နန်းတွင်း လူသတ်ပွဲကြီး

စုဖုရားလတ်နှင့် ဘုရင့်ဘက်တော်သားများ အဖွဲ့သည် ၀န်ကြီးများအာဏာကြီးစိုးနေသည်ကို မလိုလားသဖြင့် သီပေါမင်းလက်ထဲ အာဏာရရန် အစွန်းကုန်ကြိုးပမ်းကြတော့သည်။ ရနောင်မောင်မောင်တုတ် နှင့် တိုင်းတာမြို့ စား တို့မှ စနစ်တကျ စီစဉ်ကြသည်။ ကင်းဝန်မင်ကြီး နှင့် ၀န်ကြီးများအဖွဲ့သည် တိုင်းပြည်တိုးတက်ရန် အထူး အာရုံစိုက်နေကြပြီး စုဖုရားလတ်တို့၏ မဟာအကြံအစဉ်များကို မရိပ်မိခဲ့ကြချေ ။ ရနောင်သည် ကင်းဝန်မင်းကြီး၏ ယုံကြည်မူကို တနှစ်အတွင်း လုံးဝ ရရှိခဲ့ကာ သီပေါမင်း၏ ထောက်ခံမူလည်း ပါသဖြင့် နန်းတွင်း ဘုရင့်ကိုယ်ရံတော်အဖွဲ့ အပြင် အထူးတပ်လို့ ဆိုနိုင်သည့် မြောက်ဒ၀ယ်တပ်ဗိုလ်မှူးအဖြစ် ခန့်အပ်ခြင်း ခံရလေသည်။
ရနောင်မောင်မောင်တုတ်သည် မိမိတွင်ရှိသော တပ်အင်အား မလုံလောက်မှန်းသိသဖြင့် ယခင် ရာထူးချခံရသော ရေနံချောင်းမင်းကြီး နှင့် ကင်းဝန်မင်းကြီးတို့အပေါ် အခဲမကျေသော လူများကို သိမ်းသွင်းခဲ့လေ၏။ စုဖုရားလတ်တို့သည် မိမိတို့ အစီအစဉ်ချထားသည့်အတိုင်း ၁၈၇၉ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်တွင် ဘုရင့်အမိန့်ဟုဆိုကာ ကင်းဝန်မင်းကြီး တို့၏ ၀န်ကြီး များစွာတို့ကို ရုတ်တရက်ဖမ်းဆီးကာ ထောင်သွင်းချထားလေ၏။ ယောမင်းကြီး ဦးဘိုးလိုင်လည်း အဖမ်းခံရပြီး ထောင်ထဲတွင် အငြိုးဖြင့် ရက်စက်စွာ နှိပ်စက်ခံရလေသည်။ နောက်ပိုင်း ကင်းဝန်မင်းကြီး၏ တောင်းပန်မူကြောင့် သေဒဏ်မှ နယ်နှင်ဒဏ် အဖြစ်ပြောင်းခံရပြီး နောက်ဆုံးတွင် ကွယ်လွန် သွားခဲ့ရလေသည်။

ရနောင်မောင်မောင်တုတ်တို့၏ တပ်သားများသည် ၀န်ကြီးများ၏ အိမ်တော်များတို့ ၀င်စီးကာ ၀န်ကြီးများကို ဖမ်းဆီးသည့်အပြင် ရွှေငွေများကိုလည်း တရားဥပဒေမဲ့ ယူငင်ကြလေ၏။ ကင်းဝန်မင်းကြီး၏ အိမ်တော်ကို ၀င်စီးမည်လုပ်ရာ မိဖုရားကြီး ဆင်ဖြူ မရှင် မှ စစ်သည်ရဲမက်လွှတ်ကာ အကာအကွယ်ပေးသဖြင့် ရနောင်တပ် များ ကင်းဝန်မင်းကြီးကို မဖမ်းဆီးနိုင်ခဲ့ပေ။ နန်းတော်အတွင်း ဘုရင့်ဘက်တော်သားများ အာဏာပြန် သိမ်း နိုင်ခဲ့သဖြင့် ရနောင်မောင်မောင်တုတ် နှင့် တိုင်းတာမြို့ စား တို့သည် မိမိတို့၏ နောက်စီမံကိန်း တခုကို အကောင်အထည် ဖော်လေသည်။

နောက်စီမံကိန်းတခုမှာ ဘုရင်အသစ် သီပေါမင်း အာဏာတည်တံ့စေရန်အတွက်နန်းပြိုင်မင်းသား များကို သတ်ခြင်းဖြစ်သည်။ အာဏာသိမ်းပြီး ၊ နောက်တနေ့ ၁၄ မှ ၁၆ အထိ ထောင်သွင်းအကျဉ်းချထားသော မင်းသား နှင့်မင်းသမီး များအားလုံးကို သတ်ဖြတ်ပွဲ ကျင်းပခဲ့လေ၏။ ထို မဟာဆီ၊ မဟာသွေး များ သတ်ပွဲ ကို ရနောင်မောင်မောင်တုတ် ကိုယ်တိုင် ကြီးကြပ်ခဲ့ပြီး မြောက်ဒ၀ယ်တပ်မှ အကောင်အထည်ဖော်ခဲ့လေ၏။ မည်သူမှ မထင်ထားသော အဖြစ်အပျက်ကြီး တရပ်ဖြစ်ခဲ့လေ၏။

ထိုလူသတ်ပွဲကြီးကို ကင်းဝန်မင်းကြီးတို့လည်း မတားနိုင်ခဲ့ပေ။ အကြောင်းမှာမူ ဘုရင့်အမိန့်အရ နေအိမ်အကျယ်ချူ ပ်ကျခံနေရပြီး ဆင်ဖြူ မရှင်မိဖုရားကြီး ကိုယ်တိုင်ပင် နန်းဆောင်မှ ထွက်ခွင့်မရခဲ့ပေ။ ထိုကြောင့် ရနောင်တို့ကို တားမည့်သူမရှိဘဲ စိတ်ရှိတိုင်း လုပ်ဆောင်နိုင်လေသည်။ ရနောင်မောင်မောင်တုတ် တို့သည် မင်းတုန်းမင်း၏ မင်းသား နှင့်မင်းသမီး များကို နန်းတော်၏ အနောက်မြေနေရာတွင် ကျင်းအကျယ်ကြီး တူးကာ သတ်ဖြတ်ကြပြီး တွင်းထဲသို့ ပစ်ပစ်ထည့်လေ၏။ ထိုလူသတ်ပွဲကြီးတွင် မင်းသမီး တချို့ ၏ ရင်သွေးငယ်များလည်း ပါဝင်လေ၏။

ထိုလူသတ်ပွဲကြီး ကျင်းပနေစဉ် သီပေါမင်း နှင့် စုဖုရားလတ်တို့သည် နန်းတော်အတွင်းတွင် အောင်ပွဲ အနေဖြင့် ဇာတ်ပွဲအကြီးအကျယ်ကျင်းပ နေလေ၏။ သီပေါမင်း တို့ တိုက်ရိုက်အမိန့်ပေးသည် မပေးသည်ကို မည်သူမှ မှတ်တမ်း မတင်နိုင်ခဲ့ပေ။ ထို သီပေါမင်း၏ မောင်နှမ များ သတ်ပွဲကြီးတွင် အသတ်ခံရသူများမှာ မင်းတုန်းမင်း၏ သားတော် ၄၈ ဦး အနက် ၃၁ ဦး  နှင့် သမီးတော် ၆၂ ဦး အနက် ၉ ဦး၊ အသတ်ခံရလေသည်။ ထောင်သွင်းချခံရသူအားလုံးအသတ်ခံရခြင်း ဖြစ်လေ၏။

သီပေါမင်း နှင့် စုဖုရားလတ်တို့မှ တို့ ပါဝင်ခြင်းမရှိဟု သမိုင်းဆရာမှတ်တမ်းတင်သော်လည်း ထို အစုလိုက်အပြုံလိုက် သုတ်သင်သတ်ဖြတ်မူကြီး တွင် အဓိကပါဝင်ခဲ့သူ ရနောင်မောင်မောင်တုတ်သည် ထိုလူသတ်ပွဲ ကြီး နောက်ပိုင်း မင်းသားဘွဲ့ ရကာ နန်းတော်သို့ တံခါးမရှိ၊ဓားမရှိ အချိန်တိုင်း ၀င်ထွက်နိုင်သည့်အပြင် အိမ်ရှေ့မင်းသား ကဲ့သို့ပင် တန်ခိုးအာဏာ ကြီးထွားလာခြင်းကို ကြည့်ရူခြင်းဖြင့် ပါဝင်၊မပါဝင်ကို သုံးသပ်နိုင်၏။

ရနောင်မောင်မောင်တုတ်တို့ အဖွဲ့သည် အရာအားလုံးကို သုတ်သင်ပြီးသောအခါ သီပေါမင်းကို ဘိသိတ်အသစ် ခံယူစေကာ နန်းတက်ပွဲ ထပ်မံကျင်းပလေသည်။ ဘုရင်အပေါ် ကန့်သတ်ထားသော အသုံးစရိတ် ကန့်သတ်ချက်ကို ဖယ်ရှားလိုက်ပြီး လွှတ်တော်ဝန်ကြီး များကို မိမိလူများဖြင့် စိတ်တိုင်းကျ ခန့်ထားလေသည်။ ကင်းဝန်မင်းကြီး မှာမူ အလွန်ကံကောင်းလို့သာ သေကံမရောက်ရခြင်း ဖြစ်လေသည်။ ဆင်ဖြူ မရှင် မိဖုရား
ကြီး၏ မျက်နှာဖြင့် ကင်းဝန်မင်းကြီးသည် ရာထူးမှ မချခံရပေ၊ သို့သော် စစ်တပ်ပိုင်းဆိုင်ရာအားလုံးကို ရနောင်မောင်မောင်တုတ်မှ ကိုင်ထားတော့သဖြင့် ကင်းဝန်မင်းကြီး အဖို့ အာဏာမရှိတော့ပေ။

ထိုလူသတ်ပွဲကြီး သတင်းသည် ချက်ခြင်း ပြန့်သွားပြီး နေပြည်တော်တခုလုံး အုံ့အုံ့ကျက်ကျက် ဖြစ်ကုန်လေ၏။ သီပေါမင်းသည် ဆွမ်းလောင်းပွဲကြီး၊ အလှူ အဒါန်းပွဲကြီး ကျင်းပကာ ပြည်သူများကို ဘာသာရေး ဖြင့် ထိန်းပြန်လေ၏။ ဗြိတိသျှ တို့သည် ထို လူသတ်ပွဲကြီးကို ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ကြလေ၏။ အိန္ဒိယဘုရင်ခံ အစိုးရသည် ချက်ခြင်း အထက်မြန်မာပြည် ကို စစ်ခင်းရန် ပြင်ဆင်လေတော့သည်။

အထက်မြန်မာပြည် နယ်စပ်တလျှောက်တွင် ဗြိတိသျှ တပ်များကို ချက်ခြင်း ဖြန့်ကျက်ထားလေသည်။ ထိုပြင် အောက်မြန်မာပြည်မှ အထက်မြန်မာပြည်ကိုအလုံးအရင်း ၀င်ကာ သိမ်းပိုက်ပြီး အိန္ဒိယတွင် ရောက်နေသည့် ညောင်ရမ်းမင်းသား ကို နန်းတင်ရန် ဗြိတိသျှ အရာရှိများမှ စတင်ပြင်ဆင်ကြလေ၏။ သို့သော်လည်း ထိုသို့ စစ်ပြင်နေစဉ် အာဖဂန်နစ္စတန် နှင့် တောင်အာဖရိက တို့တွင် ပုန်ကန်မူများ ပေါ်ပေါက်လာခဲ့ရာ ဗြိတိသျှ အရာရှိများသည် မြန်မာပြည် ပြဿ      နာကို ခေတ္တထားကာ ထို ပုန်ကန်မူများကို ဖြေရှင်းရန် အာရုံစိုက်ကြလေ၏။

ထိုပြင် ရတနာပုံရှိ ဗြိတိသျှ ကိုယ်စားလှယ်ရုံးကိုလည်း ပြန်လည် ရုပ်သိမ်းသွားလေတော့သည်။ ထိုသို့ ရုတ်သိမ်းသွားခြင်းကို ရနောင်တို့အဖွဲ့မှ ပျော်ရွှင်နေကြပြီး ဂရုပင်မစိုက်ပေ။ ကင်းဝန်မင်းကြီးတို့သည် မိမိတို့ ရုတ်တရက် ကျရူံးသွားရသည်ကို နောက်မဆုတ်ဘဲ တိုင်းပြည်တိုးတက်လိုသည့် စိတ်ဖြင့် မိမိတို့ရှိသည့် အင်အားဖြင့် စုဖုရားလတ်နှင့် ရနောင်တို့၏ အင်အားစု ကို လွှတ်တော် အတွင်း မလွှမ်းမိုးစေ၇န် အထူးကြိုးပမ်းဆောင်ရွက်ကြသည်။ သို့သော် အရေးကြီးသည့် ၀န်ကြီးနေရာများကို လက်လွှတ်လိုက်ရသည့် ကင်းဝန်မင်းကြီး တို့အဖွဲ့ သည် လွှတ်တော်အတွင်းတွင် မလွှမ်းမိုးနိုင်သော်လည်း အင်အားစု တစု အဖြစ် ရပ်တည်နိုင်ခဲ့လေသည်။



Share:

No comments:

Post a Comment