မင်းတုန်းမင်းသားမှ ပုန်ကန်ခြင်း

အောက်ပြည်တွင် အင်္ဂလိပ်များ၏ တိုက်ခိုက်မူကို ခံနေရသော်လည်း အမရပူရနန်းတွင်း အာဏာလွန်ဆွဲပွဲမှာ ကြီးထွားလာသည်။  ပုဂံမင်းသည် ကြက်တိုက်ရာနေရာမှ မခွာဘဲ မှူးမတ်များ လျှောက်တင်လာသမျှ ကို နားထောင်ပြီး လုပ်စေ၊ ဖြစ်စေ ဟူသော နူတ်မိန့်ကိုသာ ပေးလေ၏။ ထိုကြောင့် နန်းတွင်းတွင် ပုဂံမင်း၏ ဆွေတော်မျိုးတော် မှူးမတ်များ တန်ခိုးအာဏာကြီးထွားလာကာ ထင်တိုင်းကြဲလေတော့သည်။ ထိုနောက်ဆက်တွဲကြောင့် မင်းတုန်းမင်းသား နှင့် ကနောင်မင်းသား တို့ ပုန်ကန်မူ ဖြစ်ပေါ်လာရသည်။ 
ညီတော် ကနောင်မင်းသား နှင့် မင်းတုန်းမင်းသား၏ မိဖုရား စကြာဒေ၀ီ ၏ ဖြောင်းဖျမူကြောင့် မင်းတုန်းမင်းသား သည် အမရပူရနေပြည်တော်မှ ထွက်တော်မူပြီး ပုဂံမင်းသားအား ပုန်ကန်ရန် သဘောတူ၏။ ကနောင်မင်းသားသည် နောင်တော် သဘောတူချက် ရသည်နှင့် အသင့်ပြင်ထားသော အစီအစဉ်များကို ချပြလေသည်။ ကနောင်မင်းသားသည် ထက်မြက်သူဖြစ်ရာ အရေးအကြောင်း ပေါ်လာလျှင် အသုံးပြု ရန် အစီအစဉ် များကို ဆွဲပြီးသား ဖြစ်နေလေ၏။ အေဒီ ၁၈၅၂၊ ၁၂ လပိုင်း၊ ၁၇ ရက်နေ့တွင် ကနောင်မင်းသား နှင့် တကွ မင်းတုန်းမင်းသား တို့၏ သားတော်၊ သမီးတော် ကိုယ်လုပ်မိန်းမ ကျွန်တော် အပေါင်း နှစ်ရာ ကျော်ဖြင့် နံနက် ၄ ချက် တီးအချိန် တွင် အမရပူရ ရွှေမြို့ တော် မြောက်တံခါး လေးကျွန်း တံခါး မှ ထွက်လေသည်။ 

လေးကျွန်းတံခါးမှူး ဗိုလ်ဖိုးခေါင်မှ ထွက်တော်မမူရန် တားမြစ်သဖြင့် သုတ်သင်ခံရလေ၏။ ထိုနောက်
မဟာမြတ်မုနိဘုရားကြီး နားရောက်သော် ကင်းစောင့်များက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ကနောင်မင်းသား ဦးဆောင်ပြီး သုတ်သင်ခဲ့ရပြန်၏။ လမ်းတလျှောက်လုံး ကနောင်မင်းသား နှင့် သူ၏ တပ်သားများမှ မင်းတုန်းမင်းသား ကို ကာကွယ်ကြရလေသည်။ မင်းတုန်းမင်းသားမှာမူ ပုတီးကို လက်က မချဟု ဆိုလေသည်။ 

မင်းတုန်းမင်းသား တို့ ထွက်တော်မူသည့်သတင်းကို အမရပူရနန်းတွင်းမှ ချက်ခြင်းမသိရပေ။ အကြောင်းမှာ စောင့်ကြည့်ရန် တာဝန်ပေးထားခြင်းခံရသော ဗိုလ် ငမင်းသည် ကနောင်မင်းသား၏ လူယုံဖြစ်လေ၏။ ငမင်း သည် မိမိ၏ ရဲမက်များကို အရက်များ မူးအောင်တိုက်ပြီး အားလုံးကို အိပ်မောကျအောင် ပြုမူလေသည်။ ထိုနောက် နောက် တနေ့ နေ့လည်ပိုင်းလောက်တွင် နန်းတွင်းသို့ ကပြာကယာ ပြေးကာ မင်းတုန်းမင်းသား တို့ ပြေးတော်မူကြောင်း လျှောက်ထားလေတော့မှ ပုဂံမင်း တို့ သိရှိရလေ၏။ 

                             Image result for မင်းတုန်းမင်း

ပုဂံမင်း တို့သည် သိလျှင်သိခြင်း တောင်ထားဝယ်ဗိုလ်ကို ရဲမက် ငါးရာ ပေးကာ သွားရောက်ဖမ်းဆီးစေလေ၏။ ကနောင်မင်းသားသည် မိမိ စီစဉ်ထားသည့်အတိုင်း မတ္တရာမြို့ သို့ ရောက်လေသည်။ မတ္တရာမြို့ တံခါး မှူး ငမှတ်(ကနောင်မင်းသားလူယုံ) မှ တံခါးဖွင့်ပေးလေ၏။ ကနောင်မင်းသားတို့လည်း မြို့ ဝန် အိမ်တော် သို့ ၀င်ကာ ရုံးတော်တွင် ၀င်နေလေသည်။ 

ထိုစဉ် မတ္တရာမြို့ ဝန် သည် မြို့ ပြင်ရောက်နေသဖြင့် အကြောင်းအရင်းကို သိသော် မင်းတုန်းမင်းသား တို့ကို ဖမ်းရန် ကြိုးစားလေ၏။ သို့သော် ကနောင်မင်းသား ၏ တပ်များကို မတိုက်ခိုက်နိုင်ဘဲ ထွက်ပြေးရလေ၏။ မင်းတုန်းမင်းသား တို့မှ မတ္တရာမြို့ ကို သိမ်းပိုက်မိကြောင်း အမရပူရနေပြည်တော်မှ ကြားသိလျှင် လက်ယာဝင်းမှူးကို လူအင်အား တစ်ထောင် ပေးကာ တိုက်ခိုက်သိမ်းပိုက်ရန် အမိန့်ပေးလေသည်။ လက်ယာဝင်းမှူးလည်း မင်းတုန်းမင်းသား တို့ ရှိရာ ကို ချီတက်လေသည်။ 

ကနောင်းမင်းသားတို့သည် မတ္တရာမြို့ မှ တဆင့် ငစဉ့်ကူးမြို့ သို့ ချီတက်လေ၏။ ဖမ်းဆီးရန် လိုက်လာသော လက်ယာဝင်းမှူးကို ကနောင်မင်းသား မှ ခုခံတိုက်ခိုက်လေရာ အထိအခိုက်အကျအရူံးများပြီး နောက်ဆုတ် ကြရလေသည်။ ထိုမှတဆင့် ကျောက်မြောင်းမြို့  သို့ ၀င်လေသည်။ ကျောက်မြောင်းမြို့ စား သည်လည်း ကနောင်မင်းသား၏ ကျွန်တော်ဖြစ်လေ၏။ ကနောင်မင်းသားသည် ကျောက်မြောင်းမြို့ တွင် နေပြီး ရတနာသိင်္ခမြို့  ( ရွှေဘို) ကို သိမ်းရန် အစီအစဉ် ဆွဲလေသည်။ 

မင်းတုန်းမင်းသား မှ မိမိ ဦးဆောင်ပြီး တိုက်မည်ဟု ဆိုလာသဖြင့် ကနောင်မင်းသားသည် အမရပူရတပ်များ ကို ခုခံရန် နောက်မှ နေခဲ့လေသည်။ မင်းတုန်းမင်းသားသည် ရွှေဘိုသို့ တပ်အင်အား ငါးရာ ဖြင့် ချီတက် သွားလေသည်။ ရွှေဘိုသို့ ရောက်သော် မြို့ ဝန် ငပြူးမှ တံခါးပိတ်ကာ အ၀င်မခံသဖြင့် မင်းတုန်းမင်းသား မှ ကနောင်မင်းသား နှင့် တိုင်ပင်မည် ဟု ဆိုကာ တိုက်ခိုက်ခြင်း မပြု သဖြင့် ယင်းတောဝန်ကြီး၏ သား ငဖိုးလိုင်( အနောင်အခါ ယောအတွင်းဝန် ဦးဖိုးလိုင်) မှ အနိုင်တိုက်ယူ သင့်ကြောင်း မိမိတို့ကို ယုံကြည်ပါ ဟု လျှောက်ထား သဖြင့် မင်းတုန်းမင်းသား မှ တိုက်ခိုက်ရန် အမိန့်ပေးလေ၏။ 

ငဖိုးလိုင် နှင့် မြင်းတပ် ဗိုလ် ငခဲ တို့သည် အနီးအနားမှ လူသူများကို စုရုံးလေရာ အင်အား ၁ ထောင် စုမိပြီး ထို အင်အား ဖြင့် ရွှေဘိုမြို့ ကို တိုက်ခိုက်လေသည်။ အပြင်းအထန် တိုက်ခိုက်လေရာ ရွှေဘိုမြို့ ဝန် မခံနိုင်ဘဲ မြို့ မှ ထွက်ပြေးလေ၏။ မင်းတုန်းမင်းသား သည် မြို့ တွင်းသို့ ၀င်တော်မူလေသည်။ ထိုနောက် ကနောင်မင်းသား ကို သတင်းပို့လေသည်။ မင်းတုန်းမင်းသား မှ ရွှေဘိုမြို့ ကို သိမ်းပိုက်နိုင်ကြောင်း သတင်းသည် အနယ်နယ် အနှံနှံ ပြန့်သွားလေရာ ရွှေဘိုအနီးအ၀ှက်ရှိ မြို့ စား များမှ မင်းတုန်းမင်းသား ထံ သစ္စာဝင်ခံကြလေသည်။ 

မြို့ စား၊ စော်ဘွား ၊ ဗိုလ်မင်း တို့မှ မင်းတုန်းမင်းသား အား ဘုရင် အဖြစ် ယူတော်မူပါရန် လျှောက်ထားကြရာ မင်းတုန်းမင်းသား သည် ရွှေဘိုတွင် ဘိသိတ်သွန်းပြီး ဘုရင်အဖြစ်ခံယူတော်ပြီး အမရပူရနေပြည်တော် သို့ လက်နက်ချ အညံခံရန် ရာဇသံ ပို့လေသည်။ ထိုပြင် ပုဂံမင်း အပေါ် လူထုယုံကြည်မူ ကျဆင်းရန်လည်း ကဗျာများ စာပေများဖြင့် နေပြည်တော်တွင် ပစ်စာ များ ချကာ အပုတ်ချခြင်း ကိုလည်း ပြု လုပ်လေ၏။ ထိုသို့ ပြု လုပ်ခြင်းကြောင့် ဘုရင့်မိသားစု အတွင်းရေးဖြစ်သည့် ပုဂံမင်းမှ ကလေးမယူနိုင်ခြင်းကို ပြည်သူအားလုံး သိရလေ၏။ ပုဂံမင်းသည် မိဖုရားလေးပါး ရှိသော်လည်း သားသမီး မထွန်းကားပေ၊ အကြောင်းမှာ ဥ တလုံး သည် မွေးရာပါ အပေါ်သို့ တက်နေ၏။ ထို ငယ်ကျိုးငယ်နာ ကို မင်းတုန်းမင်း တို့ ဘက်မှ ကဗျာကာရံ များဖြင့် ဥ တလုံးဖြင့် တိုင်းပြည်ကို မအုပ်ချူ ပ်နိုင်ကြောင်း ၀ါဒဖြန့်ကဗျာ များ ရေးသားသဖြင့် ပုဂံမင်း အပေါ် လူထုထောက်ခံမူ ယခင်ကထက် ပိုပြီး ကျဆင်းရလေတော့သည်။ 

Share:

No comments:

Post a Comment