ကနောင်မင်းသားကြီး ၏ ကြိုးပမ်းချက်

ကနောင်မင်းသားကြီးသည် ထိုခေတ်က မြန်မာပြည် (သို့) ကုန်းဘောင်အင်ပါယာကို တိုးတက်အောင် ပြု လုပ်နိုင်ရန် မွေးဖွားလာသူတဦး ဆိုလျှင် မမှားချေ။ ခေတ်အဆက်ဆက် မှ ရှေးရိုးစွဲဝါဒ ဖြင့် အုပ်ချု ပ်ခဲ့မူကြောင့် ကုန်းဘောင်အင်ပါယာ၏ အောက်ပြည်နယ်များ လက်လွတ်လိုက်ရသည့်အပြင် အင်္ဂလိပ်ဘက်က စာချူ ပ်များ ကြောင့် စစ်ရူံးစရိတ်များကိုလည်း ပြည်သူအပေါင်းတို့၏ အခွန်များမှ ပေးအပ်နေရချိန်ဖြစ်၏။ ကနောင်မင်းသားသည် ထိုအခက်အခဲများစွာကို နားလည်သဘောပေါက်သူဖြစ်ပြီး အမြှော်အမြင်လည်း ကြီးမား သူဖြစ်သည်။ ၁၈၅၄ ခုနှစ်တွင်မင်းတုန်းမင်းမှ ရတနာပုံနေပြည်တော် နန်းတော်အသစ် တွင် ဥကင်တော်ဖွင့်ပြီး ဘုရင်အဖြစ် ဘိသိတ်ခံလေသည်။ မင်းတုန်းမင်းမှ နန်းတက်ပွဲ ကျင်းပသော နေ့တွင် တိုင်းပြည်ရှေ့ရှေးအတွက်အလွန်အရေးပါသော (ယခုခေတ်အခေါ် ကော်မတီ တခု) ကနောင်မင်းသားမှ ဦးဆောင် ဖွဲ့ ခဲ့လေသည်။



ထိုအဖွဲ့ ၏ စီမံကိန်း သည် နိုင်ငံခြားသို့ ပညာတော်သင် စေလွှတ်ခြင်း၊ နိုင်ငံခြားမှ ပညာရှင်များကို နေပြည်တော်သို့ ခေါ်ယူခြင်း၊ စက်ကိရိယာများကို နိုင်ငံခြားမှ မှာယူခြင်း၊ ဘုရင့်တပ်တော် အင်အား တောင့်တင်းပြီး ခေတ်မှီလက်နက်များကို ပြည်တွင်းမှ ထုတ်လုပ်နိုင်ရန် လုပ်ဆောင်ခြင်း၊ ဆက်သွယ်ရေး ကောင်းမွန်စေရန် ကြေးနန်း စနစ် ထူထောင် ခြင်းများကို စနစ်တကျ အဖွဲ့ ဖွဲ့ကာ စီမံကိန်းချခဲ့လေ၏။

ထိုစီမံကိန်းကို မင်းတုန်းမင်းမှ သဘောကျ ခွင့်ပြု ခဲ့ပြီး ကနောင်မင်းသားသည်  ရွှေပြည်ဝန်ကြိး ဦးဘိုးလိုင်ကို ခေါင်းဆောင် ခန့်ကာ စနစ်တကျ အကောင်အထည် ဖော်ခဲ့လေ၏။ ကနောင်မင်းသား သည် ဥရောပ နိုင်ငံရေးနှင့် ဗြိတိသျှ အရေးများကို သိရှိစေရန် အင်္ဂလိပ် သတင်းစာများကို မှာယူ ခဲ့ပြီး ဘာသာပြန်ကာ အစဉ်တစိုက် အင်္ဂလိပ်များ နှင့် ဥရောပ နိုင်ငံရေးများကို မျက်ခြေမပြတ် လေ့လာခဲ့၏။

ကနောင်မင်းသား၏ ခေတ်မီတိုးတက်အောင် စွမ်းဆောင်ချက်များသည် အဆင့်မြင့်လှ၏။ ပညာတော်သင်ပြန် များ နှင့် အတူတကွ ကြိုးပမ်းကြသဖြင့် ထိုခေတ်က ဆက်သွယ်ရေးမှာ အလွန်လွယ်ကူလာတော့သည်။ ဦးဘိုးလိုင်မှ မြန်မာအက္ခရာနှင့် ကြေးနန်းရိုက်နည်းကို တီထွင်နိုင်သဖြင့် ရတနာပုံနေပြည်တော်မှ အောက် သရက်မြို့  နှင့် အထက် ဗန်းမော် အထိ ကြေးနန်းဖြင့် အလွယ်တကူ ဆက်သွယ်နိုင်လေ၏။

ထိုပြင် မန္တလေးသင်္ဘောကျင်းတွင်လည်း သဘောင်္များကို တည်ဆောက်နိုင်ခဲ့ပြီး မန္တလေးဆရာရှမ်းမှ စစ်ဘက်သုံး တိုက်သင်္ဘောတစင်းကို အလုပ်သမား ၅၀၀ ဖြင့် ၅ လအတွင်း ဆောက်လုပ်နိုင်ခဲ့ပြီး ကနောင်မင်းသား မှ အခမ်းအနားဖြင့် ခင်းကျင်း ပြသခဲ့လေ၏။ ထို သင်္ဘောကျင်းသည် သီပေါမင်း ပါတော်မူသည် အထိ သင်္ဘောပေါင်း ၁၈ စင်း ဆောက်လုပ်နိုင်ခဲ့လေသည်။

ကနောင်မင်းသား၏ ကြိုးပမ်းချက်ကြောင့် ထိုခေတ်က ဗြိတိသျှ များ ရေလမ်းမှ မလာနိုင်အောင် ရေမြှု ပ်ဗုံး စမ်းသပ်ရေးမှာ အောင်မြင်ခဲ့လေသည်။ ကနောင်မင်းသားသည် ၁၈၆၃ ခုနှစ်တွင် တီထွင်နိုင်ခဲ့ခြင်းဖြစ်လေ၏။ ရတနာပုံနေပြည်တော်၏ မလှမ်းမကမ်းတွင် ရှိသော အောင်ပင်လယ်ကန်အောက်တွင် ဗုံးများကို သေချာ မြှုပ်ထားစေပြီး ထိုဗုံးရှိရာ သို့ လှေကြီးတခု ကို လွှတ်စေလေ၏။ ထိုလှေကြီးသည် ဗုံးကို ထိမိသည်နှင့် ကြီးမားသေ ပေါက်ကွဲမူကြီးဖြစ်ကာ ကွဲအက်ပျက်စီးသွားရလေတော့သည်။ ထိုစမ်းသပ်ချက် အောင်မြင်သည့်အတွက် ကနောင်မင်းသား နှင့် ဦးဘိုးလိုင်တို့မှာ ပျော်မဆုံး ဖြစ်ရလေသည်။

ကုန်းဘောင်သမိုင်းတွင် ပထမဆုံး အောင်မြင်စွာ ပြုလုပ်နိုင်သော တီထွင်မူဖြစ်သည့်အပြင် ဗြိတိသျှ များ ၏ ကျူးကျော်မူများကို ကာကွယ်နိုင်တော့မည်ဖြစ်သဖြင့် ကနောင်မင်းသားသည် ပျော်မဆုံး ဖြစ်ခဲ့ရလေ၏။ သို့သော် ထို ပျော်ရွှင်မူ များသည် နောင်တော် မင်းတုန်းမင်း အား ၀င်ခစားချိန်တွင် ပျောက်ကွယ်သွားခဲ့ရလေသည်။ မှတ်တမ်းများအရ ကနောင်မင်းသား သည် နေ့စဉ်လိုလို သေနတ်၊ဗုံး စမ်းသပ်လေ့ရှိပြီး နေပြည်တော် တွင် သေနတ်သံ၊ အမြှောက်သံ မကြားရသည့်နေ့ သည် မရှိဟုဆိုလေ၏။

မြင်းကွန်းမင်းသား

ထိုနေ့က နန်းတော်တွင် မင်းတုန်းမင်းမှ သာသနာပိုင်ဆရာတော်များကို ဆွမ်းပင့်ဖိတ်ကာ အလှူ ပြုနေချိန်ဖြစ်၏။ ကနောင်မင်းသား စမ်းသပ်သော ရေမြှုပ်ဗုံးသည် ယခင်ထက် အဆမတန် ကျယ်လောင်သဖြင့် ဆွမ်းစားနေသော သာသနာပိုင်ဆရာတော်ကြီးမှ ဆွမ်းများကို ဆက်လက် မဘုဉ်းပေးနိုင်တော့ဘဲ ကျောင်းသို့ ပြန်လည်ကြွမြန်းကြကုန်လေ၏။

ထိုအကြောင်းကြောင့် မင်းတုန်းမင်းသည် စိတ်မသာမယာဖြစ်နေသဖြင့် ကနောင်မင်းသားလည်း အလိုက်သိစွာဖြင့် စမ်းသပ်မူများကို လျော့လေ၏။ ရပ်တန့်သွားခြင်းတော့မရှိပေ။ မင်းတုန်းမင်းဘက်မှ လိုလိုလားလား ထောက်ခံမူ ကျဆင်းလာရာ လွှတ်တော်ရှိ ရှေးရိုးဝါဒီဝန်မင်းများလည်း အခွင့်ကောင်းယူပြီး မိမိတို့ နိုင်ရာ ယောအတွင်းဝန်တို့ကို အမျိုးမျိုးစွပ်စွဲ တိုက်ခိုက်ပြီး မိမိတို့ အာဏာရရေးအတွက် မိုက်မဲစွာဖြင့် လက်နက်စက်ရုံ လည်ပတ်မူ ကျဆင်းရန် ကြိုးပမ်းခဲ့ကြလေ၏။

ကနောင်မင်းသားသည်လည်း ထိုခေတ်က နန်းတွင်းနိုင်ငံရေး၏ ယုတ်မာမူများကို ကောင်းစွာနားလည်သူဖြစ်သဖြင့် ညီအကိုအရင်းဖြစ်သော်လည်း မင်းတုန်းမင်း အမျက်တော် မရှစေရန် သတိထားနေထိုင်နေရလေ၏။ ကနောင်မင်းသားအား အိမ်ရှေ့စံအဖြစ် ပေးသည်ကို နားမလည်နိုင်သော မင်းတုန်းမင်း၏ သားတော်များစွာရှိလေသည်။ ထိုထဲတွင် စရိုက်ကြမ်းသော လူမိုက်ကဲ့သို့ ပြုမူနေထိုင်သော မြင်းကွန်းမင်းသား သည် အဆိုးဆုံးဟု ဆိုရမည်ဖြစ်၏။

မြင်းကွန်းမင်းသားသည် ကနောင်မင်းသား ကို အပြတ်ရှင်းလိုပြီး ထီးနန်းကို သိမ်းပိုက်ကာ မင်းစည်းစိမ်ကို ခံစားလို၏။ ထိုကြောင့် အခွင့်အရေးကောင်းကို စောင့်နေလေသည်။ မင်းတုန်းမင်းသည် ကိန်းခန်းအရ နန်းတော် အပြင်တွင် ယာတီတဲနန်းဆောက်ကာ နေထိုင်လေသည်။ ထိုအခွင့်အရေးကို မြင်းကွန်းမင်းသားမှ လက်မလွတ်ဘဲ လုပ်ကြံရန် စီစဉ်လေတော့သည်။

ထိုနေ့ကား ၁၈၆၆၊ သြဂုတ် ၂ ရက်နေ့ ..ကနောင်မင်းသားသည် ယာယီလွှတ်တော်တွင် မြတောင်ဝန်ကြီး ဦးမို၊ ပခန်းဝန်ကြီး ဦးရန်ဝေး စသည့် ၀န်မင်း များဖြင့် အစည်းအဝေးတက်နေချိန်ဖြစ်သည်။မြင်းကွန်းမင်းသားသည် စီစဉ်ထားသည့်အတိုင်း ယာယီလွှတ်တော်ဝန်းထဲသို့ မြင်းခုံတိုင်မင်းသားအား ဓားဖြင့် လိုက်ခုတ်လေ၏။ မင်းသား ၂ ပါး ရန်ဖြစ်နေသည်ကို အဝေးမှ မြင်သော် ယာယီလွှတ်တော်မှ ကနောင်မင်းသားကြီး နှင့် ၀န်မင်းမှ ဆင်းလာကြပြီး မြတောင်ဝန်ကြီး မှ တားရန် ရှေ့သို့ ထိတ်ထိတ်ပျာပျာ သွားရာ မြင်းကွန်းမင်းသားမှ ဓားဖြင့် ခုတ်ချလေ၏။

ထိုအခါ သူရဲဝန်ဦးရွှေလုံးမှ ကနောင်မင်းသားအား ပြေးရန် လှမ်းအော်၏။ သို့သော်လည်း အချိန်မမှီလိုက်ပေ  မြင်းကွန်းမင်းသား၏ လူများသည် ယာယီလွှတ်တော်သို့ ၀င်ရောက်စီးနင်းနိုင်ပြီး ကနောင်မင်းသားလည်း မြင်းကွန်းမင်သား ၏ ဓားခုတ်ဒဏ်ကြောင့် ကံကုန်တော်မူလေသည်။ကံကုန်ချိန်တွင် သက်တော် ၄၇ သာ ရှိသေး၏။  (ထိုခေတ်က လွှတ်တော်ဝန်းအတွင်း မည်သူမျှ ဓားလက်နက် ကိုင်ဆောင်ခွင့်မရ၊ ကိုယ်ရံတော်များသည်လည်း လွှတ်တော်အတွင်း ၀င်ခွင့်မရပေ)။ထိုအချိန်လွှတ်တော်တက်ရန် ရောက်လာသော မလွန်မင်းသား၊ပြင်စည်မင်းသား နှင့် စကုမင်းသား တို့လည်း ခုတ်သတ်ခံရလေ၏။ ဦးဘိုးလိုင်မှာမူ အမျက်တော်ရှခံရပြီး နယ်နှင်ဒဏ်ခံနေရသဖြင့် အသက်ဘေးမှ လွတ်မြောက်သွားခြင်းဖြစ်လေ၏။

ကနောင်မင်းသားသည် ကုန်းဘောင်အင်ပါယာကြီး ဟုဆိုရမည် အိမ်ကြီးကို ကျားကန်ပေးထားသည့် တိုင် တတိုင် ကဲ့သို့ ဖြစ်လေသည်။ အိမ်တိုင်ပြိုလဲသော် အိမ်ကြီးလည်း မခိုင်ခံ့တော့ပေ။ မင်းတုန်းမင်းသည် မိမိ ယုံကြည်အားထားရသော ညီတော် သည် အရေးတော်ပုံအတွင်း ကံကုန်သွားခဲ့ရသဖြင့် အလွန် စိတ်မကောင်းဖြစ်ပြီး သားတော်များကိုလည်း မယုံတော့ပေ။ ထို့ကြောင့် မိမိနတ်ရွာစံသည်အထိ မည်သူ့ကိုမှ အိမ်ရှေ့စံ မပေးခဲ့ပေ။ (မြင်းကွန်းအရေးတော်ပုံ အသေးစိတ်ကို နောင် မင်းတုန်းမင်း အကြောင်းတွင် ရေးသားတင်ပြပါမည်)။




Share:

No comments:

Post a Comment