သာယာဝတီမင်းသား မှ အင်းဝထီးနန်းကို သိမ်းပိုက်နိုင်ခြင်း

အေဒီ ၁၈၃၇၊ ၃ လပိုင်း၊ ၆ ရက်တွင် သာယာဝတီမင်းသား၏ စစ်ဗိုလ်မှူး ဖြစ်သူ မဟာမင်းလှမင်းခေါင်ကျော် မှ စိုင်နံရွာ ခံတပ်ကြီး ကို စစ်သုံးမျက်နှာ ဖိပြီး တိုက်ခိုက်လေသည်။ တိုက်ပွဲ မှာ ပြင်းထန်ပြီး နောက်ဆုံး စိုင်နံရွာခံတပ်ရှိ ဘကြီးတော်တပ် မခံနိုင်တော့ဘဲ ပရမ်းပတာ ဖြစ်ကုန်လေ၏။ ထိုစဉ် စစ်ကူရန် ချီတက်လာသော ပင်းတလဲမင်းသား တပ်မှ အင်းဝဘုရင့် ၀တ်စုံ ရဲမက်များစွာ ပရမ်းပတာ ပြေးနေသည်ကို မြင်သဖြင့် အားလုံး ကို ပြန်လည် စုရုံးပြီး ရွှေဘိုရှိ သာယာဝတီမင်းသားကို တိုက်ရန် ချီတက်လေသည်။



စိုင်နံခံတပ်ကြီး ပျက်ကြောင်း အင်းဝနေပြည်တော် သတင်းရလျှင် လယ်ယာဝင်းမှူး ကြီး မင်းကြီးမင်းလှမင်းထင် ကို ရဲမက် ၄ ထောင်ကျော် ပေးကာ ပင်းတလဲမင်းသား ကို စစ်ကူရန် ချီတက်စေပြန်လေသည်။ ထို စစ်ကူ ချီတက်လာသော သတင်းကို သူလျှိကြောင့် သာယာဝတီမင်းသားမှ သိရသဖြင့် ကြားဖြတ်ချူံ ခိုတိုက်သဖြင့် မင်းကြီးမင်းလှမင်းထင် တပ်ပျက်လေသည်။

ပင်းတလဲမင်းသား ကို ဖြို ရန် သာယာဝတီမင်းသား၏ ဗိုလ်မှူးမှ တာဝန်ယူပြီး သာယာဝတီမင်းသားမှာမူ အင်းဝနေပြည်တော်မှ ထပ်လွှတ်သမျှ စစ်ကူများကို ဖြတ်တိုက်ရန် တာဝန်ယူထားလေ၏။ သို့သော် ပင်းတလဲမင်းသား သည် ဆက်လက်ချီတက်ခြင်း မပြုဘဲ သရိုင်ရွာတွင် ခံတပ်ကြီး ဆောက်လုပ်လေသည်။ ထိုကြောင့် သာယာဝတီမင်းသားတပ် နှင့် ဗိုလ်မှူး မဟာမင်းလှမင်းခေါင်ကျော် တပ်များ ပြန်လည် ပူပေါင်းပြီး ထို သရိုင်ရွာ ခံတပ်ကို အပြင်းအထန် ထိုးစစ်ဆင်ကြလေ၏။

ထိုစဉ် အင်းဝနေပြည်တော်တွင် ရှိနေသည့် အင်္ဂလိပ်အရေးပိုင် အရာရှိ တို့မှ ဘကြီးတော်အား မိမိတို့ စစ်ပြေငြိမ်းအောင် ကူညီလိုပါသည်ဟု လျှောက်တင်သဖြင့် ဘုရင်မှ ခွင့်ပြု လေသည်။ ထို ဗြိတိသျှ အရာရှိ တို့ အဖွဲ့ လည်း စစ်ဆိုင်းအလံ နှင့် ဗြိတိသျှ အလံ ကို ပါ လွှင့်တင်ကာ ပင်းတလဲမင်းသား၏ ခံတပ် သို့ ၀င်လေသည်။ စစ်ဆိုင်းအလံ နှင့် ဗြိတိသျှ အလံတို့ကြောင့် စစ်ပွဲ ခေတ္တ ခဏ ရပ်နားကြလေသည်။

ဗြိတိသျှ အရာရှိ တို့လည်း သာယာဝတီမင်းသားထံ သွားရောက်ကာ စစ်ပြေငြိမ်းရန် အရေးဆိုလေ၏။ သို့သော် မအောင်မြင်ခဲ့ပေ။ ထိုကြောင့် အင်းဝနေပြည်တော်သို့ ပြန်သွားကြပြီး ဘုရင်ကို အကြောင်းစုံ လျှောက်တင် ကြလေ၏။ ထိုအခါ သာသနာပိုင် ဆရာတော်ကြီးများ မှ မိမိတို့ မေတ္တာရပ်ခံ လိုသည်ဟု မိန့်သဖြင့် ဘုရင်လည်း ခွင့်ပြု လေ၏။

ထိုကြောင့် သာသနာပိုင် ဆရာတော် ကိုယ်စားလှယ်တော် အဖြစ် မောင်းထောင်ဆရာတော် အရှင်ဥေယျဓမ္မ ကို စေလွှတ်လေ၏။ အရှင် ဥေယျဓမ္မ တို့ အဖွဲ့ သည်  ၂၈ ရက်နေ့ တွင် ရွှေဘိုသို့ ရောက်ရှိပြီး သာယာဝတီမင်းသားအား ငြိမ်းချမ်းရေး တရား ဟောလေသည်။ ထိုအခါ မင်းသားလည်း အကြောင်းစုံကို လျှောက်ထားပြီး မယ်နု နှင့် မောင်အို ကို ဖမ်းပေးနိုင်မှသာလျှင် စစ်ပြေငြိမ်းမည် ဟု လျှောက်ထားလေ၏။

ထိုအချိန်တွင် ပင်းတလဲမင်းသား ၏ ခံတပ်အတွင်းရှိ တပ်သားနှင့် သွေးသောက်ကြီး အချို့  တို့သည် ရွှေဘို သို့ သွားကာ သာယာဝတီမင်းသားထံ သစ္စာခံကြလေသည်။ နိုင်ငံအရပ်ရပ်မှ မြို့ စား များလည်း သာယာဝတီမင်းသား ထံ သစ္စာလာခံကြရာ ဘကြီးတော်၏ အာဏာသည် အင်းဝနေပြည်တော် တ၀ှက်သာ ကျန်ရှိတော့လေ၏။
ကုန်းဘောင်ခေတ် ထောင်တွင်း မြင်ကွင်း
ပင်းတလဲမင်းသား လည်း မိမိခံတပ် ရဲမက်အင်အားများ နေ့စဉ် လျော့နည်းလာနေသဖြင့် ညအချိန်တွင် တိတ်တဆိတ် အင်းဝသို့ ဆုတ်ခွာလေ၏။ သာယာဝတီမင်းသားမှ မယ်နု နှင့် မောင်အို ကိုသာ လိုချင်ကြောင်း ပြောသော စကား ကို ဆရာတော်မှ တဆင့် မလွန်မင်းသားကြီး သိရလေသည်။ မလွန်မင်းသားကြီး လည်း အင်းဝ နန်းတော် အခြေအနေ ကို ကြည့်ရူရာတွင် မယ်နု နှင့် မောင်အို တို့ အုပ်စု သည် သက်တော်စောင့် အနည်းငယ် ဖြင့်သာ ရှိနေပြီး ရဲမက်အများစု သည် သာယာဝတီမင်းသားကို တိုက်ရန် ထွက်ခွာ သွားရသဖြင့် အင်းဝနန်းတော်တွင် ရဲမက်များ နည်းနေသည်ကို အခွင့်ကောင်း ယူပြီး မိဖုရားခေါင်ကြီး မယ်နု နှင့် စလင်းစား မောင်အို တို့ အပေါင်းအပါ ကို ဖမ်းရန် တိတ်တဆိတ် ကြံစဉ်လေ၏။

ထိုအကြံအစဉ်ကို ဘကြီးတော်အား မပေးသိဘဲ မလွန်မင်းသား မှ မယ်နု နှင့် မောင်အို ဖမ်းပွဲ ပြုလုပ်လေတော့သည်။ ထို ဖမ်းပွဲတွင် မောင်အို၏ ကိုယ်ရံတော် တပ်သား ၃ ရာကျော် မှ အပြင်းအထန် ခုခံ၏။ မောင်အို၏ ရဲမက် များကို မလွန်မင်းသား ဘက်မှ အပြင်းအထန် နှိမ်နင်း၏။ နောက်ဆုံး မိဖုရားခေါင်မယ်နု ကို ဖမ်းဆီး လိုက်သဖြင့် မောင်အိုမှ လက်နက်ချ အရူံးပေးလေသည်။

ထိုအခါမှ ဘကြီးတော် သိရှိရပြီး အမတ်များ၊ မင်းသားများမှ မောင်အို၏ လုပ်ရပ်များကို ဘုရင့်ထံ အားလုံး လျှောက်တင်ကြလေ၏။ သို့သော် ဘကြီးတော်သည် မယ်နု ကို အလွန်ချစ်သဖြင့် မယ်နု ကို ဖမ်းရာမှ လွှတ်ရန် အမိန့်ပေးလေ၏။ မလွန်မင်းသား တို့ အုပ်စု မှ မယ်နု နှင့် မောင်အိုကို လွှတ်ပေးလျှင် သာယာဝတီမင်းသား ၏ စစ်တပ် များ ရွှေနန်းတော် ကို ၀င်ကာ ဘကြီးတော်၏ အသက်ကိုပါ ယူဆောင် ရုံသာမက ဘကြီးတော်၏ ဆွေတော်မျိုးတော်၊ မြေးတော်၊ သားတော် အားလုံး၏ အသက်ကို ယူဆောင်သွားပါလိမ့်မည်ဟု လျှောက်တင်ကြလေ၏။

မင်းသားမောင်အိုလည်း အားလုံး မိမိအပြစ်သာဖြစ်သည်။ မယ်နု တွင် အပြစ်မရှိပါဟု ဘုရင်ကို လျှောက်တင် လေသည်။ မလွန်မင်းသားလည်း ဘကြီးတော် ၀မ်းနည်းနေသည်ကို မကြည့်ရက်သဖြင့် မယ်နုကိုလွှတ်ပေးပြီး မောင်အို နှင့် အပေါင်းအပါ ကိုဖမ်းဆီးကာ သာယာဝတီမင်းသား လက်ထဲ သို့ အပ်ရန် ခေါ်ဆောင်သွား လေ၏။

အေဒီ ၁၈၃၇၊ ၄ လ ၊ ၈ ရက်နေ့ တွင် စလင်းစား မောင်အို နှင့် ပင်းတလဲစား တို့ကို ရဲမက် အပြည့်အစုံဖြင့် သာယာဝတီမင်းသား ထံ အပ်နှံကြလေသည်။ သာယာဝတီမင်းသားသည် နောင်တော်ဘကြီးတော် အတွက် စာတဆောင် ကို မလွန်မင်းသားမှ တဆင့် ပေးအပ်လေ၏။ သို့သော် မည်သည့် စာ ဖြစ်သည်ကို မှတ်တမ်းမှတ်ရာ မရှိပေ။

ထိုနောက် မိမိ၏ သားများဖြစ်သော မင်းသားငယ်လေးများ ဖြစ်သည့် တောင်တွင်းချောင်မင်းသား ( နောင်အခါ ပုဂံမင်း ) မင်းသား မင်းရဲဇေယျ ( နောင်အခါ မင်းတုန်းမင်း ) တို့ကို အင်းဝနေပြည်တော်သို့ ရဲမက် အပြည့်အစုံ ဖြင့် ကြပ်မတ် ဆောင်ယူလာခဲ့လေသည်။

၂၅ ရက်နေ့တွင် အင်းဝနေပြည်တော်သို့ ရောက်ပြီး မောင်းထောင်ဆရာတော် အရှင်ဥေယျဓမ္မ ကို အရင် ဖူးမော်လေသည်။ ထိုနောက် အခမ်းအနား ဖြင့် အင်းဝရွှေနန်းတော်သို့ ၀င်လေသည်။ ထိုနေ့ မင်းညီလာခံ တွင် ဘကြီးတော်မင်း မှ မိမိ အသက်အရွယ်အိုမင်း သည်ဖြစ်သဖြင့် ညီတော် အား ထီးနန်းလွဲအပ်ကြောင်း အမိန့်တော် ပြန်လေသည်။ ထူးခြားချက်မှ ထိုညီလာခံ သို့ မိဖုရားခေါင် မယ်နု ဖြင့် ကြွလာခြင်းမရှိပေ။

 ထိုအခါ ညီတော် သာယာဝတီမင်းသား မှ လက်ခံလိုက်ပြီး ရာဇ့ပလ္လင်ပေါ် တက်ထိုင်လေ၏။ ဘကြီးတော်လည်း အတွင်းတော် သို့ ရဲမက် များဖြင့် ၀င်ရောက်သွားပြီး အကျယ်ချု ပ် ဖြင့် အသက်ထက်ဆုံး နေထိုင် သွားရလေတော့၏။ သာယာဝတီမင်း သည် ထိုညီလာခံ တွင် စလင်းစား၊ပင်းတလဲစား၊ ၀န်ကြီး ငစ (မြ၀တီမင်းကြီး ဦးစ ) တို့သည် တိုင်းပြည်ကို မငြိမ်မ၀ပ်ဖြစ်အောင် လုပ်ဆောင်သူများဖြစ်သည်။ ထိုကြောင့် သေဒဏ် ပေးသင့်သူများ ဖြစ်သည်။ သို့သော် အသက်ဘေးမှ ချမ်းသာပေးတော်မူမည် စသည်တို့ကို မိန့်ကြားလေ၏။ (မိဖုရားခေါင်မယ်နု သည် ဘကြီးတော်နှင့်အတူ အကျယ်ချူ ပ် ဖြင့် နေထိုင်ရ၏။ အကျယ်ချူ ပ် သည် ဟု သာယာဝတီမင်း မှ အမိန့်တော် မထုတ်သော်လည်း နန်းကျမင်းနှစ်ပါးကို သတ်မှတ်ထားသော မဟာသကျသီဟဘုရား အနီး စံနန်းဆောင် မှ တပါး အပြင်ထွက်ခွင့် မပေး သဖြင့် အကျယ်ချူ ပ်သဘော သာ ဖြစ်ပါသည်။ မင်းသားမောင်အို တို့မှာမူ ထောင်ထဲတွင် အကျဉ်းကျခံရသည်။ ) 

၃၀ ရက်နေ့တွင် ဘကြီးတော် သည် မိဖုရားခေါင် မယ်နု ဖြင့် မိမိနေထိုင်မည့် မဟာသကျသီဟဘုရား သို့ အခြွှေအရံများဖြင့် နန်းမြို့ တော် အနောက်တံခါး မှ ကြွတော် မူလေသည်။ သာယာဝတီမင်း မှ ရဲမက်များစွာ ဖြင့် လိုက်လံ ပို့ဆောင်ပေးလေ၏။ မဟာသကျသီဟဘုရား အနီးတွင် နန်းကျမင်းနှစ်ပါး နေထိုင်ရန် နန်းဆောင် များကို ၅ ရက်အတွင်း အပြီးအစီး ဆောက်လုပ်ထားရလေ၏။

နန်းကျမင်းနှစ်ပါး အပြင် နှမတော် တောင်တွင်းကြီးမင်းသမီး နှင့် သမီးတော် များလည်း လိုက်ပါသွားရလေသည်။ သို့သော် ညောင်ရမ်းကိုယ်တော်လေးကိုမူ အင်းဝနန်းတော်အတွင်းတွင်သာ နေထိုင်စေလေ၏။ ထိုနောက် သာယာဝတီမင်း သည် ၃၀၊ ၄ ၊ ၁၈၃၇ တွင် ညနေချမ်း အချိန်တွင် အင်းဝထီးနန်းကို သိမ်းပိုက်ပြီး ဘုရင်အဖြစ် ဘိသိတ်ခံတော် မူလေသည်။ မလွန်မင်းသားကို မဟာသီရိ သုဓမ္မာရာဇာ ဘွဲ့ ချီးမြင့်ပြီး လွှတ်တော်ဝန်ရှင်တော်မင်း အဖြစ် ခန့်အပ်လေသည်။ ( ယခုခေတ် လွှတ်တော် ဥက္ကဌ ရာထူး ဖြစ်သည်) 


Share:

No comments:

Post a Comment