ဗြိတိသျှ ၏ ဒုတိယကျူးကျော်စစ် နှင့် မင်းတုန်းမင်းသား ၏ ပုန်ကန်မူ

အမရပူရနေပြည်တော်နှင့် အင်္ဂလိပ် တို့ နှစ်ဦးနှစ်ဖက် သံတမန်အဆက်အသွယ်မရှိတော့သည့်အခါ စစ်ကြေဌာ သကဲ့သို့ ဖြစ်သွားလေတော့သည်။ အင်္ဂလိပ်ဘက်မှ ပထမကျူးကျော်စစ်ကဲ့သို့ စာနှင့်ပေဖြင့် တရားဝင် မကြေဌာသော်လည်း အေဒီ ၁၈၅၂၊ ၄ လပိုင်း၊ ၁၁ ရက်တွင် သီလ၀ါဆိပ်ကမ်းရှိ မြန်မာ့ကင်းတပ်ကို သင်္ဘောပေါ်မှ အမြှောက်များဖြင့် အဆက်မပြတ်ပစ်ခတ်ပြီး စစ်ပွဲ စတင်ဖန်တီးလေတော့သည်။ ရန်ကုန်မြို့ ဆိပ်ကမ်းတပ်မှလည်း အမြှောက်များဖြင့် ပြန်လည် ပစ်ခတ်ပြီး စစ်ပွဲမှာ ၃ ရက်ကြာလေသည်။ သို့သော်လည်း အင်္ဂလိပ်ဘက်မှ ပစ်သော အမြှောက်များသည် အလွန်ခေတ်မှီသည့်အပြင် စွမ်းအားလည်းကြီးသဖြင့် မြန်မာတပ်များ ရွှေတိဂုံစေတီတော်နားထိ ဆုတ်ခွာရလေတော့၏။ 
ထိုစဉ် နေပြည်တော်မှလည်း စစ်ကူများစွာ စေလွှတ်ပြီး ဖြစ်နေသည်။ အင်္ဂလိပ်တို့ သန်လျင်ကို သိမ်းပိုက်ပြီး
နောက် ရန်ကုန်မြို့ ဆိပ်ကမ်းတပ်များကို အဝေးမှ အမြှောက်များဖြင့် အဆက်မပြတ်ပစ်ခတ်လေသည်။ ပုသိမ်မြို့  ကိုလည်း ဗြိတိသျှ တပ်များ ၀င်ရောက်တိုက်ခိုက်သဖြင့် ပုသိမ်မြို့ ဝန်မှ ၃ ရက်တိုင်အောင် ခုခံလေ၏။ နောက်ဆုံး မြို့ခံတပ်ပျက်ပြီး စစ်ဗိုလ်နတ်ရှင်ရွေး ကျဆုံးသဖြင့် ပုသိမ်မြို့ ဝန်မှ တပ်ကို ဆုတ်ခွာရလေသည်။ ပုသိမ်မြို့ ကျသော သတင်းလည်း နေပြည်တော်သို့ ရောက်လေသည်။ 

အမရပူရနေပြည်တော်တွင် ပုဂံမင်းသည် ကြက်တိုက်မပြတ်ပေ။ အောက်ပြည်တွင် အင်္ဂလိပ်တပ်များ နှင့် အကြီးအကျယ် စစ်ပွဲ ဖြစ်နေစဉ် ပုဂံမင်းသည် နန်းတွင်းပုရောဟိတ်များ၏ အကြံပေးချက်အတိုင်း မဟာမုနိရုပ်ရှင်တော်မြတ်ကြီး ထံ ဖူးမြှော်ကာ အလှူ အဒါန်းပြုလေသည်။ ထိုစဉ် မည်သူမျှ လျှောက်တင်ခြင်းမရှိဘဲ ပုဂံမင်းသည် မိမိဝတ်ဆင်ထားသော ရွှေသားမကိုဋ္ဋ်တော်ကို ရုတ်တရက် လှူ ဒါန်းလေ၏။ မှူးမတ်တို့လည်း သာဓု ၃ ကြိမ် ခေါ်ကြလေ၏။ ထိုသို့ လှူ ဒါန်းပြီးသည့်နောက် ရှားရှားပါးပါး သတင်းတခုဝင်လာလေသည်။ ပဲခူးတိုက်ပွဲ တွင် အနိုင်ရသော တိုက်ပွဲဖြစ်၏။ 


ဗြိတိသျှ တပ်များသည် ရန်ကုန်နှင့် သန်လျင်ကို သိမ်းပိုက်ပြီးသည့်နောက် ပဲခူးမြို့ ကို တိုက်ခိုက်ခြင်းဖြစ်လေသည်။ သို့သော် ပဲခူးတွင် ခုခံနေသော ဗိုလ်မှူးနှင့် စစ်သည်ရဲမက်များ အပြင်းအထန်ခုခံသဖြင့် ဗြိတိသျှ တပ်များ ဆုတ်ခွာလေ၏။ ဗြိတိသျှ များသည် လူသူအင်အား ပြန်လည် စုဆောင်းရန်နှင့် ရိက္ခာဖြည့်ရန် ဆုတ်သွား ခြင်းသာဖြစ်သည်။ 

ဗြိတိသျှများသည် ကုန်းလမ်းကို အသုံးမပြုဘဲ မြစ်ကြောင်းအတိုင်းချီတက်ပြီး မြစ်ကမ်းတလျှောက်ရှိ ခံတပ်များကို တဖြည်းဖြည်းခြင်း တိုက်ခိုက်ခြင်းဖြင့် အင်းအားလျော့နည်းအောင် ပြုမူတိုက်ခိုက်လေသည်။ ထိုသို့ ပုဂံမင်း တပ်များနှင့် ဗြိတိသျှ တပ်များ တိုက်ကြရာ ၅ လ ကျော်ကြာတွင် ပုဂံမင်းဘက်မှ နယ်မြေများစွာ ရူံးနိမ့်ရပြီး ဗြိတိသျှ များသည် ပြည်မြို့ အထိ ချီတက်လာနိုင်လေသည်။ 

အမရပူရနေပြည်တော်တွင်လည်း နိုင်ငံရေးမှာ ရူပ်ထွေးနေလေတော့သည်။ ဗြိတိသျှ များ ချီတက်သည်ကို အခွင့်ကောင်းယူကာ မနာလိုသူ အမတ်များမှ သုံးဆယ်မြို့ စားကို ချောက်တွန်းကြလေရာ ပုဂံမင်း အမိန့်ဖြင့် သုံးဆယ်မြို့ စား၏ မိသားစု အားလုံး ထောင်ကျလေ၏။ သုံးဆယ်မြို့ စားလည်း ကြံရာမရ အင်္ဂလိပ်တို့ထံ ခိုလူံလေသည်။ ထိုသို့ ဖြင့် ဗြိတိသျှများကို မတိုက်ဝံ့သော မြို့ စားများသည် ဗြိတိသျှတို့ထံ လက်နက်ချလေသည်။ 

ပုဂံမင်းဘက်မှ စေလွှတ်သော ဘုရင့်တပ်ကို ဦးဆောင်သူမှာ စစ်သူကြီးမဟာဗန္တုလ၏ သား ဖြစ်ပြီး သူ၏ ရွပ်ရွပ်ချွန်ချွန်ခုခံမူကြောင့် စစ်ပွဲမှာ အင်္ဂလိပ်များထင်သလို မလွယ်ကူဘဲ ၈ လနီးပါး ကြာမြင့်လေသည်။ ပုဂံမင်းဘက်မှ လည်း လက်မလျော့၊ ဗြိတိသျှ တို့သည်လည်း မြန်မာ့အင်ပါယာ တခုလုံးကို သိမ်းပိုက်လိုသဖြင့် တဖြည်းဖြည်း ခြင်း အချိန်ဆွဲကာ ချီတက်မြဲချီတက်လေ၏။ 

ထိုစဉ် အမရပူရနေပြည်တော်တွင် ပုဂံမင်း၏ ငယ်ထိန်းတော် ဟင်္သာတမြို့ အား အပိုင်ပေးခြင်းခံရသည့် မိရွဲ၏ ညီမ မိဘဲအိမ် ဓားပြတိုက်ခံရလေသည်။ ရဲမက်များသည် ထို ဓားပြနောက် လိုက်ကြရာ ကနောင်မင်းသား အိမ်တော်ဥယျာဉ်တော်အတွင်း ၀င်ရောက် ပျောက်ကွယ်သွားသဖြင့် ရဲမက်များဆက်မလိုက်ဝံ့ဘဲ နေပြည်တော်မြို့ တော်ဝန် ထံ သွားရောက် လျှောက်တင်ကြလေ၏။ မြို့ တော်ဝန်လည်း မင်းသားများ၏ အိမ်တော် ဖြစ်သဖြင့် ဘုရင်ထံ သွားရောက် လျှောက်တင်လေသည်။ 

ထိုနောက် မင်းအမိန့်ဖြင့် ကနောင်မင်းသား အိမ်တော်ကျွန် များကို ဖမ်းဆီးရန် ရဲမက်များ ရောက်လာလေ၏။ သို့သော် ကနောင်မင်းသားမှ လက်မခံသဖြင့် လွှတ်တော်ခုံရုံးရှိ မင်းတုန်းမင်းသား၏ စာရေးကြီး နှင့် ကနောင်မင်းသား၏ စာရေးကြီး နှစ်ဦး ကို ဖမ်းဆီးကာ အိမ်တော်ကျွန်များကို မြို့ တော်ဝန်လက်သို့ အပ်ရန် နှင့် မင်းသားနှစ်ပါး နန်းတော်သို့ ၀င်ရန် အမိန့်တော်ရောက်လေ၏။ ကနောင်မင်းသားမှ မင်းတုန်းမင်းသား နှင့် တိုင်ပင်ပါရစေဟု ဆိုကာ အချိန်ခေတ္တဆွဲလေသည်။ 

အမရပူရနေပြည်တော်တွင် ကနောင်မင်းသား နှင့် မင်းတုန်းမင်းသား ၏ သြဇာကို အံ့တုနေသူ တဦး ရှိသည်။ ထိုသူသည် ပုဂံမင်း၏ ယောက်ဖတော်သူ ဦးပွား ဖြစ်၏။ ကနောင်မင်းသား သည် နောင်တော်မင်းတုန်းမင်းသား ကို အကြောင်းများ ရှင်းပြပြီး နန်းတော်သို့ မ၀င်သင့်ကြောင်း အကြံပေး၏။ မင်းတုန်းမင်းသားသည် စိတ်နှလုံးကောင်းသူဖြစ်ပြီး နောင်တော်ပုဂံမင်း သည် ကြက်သာ တိုက်သော်လည်း နှလုံးကောင်းသူဖြစ်သဖြင့် ၀င်သင့်ကြောင်း ပြောကာ ခေါင်းမာစွာဖြင့် ကနောင်မင်းသား၏ အကြံကို လက်မခံပေ။ 

ထိုပြင် မင်းတုန်းမင်းသား မှ မိမိတို့သည် အပြစ်မကျူးလွန်ထားသည့်အတွက် မည်သည့်ကိုမှ ကြောက်စရာ မလို ဟု ပြောကာ နန်းတော်သို့ ၀င်ရန် ပြင်ဆင်လေ၏။ ကနောင်မင်းသားလည်း ကြံရာမရ ဖြစ်ပြီး မင်းတုန်းမင်းသား ၏ မိဖုရားကြီး ကို အကူအညီတောင်းလေ၏။ မိဖုရားကြီးသည် ပုဂံမင်း၏ ညီမတော် အရင်းဖြစ်ပြီး ဗေဒင်ပညာ နှင့် အတိတ်နိမိတ်များကို ဖတ်တတ်သူဖြစ်ပြီး မင်းတုန်းမင်းသား ၏ အချစ်ဆုံး ဖြစ်သည်။ မိဖုရားမှ မင်းတုန်းမင်းသားကြီး ကို ကိန်းခန်းများ၊ နိမိတ်ကြီး များ ဖြင့် အကျယ်တ၀င့် ရှင်းပြပြီး ထွက်တော်မူမှ ပြည်သူအပေါင်းချမ်းသာရာ ရမည်ဟု အစရှိသဖြင့် ပရိယာရ်သုံး ပြောမှ မင်းတုန်းမင်းသား သည် ကနောင်မင်းသား၏ အကြံကို လက်ခံလေတော့သည်။ 

အောက်ပြည် တွင်လည်း ဗြိတိသျှ များ နှင့် စစ်ပွဲသည် မပြီးပြတ်သေးဘဲ နေပြည်တော်တွင်လည်း အာဏာလုပွဲကြောင့် မင်းတုန်းမင်းသား ဦးဆောင်မည့် ပုန်ကန်မူလည်း ပေါ်ပေါက်လာရာ ဗြိတိသျှတို့သည် ညီနောင်နှစ်ပါး နန်းလုပွဲ ကို မမူ့ဘဲ ဖြည်းဖြည်းခြင်း ချီတက်မြဲချီတက်လေ၏။ ပုဂံမင်း၏ တပ်များလည်း ဆုတ်ခွာရန် ဘုရင့်အမိန့်မလာသဖြင့် မိမိတို့ တတ်နိုင်သမျှ ခုခံမြဲခုခံလေသည်။


Share:

No comments:

Post a Comment