ပန်းတိမ်းမင်းသား အရေးတော်ပုံ

မြင်းခုံတိုင်မင်းသား၏ ပုန်ကန်မူကြောင့် ရတနာပုံနေပြည်တော်တခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားကြကုန်၏။ ထိုထဲတွင် ကနောင်မင်းသား၏ သားတော်ဖြစ်သော ပန်းတိမ်းမင်းသားသည် ဖခမည်းတော် အသတ်ခံရကြောင်း သတင်းရသည်နှင့် မိမိ နှင့် ညီတော်များ ပစ်မှတ်ဖြစ်မည်ကို စိုးရိမ်သဖြင့် ရတနာပုံနေပြည်တော်မှ ရှောင်ထွက်လာခဲ့လေသည်။ ပန်းတိမ်းမင်းသားနှင့်အတူ ညီတော်ဖြစ်သော ကြယ်မြင့်မင်းသား၊ တိုင်တားမင်းသား၊ တော်စဉ်မင်းသား နှင့် ရွာသာမင်းသား တို့  အပါအ၀င် တခြားသော ကနောင်မင်းသား၏ မိသားစု များဖြင့် နေပြည်တော်မှ ထွက်တော်မူခဲ့ကြလေသည်။
ရွှေဘိုမြို့ သို့ သွားရောက်ရာတွင် ရွှေဘိုမြို့ စားမှ မင်းသားများနှင့် အရွေအရံများစွာ ကို တွေ့သဖြင့် မြို့ တံခါး မဖွင့်ပေးဘဲနေလေ၏။ သို့သော် ရွှေဘိုမြို့ သားများသည် ကနောင်မင်းသားကို ထောက်ခံသူအများစု ဖြစ်ကြသဖြင့် ကနောင်မင်းသား နတ်ရွာစံသော သတင်းကြားရသောအခါ အလွန်ဒေါသအမျက်ထွက်ကြပြီး ကနောင်မင်းသား၏ သားတော်ဖြစ်သော ပန်းတိမ်းမင်းသားကို ထောက်ခံကြကာ မြို့ ခံလူထုမှ ကူညီသဖြင့် ရွှေဘိုမြို့ စား ၏ ရုံးတော်ကို ၀င်စီးနိုင်ပြီး မြို့ ကို သိမ်းပိုက်နိုင်ကြလေသည်။

ထိုအချိန်တွင် မင်းတုန်းမင်းသည် နေပြည်တော်တွင် ကနောင်မင်းသားကြီး၏ ဈာပနာပွဲ ပြုလုပ်နေပြီး ပန်းတိမ်းမင်းသား၏ မြို့ သိမ်းသော သတင်းကိုကြားသိသော်လည်း ချက်ခြင်း အရေးမယူသေးဘဲ မလွန်တွင်ခံနေသော မြင်းခုံတိုင်တို့ အဖွဲ့ကို နိုင်အောင် အရင်တိုက်စေလေ၏။ ပန်းတိမ်းမင်းသားသည် ကောလဟလ များကိုသာ ကြားသိနေရ၏။ နန်းတော်ကို မြင်းခုံတိုင်တို့ သိမ်းပိုက်လိုက်ပြီ၊မင်းတုန်းမင်းလည်း ထောင်နန်းစံ နေရပြီ အစရှိသဖြင့် ကြားသိနေရသဖြင့် ဘေးက အကြံပေးများအတိုင်း အချိန်မဖြန်းဘဲ လူသူလက်နက်များစွာကို စုဆောင်းနေလေသည်။ 

ရတနာပုံနေပြည်တော်တွင် အခြေအနေအရပ်ရပ် ငြိမ်သက်သွားသည့်အခါတွင် မင်းတုန်းမင်းမှ ပန်းတိမ်းမင်းသားထံ စာချွန်လွှာတစောင်ပို့ပြီး မိမိသည် ကျန်းမာလျက်ရှိကြောင်း၊ ယခုလာပါက မင်းဒဏ်သင့်မည် မဟုတ် အစရှိသည့် စာကို ပို့လိုက်လေ၏။ သို့သော် ပန်းတိမ်းမင်းသား၏ အကြံပေးများက တော်လှန်ရန် အကြံပေးကြလေ၏။ မင်းတုန်းမင်းတွင် ထက်မြက်သော လက်ရုံးများမရှိတော့ကြောင်း၊ ထို့တွင်မက ယခု နေပြည်တော်တွင်စံနေသည်မှာ မင်းတုန်းမင်း အစစ် ဟုတ်ချင်မှ ဟုတ်မည်၊ မြင်းခုံတိုင်၏ လှည့်ကွက်လည်း ဖြစ်နိုင်သည် အစရှိသဖြင့် အကြံများ ပေးကြသဖြင့် ပန်းတိမ်းမင်းသားသည် လူငယ်ပီပီ တော်လှန်တိုက်ခိုက်ရန်သာ ရွေးချယ်လိုက်လေတော့၏။ 

ပန်းတိမ်းမင်းသားသည် အစပိုင်းတွင် အလွန်အရေးသာသည့်အနေအထားရခဲ့လေသည်။ ထိုပြင် စစ်သည်ရဲမက် ၅ ထောင်ကျော်ကို အုပ်စိုးရသော ဒီပဲယင်းမြို့ ဝန် မှ လာရောက်ပူပေါင်းသဖြင့် မိမိ၏ အင်အားသည် ယခင်ထက် ပိုမိုများပြားလာ၏။ ပန်းတိမ်းမင်းသားသည် လပိုင်းအတွင်းတွင် ရတနာပုံနေပြည်တော်ကို ၀ိုင်းရံနိုင်ခဲ့လေသည်။ မင်းတုန်းမင်းသည် နောက်ထပ် သွေးထွက်သံယို မတွေ့လိုတော့သဖြင့် လက်နက်ချကာ အရူံးပေးတော့မည်ဟု မိမိ၏ မိဖုရားခေါင်ကြီးထံ တိုင်ပင်လေ၏။ မိဖုရားခေါင်ကြီးမှ စိတ်ဓါတ်ခိုင်မာစွာဖြင့် ဆက်လက် တိုက်ပွဲဝင်မည်ဆိုပါက နန်းစွန့်ရန်သေး မရှိဟု ဗေဒင်နက္ခတ်တွက်ကာ အကြံပေးသဖြင့် မင်းတုန်းမင်းမှ ဆက်လက်တိုက်ရန် ဆုံးဖြတ်ခဲ့လေသည်။

မင်းတုန်းမင်းမှ ရှမ်းပြည်စော်ဘွားတဦးဖြစ်သော ညောင်ရွှေစော်ဘွားထံ စစ်ကူရန် စာချွန်တော်ပို့လေ၏။ ညောင်ရွှေစော်ဘွားသည် သစ္စာရှိသူဖြစ်သဖြင့် ရှမ်းစစ်တပ်အင်အား ၁ သောင်း ၂ ထောင်ဖြင့် ကြည်းကြောင်း၊ ရေကြောင်း ပို့လွှတ်လိုက်လေသည်။ နောက်ဆုံး အားထုတ်မူအဖြစ် ရဟန်းတော်များအဖွဲ့မှ ငြိမ်းချမ်းရေး အဖြစ် သွားရောက် ဆွေးနွေးသေးသည်။ သို့သော် မအောင်မြင်သဖြင့် ညောင်ရမ်းမင်းသား၊ မက္ခရာမင်းသား များ၏ ဦးဆောင်ကာ ရဲမက်အင်အား ၂ သောင်း ဖြင့် ပန်းတိမ်းမင်းသား၏ တပ်များကို တိုက်ခိုက်လေတော့သည်။ 

ရှမ်းစစ်တပ်တွင် ဆင်တပ်များ ပါသဖြင့် ပန်းတိမ်းမင်းသားတို့၏ တပ်များ မယှဉ်နိုင်ဘဲအရေးနိမ့်လေသည်။ တပ်များ ဆုတ်ခွာချိန်တွင် မင်းတုန်းမင်း၏ တပ်များမှ အမြှောက်များဖြင့် ဆက်တိုက်ပစ်သဖြင့် ပန်းတိမ်းမင်းသား၏ တပ်သား များစွာ ကျဆုံးရလေ၏။ ပန်းတိမ်းမင်းသားလည်း အရေးနိမ့်သဖြင့် ကျောက်မြောင်းဘက်သို့ ထွက်ပြေးရလေ၏။ နောက်ဆုံးတွင် ဖမ်းမိပြီး မင်းတုန်းမင်းမှ ကနောင်မင်းသား၏ သားတော် ဖြစ်သဖြင့် ရွှေတိုက်တော်တွင် အကျဉ်းထားလေ၏။

သေဒဏ် မပေးလိုသော်လည်း မှူးမတ်များမှ ထိုသို့ မပေးလျှင် နောက်ထပ် ပုန်ကန်မူများ ထပ်လုပ်လာမည်ဖြစ်သဖြင့် ပေးပါရန် လျှောက်ထားကြသဖြင့် သေဒဏ်ချမှတ်လိုက်လေသည်။ သေဒဏ်ပေးခံရပြီး ကွပ်မက်ခံရမည့်နေ့တွင် ကနောင်မင်းသား၏ သမီးတော်များမှ ငိုယိုကာ အသနားတော်ခံသဖြင့် မင်းတုန်းမင်းမှ လွှတ်စေ ဟု အမိန့်တော်ချလေ၏။ သို့သော် အမိန့်တော်ရောက်ချိန်တွင် ပန်းတိမ်းမင်းသား အား ကွပ်မက်ပြီး ဖြစ်နေပြီး တခြား မင်းသားများမှာမူ လွှတ်မြောက်လေသည်။ 

ကနောင်မင်းသားကြီးသည် မိဖုရား ၁၀ ဦး ရှိပြီး သားတော်သမီးတော် စုစုပေါင်း ၁၄၄ ဦး ရှိလေသည်။ မင်းတုန်းမင်းသည် အရေးတော်ပုံကြီး ၂ ခု ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း အုပ်ချူ ပ်ရေးဘက်သို့ အာရုံမစိုက်တော့ဘဲ ဘာသာရေးဘက်သို့ ပိုမိုအာရုံစိုက်နေလေတော့၏။ ထိုပြင် နောက်ထပ် ယခုလို အဖြစ်မျိုးမဖြစ်ပွားရန်အတွက် မင်းသားများထံ မည့်သည့် မှူးမတ်များမှ ၀င်ရောက်ခစားခြင်း မပြုရန် အမိန့်ထုတ်လေ၏။ နိုင်ငံတ၀ှမ်းရှိ လက်နက်အားလုံးကို သိမ်းလိုက်ပြီး သက်ဆိုင်ရာမြို့ ဝန်များမှ ထိုလက်နက်များကို တိုက်ရိုက် တာဝန်ယူ ထိန်းသိမ်းစေလေ၏။ ကနောင်မင်းသားကဲ့သို့ အဖြစ်ဆိုးမျိုးမဖြစ်စေလိုသဖြင့် မည်သည့်မင်းသားကိုမှ အိမ်ရှေ့စံမပေးတော့ပေ။ 

မင်းတုန်းမင်းကြီးတွင် အားကိုးရသော အဓိက အကြံပေးသူနှစ်ဦး ရှိ၏။ ကနောင်မင်းသားနှင့် မိဖုရားခေါင်ကြီး စကြာဒေ၀ီ ဖြစ်လေသည်။ စကြာဒေ၀ီ နတ်ရွာစံပြီး နောက်ပိုင်းတွင် မင်းတုန်းမင်းသည် စိတ်ဓါတ်ပိုမို ကျဆင်းသည့် သသွင် ရှိဟန်တူ၏။ စကြာဒေ၀ီ နတ်ရွာစံပြီး ၂ နှစ်အကြာတွင် မင်းတုန်းမင်းလည်း ကံကုန်တော်မူလေသည်။ စကြာဒေ၀ီ နတ်ရွာစံပြီးနောက်တွင် ဆင်ဖြူမရှင်မိဖုရားနှင့် အပေါင်းအပါ တို့သည် နန်းတွင်းအာဏာကို စတင် ခြယ်လှယ်လာကြလေရာ အိမ်ရှေ့စံမင်းသား မရွေးခဲ့သည်ကို အခွင့်ကောင်းယူပြီး မိမိတို့ တင်လိုသော မင်းသား ဖြစ်သည့် သီပေါမင်းသားကို ထီးနန်းတင်ရန် ကြိုးပမ်းခဲ့ကြလေသည်။ 
Share:

No comments:

Post a Comment