မြင်းခုံတိုင်အရေးတော်ပုံ

မင်းတုန်းမင်းသည် ကုန်းဘောင်ဘုရင့်သမိုင်းတွင် ဘိုးတော်ဘုရားပြီးလျှင် မိန်းမအများဆုံး ဘုရင်ဖြစ်သည်။ မိဖုရားများပြားရခြင်းအကြောင်းအရင်း နောက်တခုမှာ အနယ်နယ်အရပ်ရပ်က မြို့ စားများ၊ စော်ဘွားများမှ သမီးတော် များကို အဆက်မပြတ် ဆက်သခြင်း ဖြစ်သည်။ မင်းတုန်းမင်းသည်လည်း လက်ခံသဖြင့် နောက်ပိုင်း သမီးတော်များကို ပိုမိုဆက်သ ကြကာ မင်းတုန်းမင်းတွင် မိဖုရားပေါင်း ၄၉ ပါးရှိလေသည်။ ထိုသို့ မိဖုရား များသဖြင့် သားတော်များလည်း များစွာ ထွန်းကားသည်။ မှတ်တမ်းအရ သားတော်ပေါင်း ၅၄ ပါး ရှိလေ၏။ ထိုထဲတွင် မက္ခရာမင်းသား ကဲ့သို့ ထက်မြက်သော သားတော်များ ရှိသလို၊ မြင်းကွန်းကဲ့သို့ ယုတ်မာသော မင်းသား နှင့် သီပေါမင်းသား ကဲ့သို့ အေးအေးဆေးဆေး နေသော မင်းသား များလည်း ရှိသည်။


မင်းတုန်းမင်းနှင့် ကနောင်မင်းသား တို့မှ နယ်ချဲ့  ရန်ကို ကာကွယ်ရန်နှင့် တိုင်းပြည်တိုးတက်အောင် ကြိုးပမ်း နေစဉ် နန်းတော်အတွင်းတွင် အုပ်စုကြီး နှစ်စုသည် မြန်မာသမိုင်းကို တမျိုးတဖုံ ဖြစ်အောင် ပြောင်းလဲ ဖို့ ကြိုးစားနေသည်ကို မည်သူမှ သတိမမူခဲ့ပေ။ ပထမ တစုမှာ ကနောင်မင်းသား ကို လုပ်ကြံကာ ထီးနန်း လုယူရန် ကြိုးစားနေသော မြင်းကွန်းမင်းသား နှင့် ဒုတိယ တစုမှာ လွှတ်တော် နှင့် အုပ်ချူ ပ်ရေး အာဏာ ကို တပ်မက်နေသော ဆင်ဖြူ မရှင်မိဖုရားကြီး ဖြစ်သည်။

ဆင်ဖြူ မရှင်မိဖုရားကြီးသည် နန်းမတော်မယ်နု ၏ သမီးတော်ဖြစ်ပြီး နန်းမတော်မယ်နု အရေးအခင်းတွင် စကြာဒေ၀ီမိဖုရားခေါင်ကြီးမှ သနားကာ သာယာဝတီမင်းကြီး ထံမှ ကယ်တင်ထားခြင်းဖြစ်၏။ ဆင်ဖြူ မရှင်မိဖုရားကြီးသည် မင်းတုန်းမင်း၏ အလယ်နန်းမတော်မိဖုရား ဖြစ်ပြီး မိခင်ကဲ့သို့ ထက်မြက်ပြီး မင်းလိုလိုက် မင်းကြိုက်ဆောင် တတ်ကာ အလယ်နန်းမတော်မိဖုရား ရာထူး ရသည့်နေမှ စပြီး တဖြည်းဖြည်းချင်း မိမိ၏ အာဏာ ကို လူမသိသူမသိ တည်ဆောက်နေလေ၏။

၁၈၆၆ ၊၈လ ၊ ၂ ရက်နေ့ တွင် မည်သူမှ မထင်မှတ်ထားသော ပုန်ကန်မူတခု ဖြစ်ပွားခဲ့လေ၏။ မြင်းကွန်းမင်းသားတို့ ပုန်ကန်မူဖြစ်သည်။ ထိုပုန်ကန်မူ မဖြစ်ခင် မင်းသားတချို့  ပုန်ကန်မည့် သတင်းကို ကနောင်မင်းသား မှ သိထား၏။ သို့သော် ကနောင်မင်းသားမှ မဖြစ်နိုင်ဟု တွက်ကာ ထို သတင်းကို ပေါ့ပေါ့တန်တန် ထားလေ၏။ ထိုနေ့ နေ့လည် တွင် ကနောင်မင်းသားနှင့် မှူးမတ်တချို့  တို့မှ ယာယီလွှတ်တော်တွင် တိုင်းပြည်အရေးကိစ္စများ ကို ဆွေးနွေး နေစဉ် မြင်းကွန်း မင်းသားနှင့် မြင်းခုံတိုင် မင်းသားတို့ လူပေါင်း ၅၀ ကျော်ကို ဦးဆောင်ကာ ယာယီလွှတ်တော်ရှိရာသို့ အပြင်းဝင်လာကြ၏။

အစောင့်ရဲမက်တို့မှ ပြန်လည်မခုခံနိုင်ဖြစ်နေပြီး ယာယီလွှတ်တော်ရှိ ကနောင်မင်းသားနှင့် မှူးမတ်ဝန်ကြီး တို့လည်း ခုခံရန် အရေးမသာသဖြင့်  ရှောင်ဖို့ ယာယီလွှတ်တော်မှဆင်းလာစဉ် ပုန်းနေသော မြင်းခုံတိုင် တို့၏ လူယုံ ငဖြူ မှ ဓားဖြင့် လှမ်းခုတ်သဖြင့် ကနောင်မင်းသား၏ ပေါင်တံ ထိကာ မပြေးနိုင်ဖြစ်နေစဉ် မြင်းခံတိုင်မင်းသား မှ ဦးခေါင်းတော်ကို လှမ်းခုတ်ရာ မြေခ လေ၏။

ထိုပြင်လွှတ်တော် အစည်းအဝေးသို့ လာနေသော မလွန်မင်းသား၊ ပြင်စည်မင်းသား၊ စကုမင်းသား တို့လည်း အသတ်ခံရလေသည်။ ထိုသို့ ရုတ်ရုတ်ဖြစ်နေစဉ် မင်းတုန်းမင်းသည် မိမိ၏ ယာယီနန်းဆောင်တဲတွင် စားတော်ခေါ် ရန် ပြင်ဆင်နေလေ၏။ လွှတ်တော်ကို သူပုန်များ စီးနင်းကြောင်း သိရသည်နှင့် ကင်းဝန်မဟာမင်းလှဇေယသူ မှ မင်းတုန်းမင်းကို အနောက်တံခါးမှ ချက်ခြင်း ခေါ်ထွက်သွားလေ၏။ ထိုနောက် မင်းတုန်းမင်းကို နန်းတော်သို့ အမြန်သွားရန် လျှောက်ပြီး မိမိမှာမူ မြင်းကွန်းတို့ကို အနောက်တံခါးတွင် အပြင်းအထန် ခုခံကာ ထိုနေရာတွင် ဆုံးလေ၏။

ဖြစ်ပျက်သည်များသည် အလွန်မြန်ဆန်သဖြင့် ကိုယ်ရံတော်တပ် များကိုပင် မခေါ်နိုင်ဘဲ မင်းတုန်းမင်းမှာ မိမိ၏ အနားတွင်ခစားနေသော အပျို တော်ထိန်း နှင့် နှစ်ဦးသာ နန်းတော်သို့ ပြေးရလေ၏။ ထိုစဉ် လမ်းခုလတ် တွင် မင်းတရားကြီးကို လုပ်ကြံရန် တာဝန်ကျနေသူ ငပိုက်ကြီး နှင့်တွေ့လေ၏။ ငပိုက်ကြီးသည် ဘုရင်ကို မြင်လျှင် ကြောက်ရွံစိတ်ဝင်ကာ မလုပ်ကြံဝံ့ဘဲ ဖြစ်နေစဉ် မင်းတုန်းမင်းမှ ဟဲ့ကောင် ငါ့ကိုယ်တော်ကို အချီတော် ဆက်စမ်း ဟု အမိန့်ပေးရာ ငပိုက်ကြီးမှ မြေပေါ် ပုဆစ်တုပ်ဝပ်ရှိခိုးကာ မင်းတုန်းမင်းကို ကျောပေါ် ကုန်းထမ်းပြီး နန်းတော်ဘက် ပြေးလေ၏။

မှတ်တမ်းအရ ယာယီနန်းတော်သည် မူလနန်းတော် နှင့် မနီးမဝေးမှာ ရှိပြီး ဘုရင်နှင့် မှူးမတ်များ အသုံးပြု ရန် ရာဇမတ်များဖြင့် ကာရံထားသော လမ်းကြီးကို ဖောက်လုပ်ထား၏။ ထိုကြောင့် တာဝန်ကျသူ များမှ အပ ထိုလမ်းကို မည်သူမျှ အသုံးပြု ခွင့်မရှိပေ။ ထိုကြောင့်ထိုနေရာတွင် မင်းတုန်းမင်း ၊ အထိန်းတော် တဦး နှင့် ငပိုက်ကြီးတို့သာလျှင် ပြေးနေလေသည်။ လမ်းခုလတ်တွင် ဘုရင်ထံ အခစားဝင်ရန် မြင်းဖြင့် လာနေသော ရတနာပုံမြို့ တော်ဝန် ဦးရွှေရိုး နှင့် တွေ့သဖြင့် မြင်းပြောင်းစီးကာ နန်းတော်သို့ အမြန်ဝင်တော်မူလေ၏။

မြင်းခုံတိုင်တို့လည်း ဘုရင် နန်းတော်သို့ ရောက်သွားပြီ ကြားသည်နှင့် နန်းတော်ကို အပြင်းဝင်စီးရာ နန်းတော်ရှိ လွှတ်တော်ကို သိမ်းပိုက်မိလေ၏။ သို့သော် လွှတ်တော်နှင့် မြေနန်းတော် ကို မြို့ အုတ်ရိုး တခုမှ ခြားထားပြီး အလွန်ခိုင်ခံ့သော တံခါးနီ တခု ရှိလေ၏။ မင်းတုန်းမင်းသည် လွှတ်တော်ကျ ပြီ ၊ ညီတော်လည်း ကျ ပြီ ဟုသတင်းရသော် စိတ်ဓါတ်ကျကာ ထီးနန်းစွန့်လျှင် အသင့်တော်ဆုံး ဟု မိန့်ဟ လေရာ မြေနန်းတော် တွင် မင်းတုန်းမင်းကို ကာကွယ်ရန် ရောက်ရှိလာသော မက္ခရာမင်းသားနှင့် ၀န်မင်း တို့မှ မိမိတို့ အသေခံ တိုက် ခုခံမည်ဟု ဘုရင်ကို အားတက်အောင် လျှောက်ထားမှ မင်းတုန်းမင်း အားတက်လာလေ၏။

မြေနန်းတော်တွင် မင်းတုန်းမင်းတို့၏ အင်အားသည် ၇၀ ကျော်သာ ရှိလေသည်။ အဓိက ကွပ်ကဲသူသည် မက္ခရာမင်းသား ဖြစ်၏။ မြင်းခုံတိုင်တို့သည် လူအင်အား ၂၀၀ ကျော် ရှိပြီး တံခါးနီကို မထိုးဖောက်နိုင်သဖြင့် လွှတ်တော်မှ မြေနန်းတော်ဘက်သို့ အမြှောက်များဖြင့် ပစ်လွှတ်လေ၏။ တံခါးနီသည် အထူးခိုင်ခံအောင် စီမံထားသော တံခါးဖြစ်သဖြင့် နန်းတော်ရှိ အမြှောက်များပင် မထိုးဖောက်နိုင်ဟု ဆိုလေ၏။

မင်းတုန်းမင်းတို့လည်း မြေနန်းတော်ဘက်ရှိ အမြှောက်များဖြင့် ပြန်လည်ပစ်ခတ်လေသည်။ တဘက် နှင့် တဘက် စိန်ပြောင်းများ အမြှောက်များဖြင့် ပစ်ခတ်နေကြလေ၏။ မြင်းခုံတိုင်တို့လည်း မင်းတုန်းမင်းတို့ကို လက်နက်ချရန် စာဖြင့် ပြောကာ နန်းတော်တွင်းပြင် အကုန်လုံး မိမိလူ ဖြစ်ကုန်ပြီဟု ပြောလေသည်။ သို့သော် မက္ခရာမင်းသား မှ လက်မခံဘဲ ကြံ့ကြံ့ခံ ကာကွယ်လေ၏။ ထိုအချိန်တွင် ကနောင်မင်းသား၏ လူယုံတော်များသည် နန်းတော်တွင် အမြှောက်သံများ ကြားသဖြင့် စူးစမ်းရာ ပုန်ကန်မူ ဖြစ်နေကြောင်း သိသဖြင့် ကနောင်မင်းသားဘက်မှ ကူရန် လူအင်အား ၄၀၀ ကျော်ဖြင့် နန်းတော်ဘက် ချီတက်လာလေ၏။

နန်းတော်အရောက်တွင် အကြောင်းစုံ သိရသဖြင့် လူယုံတော် တပ်မှူး မှ မင်းတုန်းမင်းဘက်မှ တိုက်ခိုက်ရန် မိမိ၏ လူများကို အမိန့်ပေးကာ မြင်းခုံတိုင်တို့ကို အနောက်မှ ၀င်တိုက်လေ၏။ မြင်းခုံတိုင်တို့လည်း အရေးမလှကြောင်း သိလာသဖြင့် လွှတ်တော်မှ မြင်းကိုယ်စီဖြင့် မြစ်ဆိပ်ကမ်းသို့ အပြင်းပြေးလေ၏။ ရွှေမြို့ တော်၏ အနောက်မျက်နှာ မြစ်ဆိပ်တွင် ဆိုက်ထားသော ရေနန်းစကြာ မီးသင်္ဘောကို ၀င်စီးကာ အောက်ပြည်အောက်ရွာ သို့ စုန်ဆင်းလေသည်။ ထိုနောက်မြင်းခုံတိုင်တို့သည် ညောင်အုပ်မြို့ ကို ၀င်စီးလေ၏။ မက္ခရာမင်းသားတို့လည်း ညောင်အုပ်မြို့ အထိ လိုက်လံတိုက်ခိုက်သဖြင့် အရေးနိမ့်ကာ အင်္ဂလိပ်ပိုင်နယ်သို့ အပြီးတိုင် စုန်ဆင်းပြေးကြလေ၏။

ထိုအခါ နန်းတွင်းတွင် အလွန်တရာ ရူပ်ထွေးကုန်လေ၏။ တချို့ သော မိဖုရားတို့သည် မင်းတုန်းမင်း ကံကုန်တော်မူပြီ လို့တောင် ထင်ကြပြီး ရုပ်ဖျက်ကြကာ ဆွေတော်မျိုးတော် ရှိရာသို့ ထွက်ပြေးကြကုန်လေ၏။ မိဖုရားခေါင်ကြီး စကြာဒေ၀ီမှာမူ မြေနန်းတော်တွင် ဘုရင်နှင့် အတူရှိနေလေ၏။ မင်းတုန်းမင်းသည် ယာယီလွှတ်တော် နှင့် စံနန်းတော် ကို ချက်ခြင်း ဖျက်စေကာ၊ နန်းတော်ကိုလည်း အမွှေးနံ့သာများဖြင့် သန့်ရှင်းစေလေသည်။ အရေးတော်ပုံတွင် ကံကုန်သွားတော် ညီတော်ကနောင်မင်းသားကို စကြာမင်းသဂြိဟ် သကဲ့သို့ အကြီးအကျယ် ပြင်ဆင်စေလေသည်။ မြင်းခုံတိုင်၏ ပုန်ကန်မူသည် တရက်သာ ကြာမြင့်လိုက်လေ၏။

ကနောင်မင်းသား၏ ရုပ်ကလပ်ကို ၅ ရက်ထားကာ မြေနန်းတော်အရှေ့တွင် ခမ်းနားစွာ သဂြိဟ်လေ၏။ ရာထူးချခံရသော ရွှေပြည်သာဝန်ကြီး ယောအတွင်းဝန် ဦးဘိုးလိုင်ကိုလည်း ချက်ခြင်းပြန်လည်ခေါ်ယူကာ ရှိမြဲ ရာထူးအတိုင်းပြန်လည် ခန့်ထားလေ၏။ သို့သော် မင်းတုန်းမင်းအတွက် နောက်အိမ်မက်ဆိုး တခု ပေါ်ပေါက်လာ၏။ ကနောင်မင်းသား၏ သားတော် ပန်းတိမ်းမင်းသား အရေးတော်ပုံလေသည်။

Share:

No comments:

Post a Comment