သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ

သာယာဝတီမင်း၏ သားတော်ကြီးများ ဖြစ်သော ပြည်မင်းသား၊ ပခန်းမင်းသား၊ ပုဂံမင်းသား၊ မင်းတုန်းမင်းသား နှင့် ကနောင်မင်းသား တို့သည် ငယ်စဉ်ကတည်းက အပြိုင်အဆိုင် စင်ပြိုင်ပြီး ကြီးပြင်းလာကြရသည်။ သာယာဝတီမင်း မှ အင်းဝထီးနန်းကို သိမ်းပိုက်နိုင်ချိန်တွင် မင်းသားများကြားတွင် ပြိုင်ဆိုင်မူ မှာ ပိုမို ကြီးထွားလာကြလေသည်။ သားတော်အကြီးဆုံးမှာ ပြည်မင်းသားဖြစ်လေသည်။



ပြည်မင်းသားကြီး သည် ဆက်ဆံရေးအလွန်ပြေပြစ်သူ ဖြစ်သောကြောင့် လူချစ်လူခင်များလေသည်။ လွှတ်တော်တွင် သြဇာအာဏာကြီးသော ယင်းတောဝန်ကြီး နှင့်လည်း အလွန်တည့်သူဖြစ်လေ၏။ ထိုကာလတွင် သာယာဝတီမင်းကလည်း သဘောကျ၊ လွှတ်တော်ကလည်း သဘောတူ၊ ပြည်သူအများကလည်း ချစ်ခင်သူ ပြည်မင်းသားကြီး သည် ပြိုင်ဘက်မရှိ ထီးနန်းကို ထိုက်တန်သူ ဖြစ်နေလေသည်။

ထိုသို့ အဘက်ဘက်က သဘောတူကြသော်လည်း ဆန့်ကျင်သူ တဦး ရှိနေလေသည်။ ထိုသူမှာ သာယာဝတီမင်း၏ တောင်နန်းစံ မိဖုရားကြီးခေါင် ပင်ဖြစ်လေ၏။ မိဖုရားကြီးခေါင် ၏ သားတော်မှာ ပုဂံမင်းသား ဖြစ်သည်။ အပေါင်းအသင်း အပျော်အပါး အလွန်မက်သူဖြစ်လေ၏။ တနေကုန် ကြက်တိုက်၊ အရက်သောက် ထန်းတော တွင်သာ အချိန်ဖြုန်းနေလေ့ရှိသည်။ သို့သော်လည်း မိဖုရားကြီးသည် မိမိ၏သားကို ထီးနန်း ဆက်ခံ စေချင်လေ၏။ ထိုကြောင့် နာမည်ကြီးလာသော ပြည်မင်းသားကို သုတ်သင်ရန် အစီအစဉ်ချလေတော့ သည်။

ပြည်မင်းသား ၏ သားတော် သတိုးမင်းစော ကို ကုန်းဘောင်မင်းတို့၏ ထုံးစံအတိုင်း အနောက်နန်းစံ မိဖုရား မမြကလေး၏ သမီးတော် လိုင်ထိပ်ခေါင်တင် နှင့် သာယာဝတီမင်းမှ လက်ဆက်စေလိုလေ၏။ ထိုအရေးကို တောင်နန်းစံ မိဖုရားကြီးမှ သဘောမတူပေ။ မိဖုရား မမြကလေးသည် သာယာဝတီမင်း၏ အချစ်တော် ဖြစ်သဖြင့် ပြည်မင်းသား တန်ခိုးအာဏာ ပိုမိုကြီးလာမည့် အရေးကိုသာ တွေးပြီး ထိုအရေး မပျက် ပျက်အောင် ကြံစဉ်တော့သည်။

ထိုအချိန်တွင် သာယာဝတီမင်း သည် စိတ်ဖောက်ပြန်ရောဂါ စတင်စွဲကပ်လာလေတော့သည်။ တခါတရံ နန်းတော်အဆောင် အတွင်း ပုဆိုးမပါ ဘဲ လျှောက်သွားနေတတ်၏။ စိတ်ဖောက်ပြန်လာလျှင် စိတ်ထင်လျှင် ထင်သလို လက်သုံးတော် လှံတော် ဖြင့် အနီးအနား လူများကို ထိုးသတ်လေ့ရှိလေ၏။ ဘုရင် စိတ်ဖောက်ပြန် လာသည်ကို သတိထားမိသည်မှာ မိဖုရားခေါင်ကြီး နှင့် သူ၏ အပျို တော်များသာ ဖြစ်၏။ ထိုအခါ မိဖုရားခေါင် သည် ဘုရင် စိတ်ဖောက်ပြန်သည်ကို လူသူမပေးသိပေ။

သာယာဝတီမင်း စိတ်အတန်ကောင်းချိန်တွင် မိဖုရားခေါင်ကြီးမှ မိမိ၏ အစီအစဉ်အတိုင်း ယင်းတောဝန်ကြီး ၏ သြဇာကြီးမားလာပုံကို သာယာဝတီမင်း ကြောက်လန့်လာအောင် ပြောလေ့ရှိ၏။ သို့သော် သာယာဝတီမင်း သည် သစ္စာရှိသော ယင်းတောဝန်ကြီးကို ယုံကြည်မြဲ ယုံကြည်၏။ မိဖုရားခေါင်၏ လုပ်ဆောင်ချက် များကို မည်သူမျှ သတိမမူမိပေ။ အေဒီ ၁၈၄၃၊ ၁၀ လပိုင်း တွင် သာယာဝတီမင်း၏ သားတော် တပါးဖြစ်သော ပခန်းမင်းသားသည်  ရောဂါဆန်း ဖြစ်ပြီး နန်းတွင်းသမားတော်များမှ အစွမ်းကုန်ကုသော်လည်း မရဘဲ ကံကုန်တော်မူလေသည်။

သာယာဝတီမင်း သည် မိမိသားတော် ဖြစ်သဖြင့် ကြေကွဲတော်မူလေသည်။ ထိုနေ့မှ စပြီး သာယာဝတီမင်း ၏ ရောဂါမှာ တခါတရံ ထိန်းမရသည်အထိ ပြင်းထန်လာလေသည်။ သာယာဝတီမင်း စိတ်ဖောက်ပြန် သည်ကို မိဖုရားခေါင်မှ လူသူမသိအောင် ထိန်းသိမ်းထားသော်လည်း တဖြည်းဖြည်းဖြင့် အမတ်များ၊ လွှတ်တော် ၀န်ရှင်တော်မင်းမှ ရိပ်မိလာလေ၏။ ညီလာခံတွင် သာယာဝတီမင်းမှ တခါတရံ ပြောချင်သည်များကို လက်လွတ်စပယ် ပြောလေ၏။ ထိုသို့ ပြောလျှင် မိဖုရားခေါင်မှ ညီလာခံ သို့ ၀င်လာပြီး အကြောင်းမျိုးစုံ ပြကာ ဘုရင်ကို ခေါ်ထုတ်သွားလေ့ရှိသည်။
(ကုန်းဘောင်ခေတ် နန်းတော် အပျို တော်များကို ထိန်းချူ ပ်ရသော မိန်းမစိုးချူ ပ်) 

အေဒီ ၁၈၄၄ နောက်ပိုင်းတွင် လွှတ်တော်အစည်းအဝေး သို့ ဘုရင် မတက်တော့ဘဲ သားတော် ပြည်မင်းသား၊ ပုဂံမင်းသား နှင့် မင်းတုန်းမင်းသား တို့မှ ဦးဆောင် ရလေ၏။ အေဒီ ၁၈၄၅၊ ၃ လပိုင်း၊ ၁၆ ရက်နေ့ တွင် ကုန်းဘောင်သမိုင်း ကို တမျိုးတဖုံ ပြောင်းလဲမည့် အခြေအနေ တခု ဖြစ်ပေါ်လာခဲ့သည်။ ဖြစ်ပုံမှာ မင်းတုန်းဝန်တော်ရှင်မင်းကြီး ဦးရွှေတုတ် သည် ယောရွာသားများကို မတရားဖမ်းဆီး နှိပ်စက်သော အာဏာပိုင်သား များထံမှ ကယ်တင်ခဲ့လေသည်။

ယောရွာသား များကို လည်း မဖမ်းဆီးဘဲ လွှတ်ပေးလေ၏။ ထို မတရားဖမ်းဆီးဖို့ အမိန့်ပေးသူမှာ မိဖုရားခေါင်ကြီး၏ ဆွေမျိုးတော်စပ်သူ လက်ဝဲတော်မှူး ဖြစ်လေ၏။ ၀န်တော်ရှင်မင်းကြီး အမိန့်သည် လက်ဝဲတော်မှူးထက် မြင့်သဖြင့် လက်ဝဲတော်မှူးမှ မကျေနပ်ဘဲ မိဖုရားခေါင်ကြီးထံ တိုင်လေ၏။ မိဖုရားခေါင်လည်း ဘုရင့်အမိန့်ဆိုပြီး ၀န်တော်ရှင်မင်းကြီး ကို ဖမ်းဆီးစေလေသည်။

ထိုနောက် ထိုညတွင် ဦးရွှေတုတ် နှင့် သူ၏ သားများသည် အစောင့်အထပ်ထပ်ချထားသော နန်းတော်ရှိ ထောင်မှ ထွက်ပြေးလွှတ်မြောက်သွားလေ၏။ အကြောင်းအရင်းမှန်ကို မည်သူမျှ မသိသော်လည်း ထိုသို့ ထွက်ပြေးလွတ်မြောက်သွားသောအခါ မိဖုရားခေါင်မှ ဦးရွှေတုတ်တို့သည် လူအင်အား သောင်းချီဖြင့် ဘုရင်ကို ပုန်ကန်နေပါပြီဟု သာယာဝတီမင်းအား အယုံသွင်းလေသည်။

သာယာဝတီမင်းလည်း ယုံပြီး လက်ဝဲတော်မှူး ကို ဗိုလ်ချူ ပ်ခန့်ကာ သွားရောက်တိုက်ခိုက်စေလေသည်။ သို့သော် အမှန်တကယ်မှာ ဦးရွှေတုတ်တို့သည် တညအတွင်း လူသူ သောင်းကျော်ကို စုရုံးနိုင်မည်မဟုတ်ပေ။ ဖြစ်လည်း မဖြစ်နိုင်ပေ။ သို့သော် စိတ်မမှန်သော သာယာဝတီမင်း မှာ မစဉ်းစား မသုံးသပ်နိုင်တော့ပေ။ လက်ဝဲတော်မှူး မှ စစ်တပ်အင်အား ၁ သောင်းဖြင့် ချီတက်သွားသော် လွှတ်တော်ဝန်ရှင်တော်မင်း ယင်းတောဝန်ကြီး မှ အကြောင်းအရင်း မှန်ကို သိလိုသဘောဖြင့် ဘုရင်ကို တွေ့ခွင့်ရရင် ဦးတိုက်လျှောက်ထားလေ၏။ သို့သော် တွေ့ခွင့်မရပေ။

ဦးရွှေတုတ်နှင့် သူ၏ သားများကို ဆားလင်းကြီးမြို့ တွင် ဖမ်းဆီးမိပြီး လက်ဝဲတော်မှူးမှ သတ်ဖြတ်လိုက်လေ၏။ ထိုနောက် သူပုန်ကို အောင်နိုင်ကြောင်း နေပြည်တော်ကို သတင်းပို့လေသည်။ ဦးရွှေတုတ် အရေး ကို လွှတ်တော်တွင် မတိုင်ပင်သဖြင့် ယင်းတောဝန်ကြီးမှ အရေးပေါ် အစည်းအဝေး လုပ်ရာ မိဖုရားခေါင်သည် သာယာဝတီမင်းကို ယင်းတောဝန်ကြီး(ယောအတွင်းဝန် ဦးဘိုးလိုင်၏ အဖေ) သည် ဘုရင်အမိန့်ကို အာဏာဖိဆန် နေပြီဟု ထပ်မံ အယုံသွင်း ပြန်လေသည်။

ထိုအကြောင်း များကို ယင်းတောဝန်ကြီး မှ မရိပ်မိဘဲ တရားအမှန်အတိုင်းသာသဖြင့် ဖြစ်လိုသဖြင့်သာ အရေးအခင်း၏ အကြောင်းရင်းမှန်ကို ဆန်းစစ်ဖို့ ကြိုးစားနေလေ၏။ ၁၈၄၅၊ ၈ လပိုင်း၊ ၂၄ ရက်တွင် သာယာဝတီမင်းမှ လွှတ်တော်ဝန်မင်း နှင့် တကွ အမတ်များ ကို မိမိ၏ စံနန်းတော် တွင် ခေါ်တွေ့လေ၏။ မင်းသားများကိုကာ မခေါ်တွေ့ ပေ။ အမတ်များနှင့် အစည်းအဝေး လုပ်နေစဉ် ယင်းတောဝန်ကြီးမှ သဘောရိုးဖြင့် ဦးရွှေတုတ် အရေးကို အမူမှန်ပေါ်အောင် စုံစမ်းရေး အကြောင်း လျှောက်တင်ရာ သာယာဝတီမင်း အမျက်ထွက်ပြီး လှံတော်ဖြင့် ယင်းတောဝန်ကြီးကို ထိုးသတ်လေ၏။

ရွှေတိဂုံစေတီတော် ပရိဝဏ် အတွင်းရှိ သာယာဝတီမင်း လှူ ဒါန်းခဲ့သော ခေါင်းလောင်း

သာယာဝတီမင်း ပြုမူပုံကို တခါမှ မတွေ့ဖူးသော အမတ်တို့သည် အံ့သြကြောက်ရွံ ကြကုန်လေ၏။  ယင်းတောဝန်ကြီး လည် စံနန်းတော်တွင် ကံကုန်လေသည်။ ထိုနောက် မိဖုရားခေါင်ကြီးတို့ အဖွဲ့ ၀င်လာပြီး အခြေအနေကို ထိန်းသိမ်းလေ၏။ မိဖုရားခေါင်လည်း မိမိ၏ အကြံအောင်မြင်သဖြင့် ထိုအခွင့်အရေးကို လက်မလွှတ်ဘဲ ယင်းတောဝန်ကြီး နှင့် သားတော်ပြည်မင်း၊ အနောက်နန်းမတော် မမြကလေး တို့သည် တဖွဲ့တည်းဖြစ်သည် ဟု ချက်ခြင်း လျှောက်တင်လေရာ ဖမ်းဆီးရန် သာယာဝတီမင်းမှ အမိန့်ထုတ်လေတော့သည်။

ထို အစည်းအဝေး အတွင်း သားတော်ပြည်မင်း နှင့် အနောက်နန်းမတော် မိဖုရား မမြကလေး တို့ကို ဖမ်းရန် အမိန့်တော် ချက်ခြင်း ပေးရာ အခြေအနေဖြစ်ပျက်သွားပုံမှာ အလွန်မြန်ဆန်သဖြင့် သံတော်ဆင့်တို့မှ ကြောင်တောင်တောင် ဖြစ်ကုန်သဖြင့် မိဖုရားခေါင်မှ သူ၏ လက်ရုံး လက်ဝဲတော်မှူးကို ဘုရင့်အမိန့်အတိုင်းလုပ်ရန် ထပ်ဆင့် အမိန့်ပေးသဖြင့် လက်ဝဲတော်မှူး တို့သည် ပြည်မင်းသား ကို ဖမ်းရန် နန်းတော်မှ ချက်ခြင်း ထွက်လေသည်။

ပြည်မင်းသားသည် နန်းတော်တွင် ဖြစ်ပျက်နေသည်ကို မသိရှိပေ။ မိမိ၏ စံအိမ်တော်တွင် သားတော်များ နှင့် အခြံအရံများဖြင့် အိမ်တော်တွင် စံမြန်းနေခိုက်ဖြစ်လေ၏။ ရုတ်တရက် ရဲမက် ၁ ထောင်ခန့်မှ အိမ်တော်ကို လာရောက် ၀ိုင်းရံသောအခါမှသာ နားမလည်နိုင်သဖြင့် ဦးဆောင်လာသူ လက်ဝဲတော်မှူးကို အကြောင်းအရင်း ကို လျှောက်တင်ရန် အမိန့်ပေးလေသည်။ လက်ဝဲတော်မှူးလည်း ဘုရင်အမိန့်ဖြင့် ဖမ်းဆီးရန် လာရောက်ခြင်း ဖြစ်ကြောင်း ပြောပြီး မခုခံရန် ခပ်တိတိ ပြန်ဖြေလေ၏။

အခြေအနေကို သုံးသပ်မိသော ပြည်မင်းသား၏ သားတော် ၄ ပါးတို့သည် စီးတော်ဆင် များကို အသင့်အနေအထား ပြင်ဆင်လေသည်။ ကျွန်ရင်း ရဲမက်တော် တချို့  လည်း ပြည်မင်းသား၏ အရိပ်အကဲ ကို စောင့်ကြည့်နေလေ၏။ ပြည်မင်းသား သည် မိမိကို ရာဇမုန်တိုင်း ပြင်းထန်စွာ တိုက်သည်ကို သိမိသဖြင့် မိမိ၏ သားတော် များကို ထွက်ပြေးရန် အရိပ်အကဲ ပြလေ၏။ သို့သော် သားတော်များသည် ချက်ခြင်း စီးတော်ဆင်ဖြင့် ဖခမည်းတော်ကို တင်ကာ အိမ်တော်ဝန်းနံရံကို ထိုးဖောက်ပြီး ထွက်တော်မူလေသည်။ ကျွန်ရင်းတို့လည်း တရကြမ်း ခုခံ တိုက်ခိုက်သဖြင့် ပြည်မင်းသား နှင့် သားတော် ၄ ပါးတို့ ထွက်ပြေးလွတ်မြောက်လေသည်။

အိမ်တော်တွင် နူတ်ငုံတော်သန္ဒေ ၆ လ ရှိသော ပြည်ထိပ်ထား နှင့် သမီးတော် အသက် ၇ နှစ် ရှိ ပြည်ထိပ်ခေါင်တင် တို့ နှစ်ပါး နှင့် ရံရွေတော် များ ကျန်ခဲ့လေ၏။ ဘုရင်အမိန့်ကား ပြည်မင်းသား ကိုသာ ဖမ်းရန်ဖြစ်သဖြင့် လက်ဝဲတော်မှူးတို့သည် ပြည်ထိပ်ထား နှင့် ပြည်ထိပ်ခေါင်တင် တို့ကို မထိဝံ့ဘဲ ရဲမက်များဖြင့် ၀ိုင်းရံ ထားစေပြီး ပြည်မင်းသား နောက်သို့ လိုက်ကြလေ၏။

ထိုသို့ အခြေအနေ ရူပ်ထွေးနေစဉ် မည်သူမှ သတိမထားမိသူ နှစ်ဦး ရှိလေ၏။ ထိုသူမှာ ပြည်မင်းသား၏ သားတော် အငယ်ဆုံး ၃ နှစ်သား ထိပ်တင်တုတ်နှင့် အထိန်းတော် မငြိမ်းသာ တို့ အကြောင်း ဖြစ်လေ၏။ (အထိန်းတော် မငြိမ်းသာ ၏ ထက်မြက်မူကြောင့် ပြည်မင်းသား ၏ နောက်ဆုံး သားတော် လွတ်မြောက်ပုံကို နောက်တွင် အပြည့်အစုံ တင်ပြပါမည်။)

ယခင်က ထက်မြက်ပြီး ရဲရင့်သော သာယာဝတီမင်းသည် စိတ်မမှန်ရောဂါ ကြောင့် ကိစ္စရပ်များကို ကောင်းမွန်စွာ မစဉ်းစားမတွေးခေါ် နိုင်သဖြင့် အာဏာမက်သူ မိဖုရားခေါင်ကြီး၏ စေရာ ကို ကရသော ဇာတ်ရုပ် တခု ဖြစ်သွားရလေတော့သည်။

Share:

No comments:

Post a Comment