ဝန်ရှင်တော်မင်းကြီး များ၏ နိုင်ငံရေး

မင်းတုန်းမင်းသည် မြင်းခုံတိုင်အရေးအခင်းနှင့် ပန်းတိမ်းမင်းသားအရေးအခင်း အပြီးတွင် အုပ်ချူ ပ်ရေးပိုင်းကို အာရုံစိုက်ခြင်းမရှိတော့ဘဲ ဘာသာရေးဘက်သို့သာ အလှူ အဒါန်းများဖြင့် အချိန်ကို ကုန်နေစေခဲ့လေသည်။ ထိုပြင် မိမိ၏ မိဖုရားခေါင်ကြီး ကွယ်လွန်ပြီးနောက်ပိုင်းတွင် ရောဂါများ တခုပြီးတခု စွဲကပ်ကာ အင်အားများ ယုတ်လျော့လာခဲ့လေ၏။ ထိုသို့ ယုတ်လျော့နေသော်လည်း မင်းတုန်းမင်းသည် အိမ်ရှေ့မင်းသား ကို ခန့်အပ်ခြင်းမရှိခဲ့ပေ။ မင်းတုန်းမင်း၏ နန်းတွင်းသမားတော် ခေါင်းဆောင် ဖြစ်သူ ဂျာမနီလူမျိုး ဒေါက်တာမာဖယ်လ်စ် မှ မင်းတုန်းမင်း၏ ရောဂါသည် အလွန်ဆိုးရွား ပြင်းထန်နေသည်ဟု လျှောက်တင်ပြီး ဘုရင်ကို သီးသန့်ခန်းဆောင်တွင် ထားကာ ကုသပေးလေ၏။
ထိုသို့ ရောဂါပြင်းထန်နေရာ တခါတရံ သတိပင်မရတော့ပေ။ မင်းတုန်းမင်း၏ အခြေအနေကို ဆင်ဖြူ မရှင်မိဖုရား နှင့် ရာထူးကြီးသော လွှတ်တော်ဝန်မင်းကြီး ၄ ပါး နှင့် တခြား သြဇာကြီးသော အမတ်မင်း များသာ သိကြလေ၏။ မင်းတုန်းမင်းမှ နန်းဆက်ခံမည့် မင်းသားကို ရွေးချယ်ထားခြင်းမရှိသဖြင့် အိမ်ရှေ့မင်းသားကို ရွေးချယ်ရန် ၀န်ကြီး၊မှူးကြီးများ တာဝန်ဖြစ်လာခဲ့လေ၏။ ၀န်ကြီး အများစုသည် မင်းသားကြီးများဖြစ်သော မက္ခရာမင်းသားကြီး၊ သုံးဆယ်မင်းသားကြီး နှင့် ညောင်ရမ်းမင်းသားကြီး များကို မရွေးချယ်လိုကြပေ။ 

ဝန်ကြီးများ လိုလားသည်မှာ ငယ်ရွယ်ပြီး ထိန်းချူ ပ်လွယ်သော မင်းသားကို တင်မြှောက်ကာ ဗြိတိသျှ ကဲ့သို့ စည်းမျဉ်းခံဘုရင် စနစ်ကို ဖော်ဆောင်ရန် ကြိုးပမ်းလိုကြ၏။ ၀န်ကြီးတို့ သုံးသပ်သည်မှာ ဘုရင့်မျိုးနွယ်မင်းသား များသည် အချင်းချင်း ယှဉ်ပြို င်၊ သတ်ဖြတ်ခြင်းဖြင့်သာ အချိန်ကို လွန်စေပြီး မည့်သည့် ကောင်းကျိုးမပေး ဟု ယုံကြည်နေကြ၏။ သို့သော်လည်း ၀န်ကြီးများသည်လည်း ဘုရင့်မျိုးနွယ်များကဲ့သို့ အာဏာကို ခုံမင် သူများ ဖြစ်ကြောင်း သမိုင်းမှတ်တမ်းများက စကားပြောနေလေသည်။

မင်းတုန်းမင်း နာမကျန်း ချိန်တွင် အရေးပါဆုံး ၀န်ရှင်တော်မင်းကြီး လေးပါးအနက် သြဇာကြီးသူမှာ ရေနံချောင်းမြို့ စားကြီး ဖြစ်လေသည်။ သူသည် အရေးပါသော ၀န်ကြီး များ၊ စစ်ဗိုလ်ချူ ပ်များနှင့် မိသားစုအကြား အပြန်အလှန် လက်ထပ်ထိမ်းမြားမူမှ တဆင့် မဟာမိတ်ကွန်ယှက်ကို တည်ဆောက်ထား၏။ ရေနံအများအပြား ထွက်ရာ ဒေသကို အပိုင်စားရသဖြင့် ချမ်းသာကြွယ်ဝသူလည်း ဖြစ်လေသည်။ သူ၏ သမီးတဦးမှာ မင်းတုန်းမင်း၏ မိဖုရားဖြစ်ပြီး (ကြယ်မြင့်မိဖုရား) ၊ ထိုမိဖုရားမှ အသက် ၈ နှစ်အရွယ်ရှိ သား တဦး ထွန်းကားကာ ပျဉ်းမနားမြို့ ကို အပိုင်ပေးစားခြင်း ခံရ၏။ 

ရေနံချောင်းမင်းကြီးသည် ထို အသက် ၈ နှစ်အရွယ် မင်းသားလေးကို ဘုရင်တင်မြှောက်လိုပြီး ၀န်ကြီးအများစု လိုလားသော စည်းမျဉ်းခံဘုရင်စနစ်ကို လွယ်ကူစွာ အကောင်အထည်ဖော်နိုင်မည်ဖြစ်သည်။ သို့သော် ရေနံချောင်းမင်းကြီး မကျော်လွှားနိုင် သော ၀န်ရှင်တော်မင်း တဦး ရှိနေလေ၏။ ထိုသူမှာ သမိုင်းတွင် နာမည်ကြီးသော ကင်းဝန်မင်းကြီး ပင် ဖြစ်လေသည်။ 

ကင်းဝန်မင်းကြီးသည် ရေနံချောင်းမင်းကြီး၏ အကြံကို သဘောမတူပေ။ ကင်းဝန်မင်းကြီးသည် နန်းတွင်း ပြု ပြင်ပြောင်းလဲရေးကို လိုလားသော အုပ်စုများ၏ ခေါင်းဆောင်ဖြစ်သဖြင့် အုပ်စုတောင့်သည်ဟု ဆိုရမည်။ ထိုပြင် ဆင်ဖြူ မရှင် မိဖုရားကြီး၏ လူယုံတော် လည်း ဖြစ်သဖြင့် ရေနံချောင်းမင်းကြီးကို အံတု နိုင်သူ တဦး ဖြစ်လေသည်။ ကင်းဝန်မင်းကြီးသည် ဥရောပ ကို လည်ပတ်ခဲ့သူ တဦးဖြစ်ရာ မြန်မာ့အင်ပါယာ နှင့် ယှဉ်လျှင် တိုးတက်မူ အလွန်နောက်ကျ ခဲ့နေသည်ကို မျက်မြင်ကိုယ်တွေ့ ခဲ့ရာသဖြင့် နန်းတော် ပြန်ရောက်ချိန်တွင် ခေတ်ပညာတတ် လူငယ်အရာရှိ များစွာ ကို နန်းတော် ထဲရှိ အရေးပါသော ရာထူးများတွင် ခန့်အပ်ခဲ့လေသည်။ 

ထိုအရာရှိငယ်များသည် ၁၈၆၀ နှစ်ကာလတွင် ရာထူးစယူလာခဲ့ရာ မင်းတုန်းမင်း နာမကျန်း ချိန်သည် ၁၈၇၇ ခုနှစ် ဖြစ်ရာ ထိုနှစ်တွင် ရာထူးကြီးသော အမတ်များ၊ အရာရှိ များဖြစ်နေပြီဖြစ်လေသည်။ ထိုကြောင့် ကင်းဝန်မင်းကြီးသည် လွှတ်တော်တွင် ထောက်ခံမူအရဆုံးသော ၀န်ရှင်တော်တဦးဖြစ်နေလေ၏။ ရေနံချောင်းမင်းကြီး နှင့် ကွဲခြားသော အချက်မှာ ရေနံချောင်းမင်းကြီးသည် စစ်ဗိုလ်ချူ ပ်များ နှင့် အမျိုးသာ တော်ပြီး အောက်ချေ ဗိုလ်မှူးများ၊ တပ်မှူးများ နှင့် ဆက်ဆံရေး သိပ်မရှိလှပေ။ 

ကင်းဝန်မင်းကြီး မှာမူ စစ်မူထမ်းခဲ့ဖူးသဖြင့် အောက်ချေ ဗိုလ်မှူးများ သွေးသောက်ကြီး များ၏ ရင်ထဲမှ လေးစားမူကို ခံရပြီး ကင်းဝန်မင်းကြီးမှ တောင်းဆိုလျှင် ထောက်ခံအားပေးမည်သူများစွာ ရှိနေပြန်လေသည်။ ရေနံချောင်းမင်းကြီး ၏ အဆိုပြု ချက်သည် စည်းမျဉ်းခံဘုရင်စနစ်ကို ဖော်ဆောင်နိုင်သော်လည်း ရေနံချောင်းမင်းကြီး တို့ အပေါင်းအပါများက အာဏာယူထားမည် ဖြစ်သဖြင့် ခေတ်ဟောင်း စနစ်အတိုင်းသာ ဖြစ်နေမည် ဖြစ်သဖြင့် ကင်းဝန်မင်းကြီးတို့မှ သဘောမတူခဲ့ပေ။ 

ထိုကြောင့် မင်းတုန်းမင်း နာမကျန်း ဖြစ်နေချိန်တွင် လွှတ်တော်အတွင်း ၀န်ရှင်တော်မင်း များ၏ အားပြိုင်မူ ကြီးထွားလာလေသည်။ ထိုသို့ အားပြိုင်မူမှသည် ၁၈၇၈ ခုနှစ် နန်းတွင်း အာဏာသိမ်းမူတရပ် ဖြစ်ပွားခဲ့လေသည်။ 
Share:

No comments:

Post a Comment