သာယာဝတီမင်းသား ပုန်ကန်ရခြင်းအကြောင်း

ဘကြီးတော်ဘုရားသည် ၁၈၂၉၊ ၅ လ၊ ၃ ရက်နေ့ မနက် ညီလာခံတွင် ခေတ်အဆက်ဆက်က ဘုရင်များ၏ ရာဇ၀င်တော်ကြီးကို ရေးသားလိုစိတ်ရှိကြောင်း ထုတ်ဖော်လေ၏။ ထိုချိန်က စဉ့်ကိုင်သဌေးသား မောင်ကုလား ရေးသားသော ရာဇ၀င်ကြီး ရှိနေပြီးဖြစ်သည်။ သို့သော် ဘုရင်မှ ပြုစုလိုသဖြင့် အမတ်များနှင့် တိုင်ပင်ရာ မှန်နန်းရာဇ၀င်တော်ကြီး ဆိုပြီး ထွက်ပေါ်လာလေသည်။

ဘကြီးတော်သည် ဘုရားတည်ခြင်း၊ တိုင်းခန်းလှည့်ခန်း များကိုသာ ပြုမူနေပြီး တိုင်းရေးပြည်မူများကို စလင်းစား မင်းသားမောင်အို နှင့် အပေါင်းအပါတို့မှ ဆောက်ရွက်လေသည်။ ဘကြီးတော်သည် အသက်အရွယ်ကြီးရင့်လာပြီး မကျန်းမမာဖြစ်လာလေ၏။ ကိန်းခန်းအရ ရွှေနန်းတော်၏ ဥယျာဉ်တော်တွင် ယာယီတဲနန်းကို ဆောက်လုပ်ကာ ထိုနေရာတွင် စံမြန်းလေ၏။


ထိုအချိန်တွင် နန်းတွင်းအရေးသည် ယခင်ကထက် ပိုမိုရူပ်ထွေးလာသည်။ မိဖုရားခေါင်ကြီး နှင့် မင်းသား မောင်အို တို့ အုပ်စုသည် ဘကြီးတော် ရုတ်တရက် လွန်လျှင် ထီးနန်းကို လက်ဝယ် ရရေးအတွက် အပူတပြင်း ကြံစည် ကြလေ၏။ ဘကြီးတော်၏ သားတော် ပြည်သူချစ်သော စကြာမင်းသားလေးကိုလည်း ထီးနန်းမပေးလိုပေ။ မိဖုရားခေါင်မှ ဘုရင်ဖြစ်လိုသော ဆန္ဒမရှိသော်လည်း မင်းသားမောင်အိုသည် ဘုရင်ဖြစ်လိုစိတ်ရှိသူဖြစ်၏။ မိဖုရားခေါင် မယ်နုသည် မိမိ မောင်ကို အလွန်ချစ်သဖြင့် မောင်အို၏ ဆန္ဒကို လိုက်လျောခဲ့ဟန် ရှိသည်။

၁၈၃၆ ၊ ၁၀ လ၊ ၉ ရက်နေ့ တွင် ဘုရင့်အမိန့်တော်ဖြင့် သာယာဝတီမင်းသား၏ ငယ်ကျွန် ငစဉ့်ကူအုံမြို့ သူကြီး ကို ဖမ်းဆီးစေ၏။ အကြောင်းအရင်းမှာ ငစဉ့်ကူအုံမြို့ သူကြီး ငရေး သည် လူဆိုးလူမိုက်များ ကို မွေးမြူ ထားသည် ဟု ဆိုကြခြင်းဖြစ်၏။ ထိုမြို့ သူကြီးလည်း မိမိ သခင် သာယာဝတီမင်းသားထံ ပြေးလေ၏။ ထို့ကြောင့် ဘုရင့်တပ်များမှ မင်းသားအိမ်ကို လာရောက်ပြီး မြို့ သူကြီး ကိုပေးရန် တောင်းဆိုလေ၏။

သို့သော် သာယာဝတီမင်းသားမှ ထုတ်မပေးဘဲ ဘကြီးတော်နှင့် တိုက်ရိုက်တွေ့ရန် အကြောင်းပြန်၏။ စလင်းစား တို့မှ လုံခြုံ ရေးအကြောင်းပြချက်ဖြင့် တွေ့ခွင့်မပေးပေ။ တဖက်နှင့်တဖက် ထိပ်တိုက်တွေ့ရန် အကြောင်း များစွာ ဖန်တီးလာလေသည်။ စလင်းမြို့ စားက ဘုရင့်အမိန့် ငရေး ကို မပေးလျှင် သူပုန် ဖြစ်သည် ဟု သာယာဝတီမင်းသား အိမ်ရှေ့တွင် ဖတ်ကာ ရဲမက် အင်အား ၅၀၀ ကျော်ဖြင့် အိမ်တော်ကို ၀ိုင်းထား လေသည်။

ထိုအခါ နှမတော် ပုဂံမင်းသမီးမှ အဆောတလျင် လာပြီး သာယာဝတီမင်းသားကို တွေ့ကာ ဖြည်းဖြည်းနှေးနှေး စိတ်အေးအေး ဖြင့် အရေးတော်ကို ဆောက်ရွက်ပါရန် လာရောက်ပန်ကြားလေ၏။ သာယာဝတီမင်းသား အိမ်တော်သည် ကျယ်ပြန့်၏။ မင်းသား၏ ကိုယ်ရံတော်တပ်အင်အားသည် ၃၀၀ ကျော် ရှိ၏။ ထိုပြင် နေပြည်တော် အနှံအပြားတွင် မင်းသား၏ သစ္စာစောင့်များ၏ အသင့်အနေအထားဖြင့် မင်းသား အမိန့်ကို စောင့်နေကြသည်မှာ ထောင်ဂဏန်း ရှိ၏။ ထို့ကြောင့် သွေးစွန်းမည့်အရေး ဖြစ်သဖြင့် သာသနာပိုင် ဆရာတော် ကိုယ်တော်တိုင် မယ်နု စံရာ အိမ်တော်ထိ သွားပြီး တရားဟောလေသည်။

မယ်နု မှ မိမိအရေးမပိုင်ကြောင်း ပြန်လည်လျှောက်ထားသဖြင့် ဆရာတော်လည်း လက်လျော့လိုက်ရလေ၏။
၃ လကျော်သည်အထိ တဖက်နှင့်တဖက် တိုက်ခိုက်ခြင်းမရှိကြပေ။ ထို ၃ လအတွင်း သာယာဝတီမင်းသား၏ လူယုံများသည် အနယ်နယ်အရပ်ရပ်တွင် လူသူလက်နက်များ စတင် စုရုံးနေပြီး ဖြစ်လေသည်။ စလင်းစား မင်းသားမောင်အိုလည်း ဘုရင့်ညီတော် အရေး ဖြစ်နေသဖြင့် ၃ လအတွင်း ဘုရင်ကို မိမိဘက်ပါအောင် မရမက သိမ်းသွင်းနေရလေ၏။

အာဏာအားလုံး မောင်အိုနှင့် မယ်နု လက်ထဲတွင် ရှိသော်လည်း ထိုခေတ်က ဘုရင် နူတ်မိန့်ဆိုလျှင် အားလုံး မှ နာခံကြရသေး၏။ ထိုပြင် မယ်နု မှ ဘကြီးတော်ကို ချစ်သဖြင့် မောင်အိုမှ ဘုရင်ကို လုပ်ကြံဖို့ ကြိုးစားသည့်တိုင် မယ်နုမှ ခွင့်ပြုမည်မဟုတ်ပေ။ ထို့ကြောင့် နန်းညွှန့်နန်းလျာ များကို သုတ်သင်ရန်သာ စိုင်ပြင်းနေခဲ့ကြခြင်းဖြစ်သည်။ ဘကြီးတော်မှ မကျန်းမာသဖြင့် အရာကိစ္စများ ဆုံးဖြတ်ရာတွင် ဇဝေဇ၀ါ များစွာ ဖြစ်လေသည်။ သို့သော် မိမိ၏ ညီတော်ကို ချစ်သော စိတ်သည် ကြီးမားသဖြင့် ၃ လတိုင်အောင် ညီတော်ကို ဖမ်းဖို့ အမိန့်မပေးခဲ့ပေ။

၁၈၃၇၊ ၂ လပိုင်း၊ ၂၄ ရက်နေ့  မြို့ လပ်ဝန်မင်းကြီး နှင့် ထန်းတပင်မြို့ စား ထားဝယ်ဗိုလ် တို့ သည် မနက်လင်းအားကြီးချိန် တွင် ရဲမက်အင်အား ၆၀၀ ကျော်ဖြင့် သာယာဝတီမင်းသား အိမ်တော်ကို ထပ်မံ ၀ိုင်းရံပြီး အိမ်တော်ကို စီးနင်းပြီး သူပုန်ငရေးကို ဖမ်းရန် အမိန့်တော်ပါသည် ဟု ဆိုသဖြင့် သာယာဝတီမင်းသား မှ အရေးအကြောင်းကို ကောင်းစွာ နားလည်လိုက်ပြီး မိမိ၏ ဆုံးဖြတ်ချက်ပေါ်မူတည်ပြီး သေလျှင် မြေကြီး ရှင်လျှင် ရွှေထီး ဖြစ်တော့မည်။

သာယာဝတီမင်းသား၏ ကိုယ်ရံတော်တပ်များလည်း ဘုရင့်အမိန့်အတု သာဖြစ်သည် ဟု ဆိုကြကာ လက်နက်များ ထုတ်ပြီး မင်းသားကို ကာကွယ်ကြလေ၏။ ထိုချိန် သာယာဝတီမင်းသား၏ လက်သုံးတော် သေနတ် သည် မီးကူးပြီး ပြင်းပြစွာသော အသံ ဖြစ်သဖြင့် ဘုရင့်တပ်များမှ စတင် တိုက်ခိုက်ကြလေ၏။ တဖက်နှင့် တဖက် တိုက်ပွဲ ဖြစ်ကြလေသည်။ သာယာဝတီမင်းသား လည်း မိမိ၏ သားတော် များ၊ မိဖုရားများ ကျွန်များ ခုနှစ်ရာ ကျော်ဖြင့် အိမ်တော်မှ ထွက်တော်မူလေသည်။

မင်းသား၏ ကိုယ်ရံတော် တပ်များလည်း သာယာဝတီမင်းသား လွယ်ကူစွာ ထွက်နိုင်စေရန် ဘုရင့်တပ်များကို တိုက်ခိုက်နေကြလေ၏။ မင်းသား ထွက်တော်မူလျှင် နေပြည်တော်အနှံရှိ ကျွန်လူယုံများမှ မင်းသားတို့ အုပ်စုကို ၀ိုင်းရံကာ နေပြည်တော်မှ ထွက်နိုင်အောင် ကာကွယ်ပေးကြလေသည်။ ရွှေနန်းတော်တွင်လည်း စလင်းစားမှ သာယာဝတီမင်းသား ပုန်ကန်ပြီ ဘုရင့်အသက်အရေး စိုးရိမ်ရသည် ဟု ဆိုကာ သာယာဝတီမင်းသား ၏ အပေါင်းအပါ များကို စတင် ဖမ်းဆီးလေသည်။ ထိုသို့ ဖမ်းဆီးရာတွင် နှမတော် ပုဂံမင်းသမီး၊ ၀န်စာရေးကြီး နှင့် အမတ်များ တချို့ ကို ထောင်ထဲ ထည့်လေ၏။

သာယာဝတီမင်းသားသည် အိမ်တော်မှ ထွက်ရာတွင် ရွှေနန်းတော် ရှေ့ဝင်းတော်ပေါက် အရှေ့ကို ဖြတ်ရန် ဆုံးဖြတ်ပြီး ထိုဝင်းတော်ရှေ့ပေါက်ရောက်လျှင် နောင်တော်ကို ရည်မှန်းပြီး ဦးသုံးကြိမ် ချခဲ့၏။ ထိုဝင်းတော်ရှေ့ရှိ ရဲမက်တို့လည်း မည့်သည့်အရေး ဖြစ်နေမှန်း မသိကြသဖြင့် အံ့သြသင့်စွာဖြင့် သာယာဝတီမင်းသား ၏ အုပ်စုကို ငေးကြည့်နေကြသည်ဟု ဆိုကြ၏။

သာယာဝတီမင်းသားသည် မြို့ တော်၏ မြောက်မျက်နှာ နောက်စွန် ရှိ တနင်္သာရီတံခါး မှ ထွက်တော်မူလေသည်။ ကြိုတင်ပြင်ဆင်ထားသဖြင့် တနင်္သာရီတံခါးမှူးသည်လည်း မင်းသားနှင့်အတူ လိုက်ထွက်လေ၏။ စလင်းစား မင်းသားမောင်အို သည် စစ်တပ်ရဲမက် အင်အား ၂ ထောက်ကျော် ကို မင်းကြီး မဟာမင်းလှကျော်စွာ အား အုပ်စိုးစေလျက် သူပုန်များကို ဖမ်းစီးရန် ဘုရင့်အမိန့်တော်ကို ပြန်လေ၏။ မဟာမင်းလှကျော်စွာလည်း နေပြည်တော်မှ သာယာဝတီမင်းသားတို့ကို ဖမ်းရန် စတင်ထွက်လေသည်။
Share:

No comments:

Post a Comment