ပြည်မင်းသား၏ သားတော် ပြည်ထိပ်တင်တုတ် အကြောင်း

ပြည်မင်းသားကြီးသည် သာယာဝတီမင်း၏ မိဖုရားခေါင် လုပ်ကြံမူကြောင့် ရာဇ၀တ်သား ဖြစ်သွားရလေတော့သည်။ မိဖုရားခေါင်၏ အမိန့်ဖြင့် အနယ်နယ်အရပ်ရပ် နန်းတွင်းရဲမက်များ စေလွှတ်ကာ မင်းသားကြီး နှင့် သားတော် ၄ ပါးကို အသေရရ၊အရှင်ရရ ဖမ်းစေလေသည်။ ပြည်မင်းသားကြီးတွင် သားတော် ၅ ပါး နှင့် သမီးတော် ၁ ပါး ရှိလေ၏။

(၁) သတိုးမင်းစော၊ အသက် ၁၇ ၊ တပ်မှူး
(၂) သတိုးမင်းဖျား၊ အသက် ၁၅၊ တပ်မှူး
(၃) သတိုးမင်းလှ၊ အသက် ၁၂
(၄) သတိုးမင်းဒင်၊ အသက် ၉၊
(၅) ပြည်ထိပ်ခေါင်တင်၊ အသက် ၇၊
(၆) ပြည်ထိပ်တင်တုတ်၊ အသက် ၃၊


အရေးအခင်းဖြစ်ပွားသော် သားတော်ကြီး တို့သည် ဆင်ကိုယ်စီဖြင့် အိမ်တော်တွင် ရှိသော ရဲမက်တော် တချို့ ဖြင့် လက်ဝဲတော်မှူး၏ တပ်ကို ထိုးဖောက်ကာ ဖခမည်းတော်ကို ခေါ်ထုတ်ကာ နေပြည်တော်မှ ခွာတော်မူလေ၏။ ထိုသို့ ခွာရာတွင် အိမ်တော်ရှိ လူသူအားလုံး စီစဉ်ထားခြင်းမရှိဘဲ မိမိ အသိနှင့် အသက်ကို အလွန်ရုန်း လုပ်ကြခြင်း ဖြစ်လေ၏။ ထိုကြောင့် ပြည်မင်းသား၏ မိဖုရား ပြည်ထိပ်ထားသည် ကိုယ်ဝန်အရင့်အမာ နှင့် သမီးတော်လေး ပြည်ထိပ်ခေါင်တင် ကို ရင်ခွင်ပိုက်ကာ အိမ်တော်တွင် ကျန်ရစ်နေလေသည်။

ပြည်ထိပ်ထား နှင့် ခြွှေရံတော် တချို့ သာ ကျန်ရစ်နေလေ၏။ မိဖုရားခေါင်ကြီးသည် ပြည်မင်းသားကိုသာ အမြန်သုတ်သင်လိုသဖြင့် ပြည်ထိပ်ထား ကို အာရုံမစိုက်နိုင်ပေ။ သို့သော် ပြည်ထိပ်ထားကို အကျယ်ချူ ပ်ဖြင့် ယာယီ ထားလေ၏။ ထိုထဲတွင် သားတော်အငယ်ဆုံး ပြည်ထိပ်တင်တုတ်ကလေး ကို မည်သူမှ သတိ မထားမိလိုက်ပေ။ ပြည်ထိပ်ထား သည်လည်း မိမိသားငယ် သေဆုံးပြီဟုသာ ထင်ကာ အလွန်ကြေကွဲနေရလေ၏။

အသက် ၃ နှစ် အရွယ် ပြည်ထိပ်တင်တုတ်ကလေး၏ အကြောင်းမှာ- ထိုခေတ်က မင်းမျိုးမင်းသွေး ကလေးငယ်များ အတွက် အထိန်းတော်ခန့်အပ်ရာတွင် ပကတိ ကျန်းမာသန့်ရှင်းသူ၊ သွက်လက်ချက်ချာသူ၊ အမျိုးအနွယ် ကောင်းသူများထဲမှ ရွေးချယ်ခန့်ထားလေရာ အများအားဖြင့် အထိန်းတော်များကိုယ်တိုင် နို့ချို တိုက်ကျွေး ယုယကြရ၏။

ပြည်ထိပ်တင်တုတ်ကလေး၏ အထိန်းတော်မှာ မငြိမ်းသာ ဖြစ်၏။ မငြိမ်းသာသည် အထက်ပါ အရည်အချင်း များပြည့်မှီ သည့်အပြင် ဖြတ်ထိုးဥာဏ်လည်း ကောင်းသူဖြစ်ပုံရ၏။ အိမ်တော်ကို ဘုရင့်ရဲမက်များ ၀ိုင်းရံလာသည့်နှင့် တပြိင်နက် ထိုခေတ်က ဖြစ်နေကျ ဇာတ်ကွက်ကို သိသူဖြစ်သဖြင့် ကလေးကို မြဲမြဲချီကာ အတွင်းပစ္စည်း အဖိုးတန်တချို့ ကို ပါနိုင်သမျှ ပါအောင် ယူပြီး အိမ်တော်နောက်ဖေး လျှို့ ဝှက်တံခါးမှ တယောက်တည်း ထွက်ပြေးလေ၏။ အိမ်တော်သည် အလွန်ကြီးရာ အိမ်ဆောင် တဆောင်နှင့် တဆောင် အလွန်ပင်အလှမ်းဝေးသဖြင့် မငြိမ်းသာသည် ဘုရင့်တပ်များ အိမ်တော်အဆောင် အားလုံးကို မ၀ိုင်းရံနိုင်မှီ အချိန်မှီ ထွက်ပြေးနိုင်လေ၏။

ညနေစောင်းအချိန်ဖြစ်ပြီး ပတ်ဝန်းကျင်လူများမှ အုတ်အုတ်သဲသဲ ဖြစ်နေသည်ကို အခွင့်ကောင်းယူကာ လူအုပ်ထဲသို့ ရောကာ အလွတ်ရုန်းထွက်ခဲ့လေသည်။ မငြိမ်းသာသည် ပါးနပ်သူဖြစ်လေရာ မိမိဝတ်ဆင်ထားသော အ၀တ်အစားများကို လမ်းဘေးရှိ ဆင်းရဲသူ မိန်းမပျို  တဦးဖြင့် ရအောင်လှဲလှယ်ပြီး ဆင်းရဲသူ အသွင် ယူကာ နေပြည်တော်မှ ဝေးနိုင်သမျှ ဝေးအောင် ပြေးလေ၏။

သို့သော် မငြိမ်းသာ၏ အခက်အခဲမှာ ပြည်ထိပ်တင်တုတ်ကလေးသည် မင်းမျိုးဖြစ်သဖြင့် စကားတတ်စ အရွယ်ဖြစ်ကာ ဗိုက်ဆာလျှင် "နို့မေ၊မောင်မောင် ပွဲတော်ဆာပြီ" ဟု မကြာမကြာ ပူဆာ သဖြင့် ဘေးက လူတွေမှ ထူးထူးဆန်းဆန်း ကြည့်သဖြင့် မငြိမ်းသာ အလွန်အမြန် ထိုနေရာမှ ပြေးထွက်ရလေ၏။ ညဆိုလျှင် မင်းသားလေး ကြောင့် ရွာထဲတွင် မနေ၀ံ့ဘဲ တောတောင်များထဲတွင်သာ ပင်ပန်းစွာနေရလေ၏။

မငြိမ်းသာသည် ပြေးရာလမ်းတလျှောက်လုံးတွင် ထိပ်တင်တုတ်ကလေး ကို စကားအသုံးအနူန်း ပြန်သင်ပေးရလေ၏။ နောင်ကိုပွဲတော်ဆာတယ် မပြောနဲ့နော် ၊ ထမင်းဆာတယ်ပြော ၊ နို့မေ လို့ မခေါ်နဲ့ အမေ လို့ ခေါ် စသဖြင့် အသက်အန္တာရာယ်ကြောင့် အသက် ၃ နှစ်သားလေးကို ပင်ပန်းစွာ သင်ပေးရရှာလေ၏။ မငြိမ်းသာ ထိုသို့ ထွက်ပြေးရင်း သီလရှင်ချောင်တခု ကို တောအရပ်တွင်တွေ့ရာ နေထိုင်ခွင့်တောင်းသဖြင့် သီလရှင်တို့လည်း သနားကာ ပေးနေလေ၏။

ထိုသို့ မငြိမ်းသာသည် ထွက်ပြေးနေစဉ် ပြည်မင်းသားကြီးနှင့် သားတော် ၄ ပါးတို့သည် လမ်းခုလတ်တွင် ဘုရင့်ရဲမက်များ၏ ဖမ်းဆီးခြင်းကို ခံရလေသည်။ ခုခံရန် အင်အားမရှိသော ပြည်မင်းသားကြီး ကို ဖမ်းဆီးရာတွင် ဦးဆောင်သူမှာ ပုဂံမင်းသား ဖြစ်သည်။ ပုဂံမင်းသားသည် မိမိ၏ ထီးပြိုင်နန်းပြိုင် ဖြစ်သူ နောင်တော်လည်း တော်စပ်သူကို အရှင်မထားလိုပေ။ ထို့ကြောင့် ဘုရင့်အမိန့်ဟု ဆိုကာ ထုံးစံအတိုင်း ရေချသတ် လေသည်။

အနောက်နန်းမတော် မမြကလေးကိုလည်း ထိုနည်းအတိုင်း ရေချ သတ်လေသည်။ နန်းတွင်းအရေး အလွန်ရူပ်ထွေးနေသည်များသည် တခန်းရပ်သွားလေတော့သည်။ ပြည်မင်းသား၏ မိဖုရား ပြည်ထိပ်ထား နှင့် သမီးတော်လေး တို့မှာ ထို အဖြစ်ဆိုးများကို ကိုယ်တိုင်မြင်ရသဖြင့် ပရိဒေ၀မီးရှိန် ကို အလွန်အမင်းခံစားနေရကာ မသေရုံတမည် ယဲ့ယဲ့လေးသာ ကျန်ရှိနေတော့၏။

ကံကောင်းသည်မှာ ပုဂံမင်းသား ၏ နှမတော် (နောင်အခါ မင်းတုန်းမင်း၏ စကြာဒေ၀ီ မိဖုရားခေါင်) မှ အကာအကွယ်ပေးထားသဖြင့် ပြည်ထိပ်ထားနှင့် သမီးတော်လေး တို့မှာ အသက်ဘေးမှ လွတ်မြောက်ရခြင်း ဖြစ်လေ၏။ ထိုသို့ ပြည်မင်းသားတို့ကို ကွပ်မြက်လိုက်ပြီးသည့်အချိန်တွင် မငြိမ်းသာတို့သည် တောအရပ်ရှိ သီလရှင်ချောင်တွင် နေထိုင်နေခိုက်ဖြစ်သည်။

မငြိမ်းသာသည် ထိပ်တင်တုတ်ကလေး ကို မိမိရင်ခွင်မှမကွာ စောင့်ရှောက်၏။ တခုသော နေ၀င်ဆည်းဆာ အချိန်တွင် မငြိမ်းသာတို့ သီလရှင်ချောင် သို့ လူတစုလာသည်ကို တွေ့မြင်နေကြ၏။ အနားရောက်သော် ပြည်မင်းသားကြီး နှင့် သားတော် ၄ ပါး ဖြစ်နေသည်ကို မငြိမ်းသာ မြင်ရသောအခါ အလွန်အံ့သြကာ နေရာမှ မရွှေ့နိုင်ဘဲ ဖြစ်နေလေ၏။ ထိပ်တင်တုတ်ကလေးမှာ သူ၏ နောင်တော်ကို မြင်သဖြင့် နောင်တော် နောင်တော် ဟု လက်ကလေး လှမ်းကာ ခေါ်နေလေတော့၏။ သို့သော် မငြိမ်းသာ မြင်တွေ့သော ပြည်မင်းသားကြီးတို့မှ လူဘ၀ မဟုတ်တော့ပေ မျက်စီမျက်နှာ ညှိုးနွမ်းလျက် ရွှင်လန်းခြင်း မရှိကြဘဲ မငြိမ်းသာတို့ ရှေ့မှ ဖြတ်လျှောက်ကာ တောအရပ်သို့ ၀င်ရောက်ပျောက်ကွယ်သွားလေတော့သည်။

ထိုအခါ ထိပ်တင်တုတ်ကလေးမှ အော်ဟစ်ငိုကြွေးလေတော့မှ မငြိမ်းသာ သတိပြန်ဝင်ကာ ထိပ်တင်တုတ်လေး ကို ဖက်ကာ မျက်ရည်များကို မဆည်နိုင်ဘဲ ငိုကြေးလေတော့၏။ ထိုသို့ မကြံစဖူး မကောင်းသောနိမိတ် ကို သီလရှင် တချို့ လည်း မြင်တွေ့ သဖြင့် ကြောက်လန့်ကာ သီလရှင်ကြီး ကို လျှောက်တင်ကြလေ၏။ သီလရှင်ကြီးလည်း မငြိမ်းသာကို တရားများ ဟောပြကာ စိတ်အေးချမ်းစေလေ၏။ မငြိမ်းသာလည်း ပါသမျှ ကို သီလရှင်ကြီးဆီ လှူ ဒါန်းကာ မိမိ၏ ကိုယ်တော်များကို အမျှဝေပေးလေ၏။

မငြိမ်းသာသည် သတိရှိသူဖြစ်သဖြင့် ညတွင်းချင်း အထုပ်များပြင်ကာ သီလရှင်ချောင်မှ ထွက်ပြေးလေတော့သည်။ မငြိမ်းသာသည် ထိပ်တင်တတ်ကလေးကို သေချာထိန်းကာ ရက်များမကြာမီ မငြိမ်းသာ၏ ဇာတိရွာ သို့ ရောက်လာလေတော့သည်။ ရွာရောက်သော် ဇာတ်လမ်းအတုများကို ပြောပြကာ ဆွေမျိုးများကို အယုံသွင်းပြီး ရွာတွင် အခြေချလေတော့သည်။

နေပြည်တော်တွင်လည်း ထိပ်တင်တုတ်ကလေးကို လိုက်ရှာသော ရဲမက်များမှ သေဆုံးပြီးဖြစ်ကြောင်း လိမ်ညာလျှောက်တင်ကြသဖြင့် အရှာအဖွေလည်း ရပ်သွားလေတော့သည်။ နန်းတော်တွင် မိဖုရားခေါင်ကြီး နှင့် သးတော် ပုဂံမင်းသား တို့၏ အာဏာသည် တနေ့ထက်တနေ့ ထက်လာလေတော့သည်။ ပုဂံမင်းသား မှာမူ အုပ်ချူ ပ်ရေးကို စိတ်မ၀င်စားဘဲ နေ့စဉ် ကြက်တိုက်၊ လောင်းကစားများဖြင့်သာ အချိန်ကုန်စေလေ၏။ နန်းတော်လွှတ်တော်တွင် မိဖုရားခေါင်၏ အာဏာသံ သာရှိနေလေတော့သည်။

ထိုသို့ သားအမိနှစ်ဦး ရက်စက်ဆိုးသွမ်းနေချိန်တွင် သမီးတော်ဖြစ်သော တပင်တိုင်မင်းသမီး စုမင်းသမီးလေး သည် အလွန်စင်ကြယ်သူ စိတ်သဘောကောင်းသူဖြစ်၏။ မိခင် နှင့်မတူဘဲ ဆွေတော်မျိုးတော် များကို မိမိ၏ နန်းဆောင်တွင် ခေါ်ယူကာ အကာအကွယ်ပေးထားလေ၏။ ယင်းတောဝန်ကြီး၏ သားဖြစ်သူ ယောအတွင်းဝန်လောင်း မောင်ဘိုးလိုင် (အသက် ၁၆) နှစ်ကိုလည်း သေဒဏ်မှ လွတ်မြောက်အောင် လုပ်ပေးကာ မိမိ၏ မွေးစားသား အဖြစ် အနီးတွင် ခေါ်ယူထားလေ၏။

စကြာဒေ၀ီ လောင်း စုမင်းသမီး ကယ်တင်ထားသော ဆွေတော်မျိုးတော် စာရင်းမှာ-

(၁) မြတောင်မင်းသမီး၏ သမီးတော် အကြီးမင်းမြတ်စိုး (၂၃ နှစ် )
(၂) မြတော်မင်းသမီး၏ သမီးတော်အငယ် မင်းမြတ်လှ (၂၀ နှစ် )
(၃) နန်းမတော် မယ်နု ၏ သမီးတော် မယ်စု (၁၉ နှစ် ) ( စုဖုရားလတ်၏ အမေဖြစ်လာမည့်သူ)
(၄) မမြကလေး၏ သမီးတော် လိုင်ထိပ်ခေါင်တင် (၁၃ နှစ်)
(၅) စကြာမင်းသား၏ သမီးတော် ကန္နီထိပ်ခေါင်တင် (၁၂ နှစ် )
(၆) ပခန်းမင်းသား၏ သားတော် ခင်အုံးပွင့်
(၇) ပခန်းမင်းသား၏ သမီးတော် မြင်းခုံတိုင် မင်းသမီး
(၈) ပခန်းမင်းသား၏ သမီးတော် ကောင်းတုန် မင်းသမီး
(၉) ပြည်ထိပ်ထား (ပြည်မင်းသားကြီး၏ မိဖုရား)
(၁၀) ပြည်ထိပ်ခေါင်တင် (ပြည်ထိပ်ထား ၏ သမီးတော်) (၇ နှစ် )

ထိုသို့ စုမင်းသမီးမှ မိမိ တတ်နိုင်သမျှ  နောင်တော်နှင့် မယ်တော် ကို အာခံကာ ဆွေတော်မျိုးတော် များကို ကယ်တင်ထားလေ၏။ မယ်တော် မိဖုရားခေါင်မှ မိမိအလိုပြည့်ပြီဖြစ်သဖြင့် သာယာဝတီမင်း နတ်ရွာစံရန် သာ စောင့်နေလေတော့၏။ ထိုသို့ ပြည်မင်းသားကြီးကို ဖယ်ရှားပြီးသော် သာယာဝတီမင်း၏ ရောဂါကို အမတ်များကို ပေးသိလေ၏။ ထိုနောက် သားတော် ပုဂံမင်းသည် မှူးမတ်များ ထောက်ခံချက်ဖြင့် အိမ်ရှေ့စံ တင်ကာ ထီးဖြူ ဆောင်းစေပြီး သာယာဝတီမင်းကိုယ်စား တိုင်းပြည်ကို အုပ်ချူ ပ်စေလေသည်။

သာယာဝတီမင်း ၏ရောဂါ သည် တနေ့တခြား ဆိုးသွမ်းလာကာ နောက်ဆုံး မိဖုရားခေါင်ကိုပင် မမှတ်မိတော့ သဖြင့် အကျယ်ချူ ပ်ထားရလေတော့သည်။ ထိုရူးသွပ်သော ရောဂါဖြင့် သာယာဝတီမင်းသည် အေဒီ ၁၈၄၆၊ ၁၀ လ၊ ၁၅ ရက်တွေ ကံကုန်ကာ သက်တော် ၅၉ တွင် နတ်ရွာစံတော်မူလေသည်။  နတ်ရွာစံသော် မိဖုရားခေါင်ကြီးမှ ခမ်းနားစွာ ပြင်ဆင်ကာ အလောင်းတော်ကို ၁ လတိုင်အောင် နန်းတော်တွင် ထားပြီး ပြည်သူအများကို လာရောက် ပူဇော်စေလေ၏။

ပုဂံမင်းသား သည် ၁၁ လပိုင်း ၁၇ ရက်နေ့တွင် အမရပူရရွှေနန်းတော်ကြီး ကိုသိမ်းကာ ဘုရင်အဖြစ် ဘိသိတ်ခံယူလေသည်။ ထိုနောက် မှ ၁၁ လ၊ ၂၀ ရက်တွင် သာယာဝတီမင်း၏ ရုပ်အလောင်းကို မီးပူဇော်သင်္ဂြိုဟ်ကာအရိုးတော် ကို ရွှေလှော်ကား ဖြင့် တင်ကာ မြစ်လယ်သို့ ချလေ၏။

ပုဂံမင်းသား မှ မင်းအဖြစ်သို့ရောက်သော် မင်းသားဘ၀က သောက်စား၊ပျော်ပါးခဲ့သော မင်းသား၏ လူမိုက်များသည်လည်း နန်းတွင်းတွင် ချယ်လှယ်လာနိုင်ကြလေ၏။ ထိုထဲတွင် ပေါ်တူဂီလူမျိုး ဘိုင်ဆပ် ဆိုသူသည် ပုဂံမင်း၏ ယုံကြည်မူကို လုံးဝရသူဖြစ်၏။ ဘိုင်ဆပ်သည် ကြက် ငှက် ကိုင်တွယ်ရေးတွင် အလွန်ကျွမ်းကျင် သဖြင့် ပုဂံမင်းသား ကြက်တိုက်သည့်အခါ ကြက်ကောင်းများကို ရွေးချယ်ပေးသဖြင့် မင်းသားမှ အလွန် ယုံကြည်အားကိုးလေ၏။

ဘိုင်ဆပ်သည် ပုဂံမင်းသား ဘုရင်ဖြစ်သော် မျက်နှာပိုမိုလိုချင်သဖြင့် မိမိလုပ်နိုင်မည့်အရာများကို လေ့လာသော် ပြည်ထိပ်တင်တုတ်ကလေး အကြောင်းကို စုံစမ်းမိလေ၏။ လူလည်ပီပီ မင်းသားလေး သေဆုံးသွားသည်သော သတင်းကို မယုံကြည်သဖြင့် မိမိ၏ တပည့်များကို သေချာစွာ စုံစမ်းစေရာ နောက်ဆုံးတွင် မငြိမ်းသာ နှင့် ပြည်ထိပ်တင်တုတ်ကလေး ကို ဖမ်းမိလေ၏။

မငြိမ်းသာ တို့ကို ပုဂံမင်း ဘုရင်ဖြစ်ပြီး ၂ နှစ်တွင် ဖမ်းဆီးရမိခြင်းဖြစ်လေ၏။ ထိုသတင်းကို စုမင်းသမီး ကြားသိ ရသောအခါ ပုဂံမင်း၏ မိဖုရားခေါင်ဖြစ်သူ မင်းရွှေကြုတ်ထံ အခစားဝင် အကူအညီတောင်းလေတော့သည်။ မင်းရွှေကြုတ်သည် ဘိုင်ဆပ်လုပ်ရပ်များ ကို ကြည့်မရသူဖြစ်ပြီး၊ စိတ်ရင်းကောင်းသူလည်း ဖြစ်တာကြောင့် မိမိကူညီမည်ဟု စုမင်းသမီးကို ကတိပေးလေ၏။

ဘိုင်ဆပ်လည်း မိမိအကြံအောင်မြင်ပြီဟု ပျော်ရွှင်စွာ နှင့် မင်းညီလာခံတွင် ပုဂံမင်းအား "ရန်သူတော်ကလေး မိလာပါပြီဘုရား၊ ရှုစားတော်မူပါဘုရား" ဟု မငြိမ်းသာ နှင့်ထိပ်တင်တုတ်ကလေး ကို ရှေ့တော်သို့ သွင်းလာလေသည်။ ထိုအခါ မိဖုရားခေါင်ကြီးမှ ချက်ခြင်း ဘယ်က ရန်သူလဲ၊ ဒီကလေးက ငါတို့ တူတော်ကလေး ပါကလား ဟု ခပ်ပြတ်ပြတ် မိန့်တော်မူလေ၏။ ဘိုင်ဆပ်က မိမိအကြံပျက်မည် ဆိုးသောကြောင့်" ရွှေနား ဆင်တောမူပါ ဘုရား၊ ဒီကလေး ကို ဆင်အောင်းသော လမ်းမှာ ချထားလိုက်ရုံပါပဲ ဘုရား "ဟု ထပ်မံလျှောက်တင်ပြန်လေ၏။

သို့သော် မိဖုရားခေါင်ကြီး၏ မျက်နှာထားကို ပုဂံမင်းမှ ရိပ်မိသဖြင့်" အိန်း.. ရှိစေ၊ ရှိစေ၊ ဒီကျန်ရစ်သားကလေး ချမ်းသာပါစေကွယ်၊ သူ့ကို ကောင်းကောင်း စောင့်ရှောက်ထားလိုက်ပါ" ဟု မိန့်သဖြင့် ဘိုပ်ဆပ်အကြံပျက်လေ၏။ သေကံမရောက်မသက်မပျောက်သော ထိပ်တင်တုတ်ကလေးသည် နောက်ဆုံး မွေးမိခင်နှင့် ပြန်လည် ဆုံတွေ့ရလေ၏။ မငြိမ်းသာ သည် မိမိဖြစ်ပျက်သည်အားလုံး ကို စုမင်းသမီးကြီး နှင့်တကွ အဆောင်တွင်းရှိ အားလုံးကို ပြောပြလေရာ ကြားရသူအားလုံး စိတ်မချမ်းမသာ ဖြစ်ကာ ထိပ်တင်တုတ်လေး နှင့် မငြိမ်းသာကို ပိုမို သနားချစ်ခင် လာကြလေ၏။ သို့သော် မငြိမ်းသာသည် နေပြည်တော်တွင် မနေဘဲ ထိပ်တင်တုတ်ကလေး နှင့် မိခင် ပြည်ထိပ်ထား တို့ကို ပြန်လည် ပေါင်းစေပြီးသော် အောက်ပြည်အောက်ရွာ သို့ ထွက်သွားလေတော့၏။


Share:

No comments:

Post a Comment