မင်းတုန်းမင်းသား ဘုရင်ဖြစ်ခြင်း

မင်းတုန်းမင်းသည် ရွှေဘိုကို ဗဟိုပြု ပြီး ဘုရင်အဖြစ် ဘိသိတ်ခံယူကာ မိမိ၏ အတိုင်ပင်ခံ မှူးမတ်များကို စတင် ရာထူးများ ပေးလေတော့သည်။ မင်းတုန်းမင်း၏ ပြု မူချက်များကို အမရပူရနေပြည်တော်မှ မခံမရပ် ဖြစ် သော်လည်း ကနောင်းမင်းသား ဦးစီးသည့် တပ်များကို ထိုးဖောက်ခြင်းမပြု နိုင်ဘဲ ဖြစ်နေလေသည်။ တဘက်မှာလည်း ဗြိတိသျှ များ၏ ကျူးကျော်ရန်ကို ခုခံနေရသဖြင့် အမရပူရလွှတ်တော် ရှိ မှူးမတ်များ အဖို့ ရင်လေး စရာ ဖြစ်နေတော့၏။ ပုဂံမင်းမှာမူ နေ့စဉ် ကြက်တိုက် မပြတ်ပေ။


မင်းတုန်းမင်းထံသို့ သစ္စာခံလာသော မိုးမိတ်စော်ဘွား နှင့် မိုးညှင်းစော်ဘွား တို့ကို စစ်ကြောင်း နှစ် ကြောင်း ဦးဆောင်စေပြီး အမရပူရနေပြည်တော်ကိုသိမ်းပိုက်ရန် ပြင်ဆင်လေသည်။ ထိုသို့ ပြင်ဆင်နေစဉ် သတင်းဆိုး တခု ရောက်လာလေ၏။ ကုန်းဘောင်အင်ပါယာဖြစ်သော ပဲခူးနယ်နှင့် ရန်ကုန်နယ် အောက်ဘက် တလွှားကို ဗြိတိသျှ တို့ သိမ်းပိုက်လိုက်ပြီး ဟူသော သတင်းဖြစ်၏။ ၁၈၅၂ ခုနှစ်၊ ဒီဇင်ဘာလ အစောပိုင်းတွင် ဗြိတိသျှ တို့ဘက်မှ ပုဂံမင်းထံ စာပို့ အကြောင်းကြားခြင်းဖြစ်လေသည်။

အမရပူရနေပြည်တော်မှ မည်သို့မျှ မတတ်နိုင်ပေ။ ထို့ကြောင့် ပုဂံမင်းတို့သည် ပုန်ကန်နေသော မင်းတုန်းမင်းတို့ကို အပြတ်ရှင်းရန် ဗြိတိသျှတို့ကို ခုခံခဲ့သော တပ်သားများကို မင်းတုန်းမင်းတို့ ပုန်ကန်မူကို နှိမ်နင်းရန် စေလွှတ်လေ၏။ သို့သော်လည်း မင်းတုန်းမင်းတို့ဘက်မှ ပိုမိုလူထုထောက်ခံမူကို ရရှိလေ၏။ ပုဂံမင်း ၏ အရည်အချင်းညံ့သောကြောင့် ဗြိတိသျှ ကို ရူံးနိမ့်ရ၏ ဟူသော စကားရပ်များသည် မြို့ ရွာအနှံ ပြန့်နှံရာ လူထုများသည် မင်းတုန်းမင်း၏ ပုန်ကန်မူကို ထောက်ခံလာကြလေ၏။

ထိုသို့ လူထုထောက်ခံမူ ရလာသော အခါ လူသူများစွာ မင်းတုန်းမင်း၏ တပ်ထံ လာရောက်ပူပေါင်းကြသဖြင့် အင်အားပိုမိုကြီးလာတော့သည်။ မင်းတုန်းမင်းသည် ထိုအခွင့်အရေးကို လက်လွှတ်မခံဘဲ အမရပူရ သို့ စစ်တပ်အင်အား အလုံးအရင်းဖြင့် ချီတက်လေတော့သည်။ ပုဂံမင်း၏ နောက်ဆုံး စစ်တပ်ဟု ဆိုရမည့် လက်ယာဝင်းမှူး ၏ တပ်နှင့် မိုးညှင်းစော်ဘွား တပ် တို့ အလုံမြို့ အနီးတွင် တိုက်ပွဲ ဖြစ်ကြလေသည်။ နှစ်ဖက် စလုံး အထိအခိုက် အများဖြင့် ဆုတ်ကြရလေ၏။ လက်ယာဝင်းမှူးလည်း ကျဆုံး ရလေသည်။

မင်းတုန်းမင်း အတွက်မှာမူ စစ်ကြောင်းတခု သာဖြစ်ပြီး ပုဂံမင်း အတွက်မှာမူ သူ၏  နောက်ဆုံးစစ်တပ် ဖြစ်လေသည်။ ၁၈၅၃ ၊ ၁ လပိုင်း ၊ ၄ ရက်နေ့တွင် သလုံးဝန်မင်းကြီး ကို ရဲမက်များ ပေးအပ်ပြီး စစ်ကိုင်းမြို ကို သိမ်းပိုက်စေလေသည်။ စစ်ကိုင်းစား လည်း အခြေအနေ ကို သိသောကြောင့် မြို့ တံခါး ဖွင့်ပေးသဖြင့် မင်းတုန်းမင်းတို့ ဘက်မှ အသာရပြန်လေ၏။ ထိုအခါ နောင်တော် ပုဂံမင်း သည် မိမိ၏ အခြေအနေ ကို သိလာသဖြင့် သာသနာပိုင်ဆရာတော် ကို မင်းတုန်းမင်းထံ စေလွှတ်လေ၏။ သို့သော် မင်းတုန်းမင်း၏ စိတ်ပျော့ကွက် ကို သိသော သလုံးဝန်မင်းကြီး မှ ကြားဖြတ် ရပ်တန့်စေပြီး နေပြည်တော်သို့ ပြန်ကြွရန် လျှောက်ထားသဖြင့် သာသနာပိုင်ဆရာတော် တို့ မင်းတုန်းမင်းကို မတွေ့လိုက်ရဘဲ ပြန်ကြွရလေ၏။

နောက်ဆုံးတွင် ပုဂံမင်းလည်း ဆရာတော်များ ပြန်ကြွလာပြီး အရေးမသာ သည်ကို သိရကာ ကြက်တိုက်နေရာမှ ထပြီး ခုခံရန် ပြင်ဆင်လေတော့သည်။ အမရပူရမြို့ လေးဘက် လေးရပ် အခိုင်အခံ့ ပြုလုပ်စေပြီး အမြှောက်ကြီး များ တင်ကာ မင်းတုန်းမင်း၏ တပ်များ အလာကို စောင့်နေလေသည်။ ပုဂံမင်း အား သစ္စာခံသူ များအနက် မင်းသားများထဲတွင် လိုင်မင်းသား တပါး သာ ကျန်ရှိရာ ပုဂံမင်းမှ ဗိုလ်ချူ ပ်ခန့်ကာ မြို့ ကို ခုခံစေလေ၏။ ကနောင်မင်းသားလည်း အရေးတော်ပုံ အောင်မြင်၇န် မတ္တရာဝန် ဗိုလ်ဘေး၊ တောင်ဗိုလ် မင်းခေါင်သူ၇ိန်၊ ပန်းပဲအတွင်းဝန်ဟောင်း မင်းလှကျော်သူ၊ မြောက်ဘက်လှတော် ဗိုလ်ပြင် တို့ကို အမပူရ မြို့ မျက်နှာ အသီးသီး နေရာချကာ ချဉ်းကပ် ၀ိုင်းရံ ထားစေလေသည်။

မင်းတုန်းမင်း

ထိုနောက် ကနောင်မင်းသားသည် စစ်ကိုင်းမြို့ ကို ဌာနာချူ ပ် ပြု လုပ်ကာ စစ်ဘက်အရေးများကို ထိုမြို့ မှ တဆင့် အမိန့်ပေးလေ၏။ ထိုအကြောင်းကို ပုဂံမင်း၏ သစ္စာစောင့်သိသောသူ ကျောက်ပန်းတောင်းမြို့ စား သိလျှင် တိုက်ခိုက်ရန် ပြင်ဆင်လေသည်။ ကျောက်ပန်းတောင်းမြို့ စားသည် အင်္ဂလိပ်များကို ခုခံရာတွင် စစ်ကြောင်း တကြောင်းကို ဦးဆောင်ကာ ခုခံခဲ့သူဖြစ်သည်။ အင်္ဂလိပ်များ အောက်ပြည်များကို သိမ်းပိုက်လိုက်ကြောင်း သတင်းသိရသော် နေပြည်တော်သို့ ပြန်လည် ချီတက်နေခြင်းဖြစ်၏။

မင်းတုန်းမင်းနှင့် ပုဂံမင်း တို့ ဖြစ်ပျက်နေသည်ကို သိရပြီးနောက် ပုဂံမင်းကို သစ္စာရှိသူပီပီ နောက်ဆုံး အသေခံ တိုက်ပွဲအဖြစ် ကနောင်မင်းသား ရှိရာ စစ်ကိုင်းမြို့ ကို တိုက်ရန် ဆုံးဖြတ်ခြင်းဖြစ်သည်။ ကျောက်ပန်းတောင်းစားသည် စစ်ကိုင်းမြို့ ကို အပြင်းအထန် တိုက်ခိုက်လေသည်။ သလုံးဝန်ကြီးလည်း စစ်အင်အား အလုံးအရင်းဖြင့် ခုခံတိုက်ခိုက်လေ၏။ အင်အားခြင်းမမျှ သဖြင့် နောက်ဆုံး ကျောက်ပန်းတောင်းမြို့ စား ကို အရှင်ဖမ်းဆီး မိလေ၏။

ကနောင်မင်းသားမှ ကျောက်ပန်းတောင်းမြို့ စား နှင့် အရာရှိ တစု ကို ကားစင်တင်ကာ  မြို့ တွင်းရှိ အရာရှိများ လက်နက်ချစေရန် ရည်ရွယ်ချက်ဖြင့် အမရပူရ မြို့  ပြင် တွင် လှည့်လည်ပြသ စေလေ၏။ ထိုအခါမှ ကျောက်ပန်းတောင်းစား အသက်ရှင်နေသည်ကို ပုဂံမင်း သိရပြီး ၀မ်းနည်းလေ၏။ မင်းတုန်းမင်း ၏ တပ်များ ၀ိုင်းရံထားချိန်တွင် မြို့ တွင်းမှ ထွက်ပြေးလာသော အမူထမ်းများကို နေရပ်ကျေးရွာ သို့ ပြန်စေလေ၏။

အမရပူရနေပြည်တော်တွင် ပုဂံမင်းဘက်မှ ရပ်တည်နေသော သစ္စာခံများအနက် လိုင်မင်းသား သည် ထက်မြက်သော မင်းသား ဖြစ်ပြီး ကနောင်မင်းသား ကို လိုက်လံ့ဖမ်းဆီး သော တိုက်ပွဲ တခု တွင် ကနောင်မင်းသားကို အနိုင်တိုက်နိုင်ပြီး ဖမ်းဆီးရန် ပြင်ဆင်နေစဉ် လိုင်မင်းသား၏ ဗိုလ်နှင့်သွေးသောက်များ သစ္စာဖောက်သဖြင့် အရေးနိမ့်ကာနေပြည်တော်သို့ ပြန်လည် ဆုတ်ခွာခဲ့ရခြင်းဖြစ်သည်။ လိုင်မင်းသား သည် ရဲမက် ၁ ထောင် ကို ဦးဆောင်ပြီး တောင်မျက်နှာ တံခါး တွင် နေပြီး မြို့ နားကပ်လာသော ရဲမက် မှန်သမျှ ကို တိုက်ခိုက် နှိမ်နင်းနေလေ၏။ ထိုသို့ ပုဂံမင်း ကို သစ္စာရှိသူ များ ရှိသော်လည်း တဘက်တွင် ကနောင်မင်းသား မှ စေလွှတ်ထားသော သူလျှိများလည်း ရှိလေ၏။

၁၈၅၃ ခုနှစ်၊ ၂ လပိုင်း ၁၇ ရက်နေ့ မနက်တွင် အမရပူရလွှတ်တော်တွင် လုပ်နေကြ လွှတ်တော်အစည်းအဝေး ကို လုပ်လေသည်။ ထိုအစည်းအဝေးတွင် ကျောက်မော်မြို့စား ဦးဆောင်သည့် ကနောင်မင်းသား ၏ သစ္စာခံ အဖွဲ့သည် လွှတ်တော်ဝန်မင်း နှင့်တကွ၊ မှူးမတ်များ၊ မြို့ စီးပြစီး အရာရှိ များ ကို တိုက်ခိုက် ဖမ်းဆီး ချည်နှောင် လေ၏။ ထိုသို့ အချိန်ကိုက်ကာ မြောက်တံခါးကို စောင့်နေသော တံခါးမှူးလည်း မြို့ တံခါး ဖွင့်ပေးသဖြင့် မြောက်ဘက်တွင် ရံသော မင်းတုန်းမင်း၏ တပ်များ အမရပူရမြို့ တွင်းသို့ ၀င်နိုင်လေသည်။

ထိုအကြောင်းကို လိုင်မင်းသား ကြားသိလျှင် မိမိတပ်ကို နုတ်ကာ မြို့ တွင်းသို့ အပြင်းဝင်ကာ ရန်သူများကို ခုခံတိုက်ခိုက်လေသည်။ ဈေး ကြီးအနီး တွင် တိုက်ပွဲအကြီးအကျယ်ဖြစ်ပြီး လိုင်မင်းသား သည် ထိုတိုက်ပွဲ တွင် ကျရူံး ရလေ၏။ လိုင်မင်းသား ၏ တပ်လည်း ကျ ၊ လွှတ်တော်ကိုလည်း ရန်သူတို့ ၀င်စီး နိုင်ပြီး ဖြစ်နေရာ ပုဂံမင်း အဖို့ လက်နက်ချ ရန်မှ တပါး တခြားအကြောင်းမရှိတော့ပေ။ (လိုင်မင်းသား သည် ထက်မြက်သော မင်းသား တပါးဖြစ်ပြီး သာယာဝတီမင်းတရားကြီး၏ ကိုယ်လုပ်တော် ရှမ်းလူမျိုး မယ်အီပူ နှင့် ရသော သားတော် ဖြစ်လေ၏။ လိုင်မင်းသား၏ အရည်အချင်းကို ရိပ်မိသော ကနောင်မင်းသား မှ မိမိဘက်ပါ အောင် စည်းရုံးသော်လည်း မအောင်မြင်ဖြစ်ခဲ့ပေ။)

မင်းတုန်းမင်း၏ တပ်များလည်း နန်းတော်ဝင်ရောက် နေရာယူ ကြပြီး ပုဂံမင်း ကို ကြက်တိုက်ရာနေရာမှ ဖမ်းဆီး ခေါ်ယူခဲ့ပြီး အလယ်နန်း မိဖုရားဆောင်တွင် မိဖုရားများနှင့် ထားလေသည်။ နေပြည်တော်ရှိ ရွှေတိုက်ကို သလုံးဝန်ကြီး မှ စောင့်ရှောက်ပြီး ပုဂံမင်း၏ ဘက်တော်သား လက်နက်ကိရိယာများ အားလုံးကို လွှတ်တော်ရှေ့တွင် ပုံထားစေကာ ကျောက်မော်မြို့ စား မှ ကြီးကြပ်စောင့်ရလေသည်။

နေပြည်တော်ရှိ မင်းမြှောက်တန်ဆာ ငါးပါးကိုလည်း ရွှေဘိုမြို့ တွင် စံနေသော မင်းတုန်းမင်း ထံ ပို့ဆောင် ဆက်သ ရလေ၏။ ၁၈၅၃၊ ၂ လပိုင်း ၁၇ ရက်နေ့ တွင် ညီနောင် နှစ်ပါး စစ်ပွဲ ပြီးဆုံးကာ မင်းတုန်းမင်းမှ အနိုင်ရပြီး အမရပူရ ထီးနန်းကို သိမ်းပိုက်လေသည်။ နောက် ၃ ရက် မြောက်နေ့ တွင် ဗြိတိသျှ တို့ဘက်မှ ကုန်းဘောင်အင်ပါယာ ၏ အောက်ပြည်နယ်များကို ဗြိတိသျှ လက်အောက်သို့ သိမ်းသွင်းကြောင်း ကို ကမ္ဘာသိ ကြေဌာ လေတော့သည်။ ဒုတိယအကြိမ် ဗြိတိသျှ ကျူးကျော်စစ်ပွဲ တွင် ကုန်းဘောင်အင်ပါယာ နှင့် စာချူ ပ်များ ချု ပ်ဆို ခဲ့ခြင်း မရှိခဲ့ပေ။ မင်းတုန်းမင်းသည် ဘုရင်ဖြစ်ပြီးနောက် အင်္ဂလိပ်များနှင့် သံတမန်ဆက်ဆံရေး ပြန်လည်စတင်ခဲ့ လေသည်။


Share:

No comments:

Post a Comment