လာနှင့်အညီ မိဖုရားအများအပြား ထားရန် အချိန်ရတိုင်း သီပေါမင်းကို တိုက်တွန်းလေ့ရှိ၏။ သို့သော် သီပေါမင်း သည် စုဖုရားလတ်ကို မလွန်ဆန်နိုင်ဖြစ်နေလေ၏။ ထို့ကြောင့် ရနောင်မောင်မောင်တုတ်သည် အသက် ၁၇ နှစ်သာ ရှိသေးသည် ဒိုင်းခင်ခင် ဆိုသည် အမျိုးသမီးနှင့် သီပေါမင်းကို ချိတ်ဆက်ပေးလေတော့သည်။ ဒိုင်းခင်ခင်သည် အမတ်မင်းမျိုးနွယ်ဖြစ်လေသည်။ ကန်နီမြို့ စား၏ သမီးတော် ဖြစ်ပြီး ပုဂံမြို့ စား၏ တူမ တော်စပ်သူ လည်း ဖြစ်လေသည်။ ဒိုင်းခင်ခင်၏ ဖခင်သည် လွှတ်တော်ဝန်ကြီး တဦးဖြစ်လေ၏။

သီပေါမင်းနှင့် ဒိုင်းခင်ခင်တို့ အချစ်ဇာတ်လမ်းသည် နောက်ပိုင်းတွင် လူတိုင်းသိသော ဇာတ်လမ်း တပုဒ် ဖြစ်လာခဲ့သည်။ (နောက်ပိုင်းတွင် အကျယ်ရေးသားတင်ပြပါမည်) ရနောင်မောင်မောင်တုတ်၏ ကြိုးပမ်းမူသည် စုဖုရားလတ် နှင့် ထိပ်တိုက် တွေ့လာပြီး နောက်ဆုံး အာဏာလွန်ဆွဲပွဲ ကဲ့သို့ ဖြစ်လာခဲ့လေသည်။ ယခင် ကင်းဝန်မင်းကြီးတို့ ရေးဆွဲခဲ့သော ပြု ပြင်ပြောင်းလဲရေး အုပ်ချူ ပ်ရေးစနစ်အတိုင်း သီပေါမင်းတို့မှ ဆက်လက် အသုံးပြု ခဲ့ကြလေ၏။ သို့သော် ရည်ရွယ်ထားသကဲ့သို့ အပြည့်အ၀ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပေ။ 

၇ နှစ်တာ ကာလအတွင်း ၀န်ကြီးဌာနများ၏ ၀န်ကြီးများသည် လာဘ်ပေးလာဘ်ယူ မူများဖြင့် ခြစားနေခဲ့ကြ ပြီး တိုင်းပြည်တိုးတက်ရေးအတွက် လုံးဝ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ကြပေ။ သီပေါမင်း အုပ်ချူ ပ်သည့် ၇ နှစ် ကာလာ တွင် အနယ်နယ်အရပ်ရပ်မှ ဖိအားများလည်း ပိုမို များပြားလာခဲ့သည်။ အခွန်အတုတ်များလည်း ပုံမှန် မရဖြစ်နေပြီး ပုန်ကုန်မူများ မဖြစ်သည့်တိုင်အောင် ရှမ်းပြည်စော်ဘွားများမှ သီပေါမင်းထံ အခစား ၀င်ခြင်း မရှိသလောက် ဖြစ်သဖြင့် သီပေါမင်း အာဏာစက် သည် ရှမ်းပြည်သို့ သက်ရောက်မူ မရှိတော့ပေ။ 

အောက်မြန်မာပြည်ရှိ ဗြိတိသျှ အလိုတော်ရိ များသည်လည်း သီပေါမင်းကို ပုံမှန်ထက် ဆိုးသော ဘုရင်အဖြစ် ပုံဖော်ကြလေသည်။ နန်းတွင်းလူသတ်မူကြီး ဖြစ်ပွားခဲ့သည့်အတွက် ထိုအဖြစ်အပျက်ကို အသုံးချကာ သီပေါမင်းအား မြန်မာ့သမိုင်းတွင် အရက်စက်ဆုံး ဘုရင်၊ အရက်သေစာ ကြိုက်သော ဘုရင်၊ မိမိ၏ ညီနောင်များကို သတ်ရန် ၀န်မလေးသော ဘုရင် အဖြစ် အမျိုးမျိုးပုံဖော်ကြကာ ပြည်သူအများ လေးစားမူ မရအောင် ၀ါဒများ ဖြန့်ကြလေ၏။ ထိုအတွက်ကြောင့် သီပေါမင်း အစိုးရ နှင့် ကုန်သွယ်မူကို နိုင်ငံခြားမှ မလုပ်လိုကြပေ။ 

ကုန်သွယ်မူ မရှိသဖြင့် တိုင်းပြည်ဝင်ငွေလည်း မများပြားခဲ့ပေ။ ထိုအရေးကို သီပေါမင်း အစိုးရမှ ရင်ဆိုင်ဖြေရှင်း နိုင်ခြင်း မရှိခဲ့ပေ။ အဓိက ကုန်သွယ်ဖက်မှာ ဗြိတိသျှ သာရှိခဲ့လေသည်။ ဗြိတိသျှ စီပွားရေးသမား များသည်လည်း အထက်မြန်မာပြည်မှ တဆင့် တရုတ်နိုင်ငံသို့ လွတ်လပ်စွာ ကုန်သွယ်လိုသဖြင့် အထက်မြန်မာပြည်ကို ဗြိတိသျှ အစိုးရမှ ကျူးကျော်စစ်ဆင်နွဲအောင် အခွင့်ကောင်း ရသည်နှင့် အမျိုးမျိုး သွေးထိုး ကြိုးပမ်းနေကြ၏။ 

ထိုအကြောင်းကို ကင်းဝန်မင်းကြီးမှ ရိပ်မိသဖြင့် ဗြိတိသျှ စီးပွားရေးသမားများ အဆင်ပြေအောင် အမျိုးမျိုးကြံဆောင်သော်လည်း လွှတ်တော်တွင် ရှေးရိုးဝါဒီ တိုင်းတာမင်းကြီးတို့မှ အမျိုးသားရေး စသဖြင့် အကြောင်းအမျိုးမျိုးပြကာ ဗြိတိသျှ စီးပွားရေးသမားများ အခက်တွေ့အောင် လုပ်ဆောင်လေ၏။ သို့သော် သစ်တောလုပ်ငန်းကိုမူ ဗြိတိသျှ ဘက်မှ လုပ်ပိုင်ခွင့်ရရှိထားပြီး ဖြစ်၏။ အထင်ရှားဆုံး မှာ ဘုံဘေဘားမား ဖြစ်သည်။
သီပေါမင်းသည် ဘုရင့်ရွှေတိုက်တော် ၀င်ငွေတိုးစေရန် ရည်ရွယ်ပြီး ၁၈၇၈ တွင် နိုင်ငံတော်ထီ ကို စတင်ဖွင့်လှစ်ခဲ့လေသည်။ 

နိုင်ငံတော်ထီသည် တခဏအတွင်း ရေပန်းစားလူကြိုက်များလာပြီး နေပြည်တော်ပတ်ဝန်းကျင် လူအများက ပင် ရတနာပုံမြို့ တော်ထိ လာကာ ထီများ ၀ယ်ကြလေသည်။ ထီပေါက်သူများကို ဆင်ပေါ်တင်ကာ သဌေးဘွဲ့ ချီးမြင့်ပြီး မြို့ လှည့်ပတ် ပြသ၏။ သို့သော် ရဟန်းတော်များကမူ ထိုထီသည် လောင်းကစားကို အားပေးခြင်း ဖြစ်သဖြင့် မကောင်းကြောင်း ပြစ်တင်ရှံ့ချခဲ့ကြ၏။ ထို ထီကို အကြောင်းပြု ပြီး ပြည်သူအများသည် စီးပွားပျက်ကြလေ၏။ နေ့စဉ်နေ့တိုင်း နတ်ကတော်များထံ ထီနိမိတ်များကို သွားသွား မေးနေရသည့်အတွက် ပြည်သူအများမှာ အလုပ်ပင် မလုပ်နိုင်မကိုင်နိုင်ကြပေ။ 

ထီအရောင်းကို ဘုရင့်နန်းတော်မှသာ တိုက်ရိုက်ရောင်းသဖြင့် ဘုရင့်ရွှေတိုက်တော်တွင် ငွေများ တနေ့ထက် တနေ့ များပြားလာသော်လည်း ပြည်သူအများမှာ ဆင်းရဲကာ ဘ၀ပျက်သူ များပြားလာလေ၏။ ထိုငွေရလွယ် သော အခွင့်ကောင်းကို တိုင်းတာမင်းကြီး တို့အဖွဲ့မှ မိမိတို့လည်း ထီဆိုင်ခွဲ ဖွင့်ခွင့်ရရန် ကြိုးပမ်းလာကြကာ နောက်ဆုံးတွင် သီပေါမင်း၏ နောက်လိုက်အရာရှိများစွာတို့သည် မိမိတို့ ကိုယ်ပိုင်ထီဆိုင်ခွဲ များ ဖွင့် လာနိုင်ကြပြီး အမြတ်ငွေများ ရရှိကြလေ၏။ 

လွှတ်တော်အတွင်းတွင်လည်း ထို ထီကိစ္စ နှင့် ပတ်သက်ပြီး အကြီးအကျယ် အငြင်းပွားကြလေ၏။ တိုင်းတာမင်းကြီးတို့သည်လည်း မိမိတို့ စီးပွားရေးကို ထိပါးသဖြင့် လက်မလွတ်လိုကြပေ။ ကင်းဝန်မင်းကြီးတို့သည် လည်း ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ထိပါးနေပြီး နေပြည်တော်တခုလုံး ထီထိုးခြင်းကို လုပ်ငန်း တခုလို လုပ်နေကြသဖြင့် ပျက်စီးနေကြကြောင်း ထိုကြောင့်ဖျက်သိမ်းရန် ပြင်းပြင်းထန်ထန် တောင်းဆို လေ၏။ နောက်ဆုံးတွင် မိဖုရားကြီး စုဖုရားလတ်၏ အထိန်းတော် မိသားစုသည် ထီကြောင့် ဘ၀ပျက်ကာ နေစရာမရှိတော့သဖြင့် ထိုအထိန်းတော်မှ စုဖုရားလတ်ကို ငိုယို လျှောက်ထားအကူအညီတောင်းရာမှ ပြဿ    နာကို ထင်ထင်ရှားရှား သိရှိသဖြင့် သီပေါမင်းကို ထိုထီစနစ်ကို ပိတ်ရန် နားချခဲ့ရာ ၁၈၈၀ တွင် ထီလုပ်ငန်းကို အဆုံးသတ်ခဲ့လေသည်။ 

သီပေါမင်း လက်ထက် တွင် မိမိကိုယ်ကျိုးကို ကြည့်သော တိုင်းတာမင်းကြီး တို့ နှင့် နိုင်ငံတိုးတက်ရေးကို ကြည့်သော ကင်းဝန်မင်းကြီး တို့၏ လွန်ဆွဲသော နိုင်ငံရေးဖြင့် ၇ နှစ်မျှ ကြာရှည်ခံခဲ့ခြင်းဖြစ်လေသည်။ သီပေါမင်းသည် တရံတခါ ကင်းဝန်မင်းကြီး၏ လျှောက်ထားချက်များကို လိုက်နာလေ့ရှိ၏။ ထိုခေတ်က ဘုရင့်ဘဏ် တခု တည်ထောင်ရန် နေပြည်တော်ရှိ သဌေးတဦးထံမှ ရူပီး တသိန်းကျော် ချေးခဲ့ဖူး၏။ ထိုဘဏ်မှ တဆင့် ဥရောပ စီပွားရေးသမားများကို ဆွဲဆောင်ရန် သီပေါမင်းတို့ ကြိုးစားခဲ့ကြသေးသည်။ ထိုသို့ ကြိုး ပမ်းမူများသည်လည်း ဗြိတိသျှ တို့ ကျူးကျော်စစ် ဆင်နွဲခြင်းအကြောင်း တရပ်ဖြစ်ခဲ့၏။ သီပေါမင်း အစိုးရ မှ ပြင်သစ်နိုင်ငံနှင့် ဆက်ဆံရေး ကောင်းလာသဖြင့် ပြင်သစ်တို့ လွှမ်းမိုးသွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ 

သီပေါမင်း လက်ထက်တွင် ပြည်တွင်း နိုင်ငံရေးသည်လည်း ဆွေမျိုးကောင်းစားရေး အုပ်စု သည် နိုင်ငံကောင်းစားရေး အုပ်စု အပေါ် အမြဲအားသာအနိုင်ရနေပြီး ဗြိတိသျှ တို့သည်လည်း ညစ်ပတ်သောပြင်ပမှ အားထုတ်မူတို့ကြောင့် သီပေါမင်း လက်ထက် တွင် အထက်မြန်မာပြည် သည် အဘက်ဘက်မှ ဆင်းရဲခဲ့ရသည်။ 

Share:

No comments:

Post a Comment