ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။


ဆရာတော်ကြီးသည် စကားပြော အလွန်နည်းပါး၏။ အမြဲတမ်း စာဖတ်ခြင်း၊ စာရေးခြင်း များကို ပြု နေတတ်၏။ အကြောင်းမဲ့ သူ့ကို ချဉ်းကပ်သူများကို မလိုအပ်သော အနိဌာရုံ အနှောင့်အယှက်များဟု ယူဆ၏။ သာသနာပိုင် ဆရာတော် ကို လည်းကောင်း၊ ဘုရင် နှင့် မိဖုရားကို လည်းကောင်း ခပ်ပြတ်ပြတ် ဆက်ဆံ၏။ စကားကို လိုသည်ထက် ပိုမပြောချေ ။ တရားကိုလည်း အပို မဟောချေ ။ ထို့ကြောင့် သူ့ကို ထိုခေတ်က အလွန် ဘုကျသော ခွ ကလန့် ဆရာတော် ဟု ဆိုကာ ဝေဖန် ကြောက်ရွံကြ၏။

အမှန် တွင်ကား ဗုဒ္ဓဘာသာ အစစ်အမှန်ကို နားလည်သူများအဖို့ အတွက်တော့ ဆရာတော် ကို နားလည်ပါလိမ့်မည်။ တရားအဆီအနှစ် များကို မှတ်မိအောင် အတိုချူ ပ် ပြောဟောတတ်သည်။ ဆရာတော်၏ တရားများသည် ရောဂါကျသော ဆေးခါးသာ ဖြစ်လေသည်။

ဆရာတော်သည် သမာဓိ အားကောင်း၏။ ပေတချပ်ကို ၃ ကြိမ် ကြည့်မိလျှင် အာဂုံရသည်။ ရဟန်း ၂ ၀ါ အတွင်း ၀ိနည်း ၅ ကျမ်းကို အာဂုံ ရသည်။ ပိဋကတ် ၃ ပုံကို အာဂုံ ဆောင်နိုင်သော်လည်း ဆောင်နိုင်ကြောင်း မပြသဖြင့် ပြန်လွန်တော်မူပြီး နောက်ပိုင်းမှ အနီးကပ် တပည့်များ လျှောက်တင်မှ သိကြလေ၏။ ဆွမ်းဘုန်း ပေးရာတွင် မင်းဆရာ ဖြစ်သဖြင့် ဟင်းခွက်များစွာ အလှူ ခံရ၏။ သို့သော် ဟင်းခွက်များကို လှမ်းကျော်ပြီး မနိုက်၊ မိမိ နီးရာ ဟင်းခွက်ကိုသာ ကောင်းဆိုး မရွေး ဘုဉ်းပေးတော်မူ၏။ ထို့ကြောင့် ဘကြီးတော် နှင့် မိဖုရား မယ်နုတို့သည် မိမိတို့ လှူ သော ဟင်းခွက်များကို ကပ္ပိယ များအား အနီးတွင်သာ ထားပေးရန် လျှိဝှက် အမိန့်ပေးထားကြ၏။

ဆရာတော်ကို နေပြည်တော်သို့ လာရောက် သီတင်းသုံးရန် ဘုရင်နှင့် မိဖုရား ကိုယ်တိုင် လျှောက်ထားသော် လည်း ဆရာတော်မှ သူကြွချင်သော အချိန်တွင် ကြွမည်ဟု သာ ပြတ်ပြတ်မိန့်၏။ တရက်တွင် ဆရာတော် မှ  နေပြည်တော်သို့ ကြွရန် ပြင်ဆင်လေတော့မှ ဆရာတော်အား လျှို့ ဝှက် ကြည့်ရူနေသော ဘုရင့်အမူထမ်းများမှ နန်းတော်သို့ အပြေးအလွှား သတင်းပေးကြလေသည်။ ထိုအခါ ဘုရင် နှင့် မိဖုရား တို့ ဆရာတော်ကို လာရောက် ကြို ဆိုကြလေသည်။

အုတ်ကျောင်းကြီး အလှူ  နေ့ 

ဆရာတော်အား အုတ်ကျောင်းကြီးကို အပ်လှူ သော နေ့တွင် ဘုရင်နှင့် မိဖုရား အမှူးရှိသော ပရိသတ်က ကန်တော့ခန်း ပြီးဆုံးချိန် ဆရာတော်ဦးဗုဓ်က ဆုမပေးဘဲ နေ၏။ အနီးရှိ ကိုယ်တော်က " ကိုဗုဓ်က တော့ လုပ်ရော့မဗျာ။ အခုမှ စ ကာ ရှိသေး၊ ဘာများ အလိုမကျတယ် မပြောတတ်ဘူး ဟု ခပ်တိုးတိုး ဆရာတော် ကြားအောင် " ညည်းတွား၏။ အတန်ကြာမှ " ရှိခိုး ၀တ်ချတယ်ဆိုတာ ကျမ်းဂန်ကတော့ ပဉ္စပတ်ဠိတ လို့ ခေါ်တယ် " မိန့်၏။ (ထိခြင်း ၅ ပါး ကို ဆိုလို ခြင်းဖြစ်သည်)

ထိုအခါ နန်းမတော် မယ်နု က ရှင်ဘုရင်၏ တံတောင်ဆစ် အောက်ရှိသော ကတ္တီပါ ခေါင်းအုံးကြီးကို ဖယ်လိုက် ပြီးမှ ထပ် ကန်တော့ကြရလေ၏။ ထိခြင်း ၅ ပါး မမှန်သေးသဖြင့် ထပ်ရှိခိုးကြရပြန်၏။ တတိယအကြိမ် တွင် သီလ ပေးပြီးသော် ဘုရင်မှ သြ၀ါဒ ပေးတော်မူပါဘုရား ဟု လျှောက်ရာ ဦးဗုဓ်က"မင်းကျင့်တရားတို့နှင့် အညီ ကျင့်ပါက ငါတို့က ဆုံးမသြ၀ါဒပေးရန် မလို။ မင်းနှင့် တူအောင် မကျင့်က ငါနှင့် မဆိုင်၊ အ၀ီစိနှင့်သာ ဆိုင်သည် " ဟု ခပ်ပြတ်ပြတ် မိန့်တော်မူလေ၏။

နန်းမတော် မယ်နု ကလည်း " တပည့်တော်မသည် ယခု အုတ်ကျောင်းကြီးကို ငွေ ၃ သိန်း အကုန်ခံ ဆောက်လုပ် လှူ ဒါန်းခြင်း ဖြစ်သည်။ ဖလံခုံရွာ တွင်လည်း တသိန်းတန် ကျောင်းကြီး ကို ဆောက်လုပ်လှူ ပါသည်။ သို့သော် အလှူ ဒါန တွင် တင်းတိမ်သည် မရှိပါဘူး ဘုရား၊ ဒါန ၏ အကျိုးတရားများကို ဟောတော်မူစေချင် ပါသည် " ဟု လျှောက်တင်၏။

ဆရာတော်မှ ဖလားတခု နှင့် ရေခပ်စေ၏။ ထိုနောက် ရေကို သွန်စေသည်။ ပြီးလျှင် ပရိသတ်ကို ကြည့်ပြီး " ယခု သွန်ပစ်သော ရေသည် လှူ ရာပါပစ္စည်းနှင့် တူ၏၊ ဖလားတွင် ကပ် ကျန်ရစ်သော ရေသည် မိမိ အတွက် ရရှိသော ကုသိုလ် နှင့် တူ၏ " ဟု မိန့်တော်မူ၏။ ထိုအခါ နန်းမတော် မယ်နု သည် အားမရ ပေ။ သို့သော် ဆရာတော်အကြောင်း သိသဖြင့် ဘာမှ ပြန်မလျှောက်တော့ပေ။

ဘုရင် လည်း မနေရ 

တနေ့ ဆရာတော် သီတင်းသုံးရာ ကျောင်း သို့ ဘကြီးတော် ရောက်ရှိသော အခါ ဦးဗုဓ်မှ တံမြက်လှည်းနေခိုက် ဖြစ်၏။ မင်းစေတဦးမှ ဆရာတော်ထံ ချဉ်းကပ်ကာ ကျောင်းပေါ်သို့ ကြွရန် လျှောက်တင်ရာ ဆရာတော်က " နင်တို့ ရှင်ဘုရင် လာတာကို ငါက အာဂန္တု က ၀တ်ပြု ရဦးမှာလား " ဟု ပြန်ပြောသဖြင့် ရှင်ဘုရင်ကပင် ဆရာတော် တံမြက်လှည်းရာ သို့ လာရောက် ကန်တော့ရလေ၏။

နောက်တခါ နန်းတော် တွင် ပရိတ်ရွတ်ပွဲ ရှိရာ ရှင်ဘုရင်နှင့် တကွ ပရိသတ် စုံသော်လည်း နန်းမတော် မယ်နု မရောက်သေး သဖြင့် ခေတ္တစောင့်ပါရန် အပါးတော်မြဲ တဦးက လျှောက်ရာ ဆရာတော်က " နန်းမတော် ပါမှ အန္တရာယ်ကင်းမှာလား ဟု မိန့်သဖြင့် ဘုရင်ဘကြီးတော်မှ ကန်တော့ကြပါ ဟု ဆိုကာ ကန်တော့ကြရလေ၏။

ဆင်ဖြူ မရှင်လောင်း သမီးတော်ကလေး 

တနေ့ ဆရာတော်ထံ သွားကြရန် နန်းမတော် မယ်နု က ဘုရင်ကို ခေါ်၏။ သို့သော် ဘုရင်မှ ဆရာတော် ဆီသွားရ စကားလည်းမပြော၊ တရားလည်း မဟော၊ ခြောက်ကပ်ကပ်ကြီး ရှိလှတယ်၊ ထိုကြောင့် မသွားလို ဟု ဆိုသဖြင့် မယ်နု မှ ဆရာတော်ကို စကားပြောအောင် လုပ်ပါ့မယ် ဟုဆိုကာ သမီးတော်ကလေး ( စုဖုရား လတ်အမေ လောင်း ) ကို ခေါ်သွားလေ၏။

ကျောင်းတော် ရောက်သော် ထုံးစံ အတိုင်း ရှင်ဘုရင်နှင့် မိဖုရား တို့က ဆရာတော်ကို ၀တ်ပြု လေ၏။ ဆရာတော်မှ ဘာမှ မပြောဘဲ စာကို ကြည့်မြဲကြည့်နေလေ၏။ ထိုအချိန် ၂ နှစ် အရွယ် သမီးတော်လေးသည် ကြောက်ရွံရမှန်း မသိ။ ဟိုပြေး ဒီသွားနှင့် ဘုန်းကြီး၏ ရွှေကလပ်ပေါ်မှ ပေစာများကို ဆွဲယူ၏။ ထိုအခါ ဆရာတော်မှ " ဟဲ့ ဟိုအနားက တချောက်ချောက်နဲ့ ဘယ်က ဟာကလေးလဲ " ဟု မိန့်ရာ မယ်နု မှ " သမီးတော်ကလေး ပါဘုရား " ဟု လျှောက်လေ၏။

ဆရာတော်ဦးဗုဓ်ကလည်း သမီးတော်ကလေးကဖြင့် တယ်လည်း ကမြင်း သကိုး ဟု မိန့်သဖြင့် မယ်နု က အလိုက်သိစွာ သမီးတော်ကို ပွေ့ပြီး ဘုန်းကြီးကို ကန့်တော့ကာ ပြန်ထွက်လာခဲ့ကြလေသည်။ ထိုအဖြစ်အပျက် ကို ရှင်ဘုရင် နှင့် မိဖုရားတို့မှ သဘောကျ ကာ ကျောင်းအောက်ရောက်သော် တ၀ါးဝါး ရယ်မောက ၀မ်းမြောက်နေကြလေ၏။

နာမည်ကျော် ဦးပေါ်ဦး လည်း မနိုင် 

အမတ်ကြီး ဦးပေါ်ဦး သည် ဘကြီးတော်လက်ထက်တွင် သက်တော်ရှည် အမတ်ကြီး အဖြစ် အမူတော်များကို ဆက်လက် ထမ်းဆောင်၏။ ဆရာတော် ဦးဗုဓ်ကို ဦးပေါ်ဦးမှ တနေ့ သွားရောက် ဖူးမော်လေ၏။ ထိုချိန် ဆရာတော်မှ ရေကန်အနီးတွင် တံမြက်လှည်းနေချိန်ဖြစ်သည်။

ဦးပေါ်ဦး။   ။ ရေကန်ကြီး ကဖြင့် အလွန် ကောင်းပါပေသည် ဘုရား၊
ဦးဗုဓ်    ။    ။ အေး ကောင်းတယ်။
ဦးပေါ်ဦး ။   ။ ရေကလည်း အလွန် ကြည်ပါတယ် ဘုရား။
ဦးဗုဓ်   ။      ။ အေး.. ကြည်တယ်။
ဦးပေါ်ဦး ။    ။ ရေကန်ကြီး မည်မျှ နက်ပါသနည်း ဘုရား။
ဦးဗုဓ်   ။       ။ ငါ... မသိဘူး။
ဦးပေါ်ဦး ။    ။ ဆရာတော် သီတင်းသုံးတော်မူသော ကျောင်းတိုက် အတွင်း ဖြစ်သဖြင့် နီးသည့်အတွက် သိလိမ့်မည် ထင်မှတ်၍ လျှောက်မိပါသည် ဘုရား။
ဦးဗုဓ်  ။    ။ သင်၏ နူတ်ခမ်း ဘယ်နှပင် ရှိသနည်း။
ဦးပေါ်ဦး ။   ။ သတိမထားမိ ၍ ဘယ်နှပင်ရှိကြောင်း မသိပါ ဘုရား။
ဦးဗုဓ်။   ။ သင့် နူတ်ခမ်းမွေး ဘယ်နှပင် ရှိသည်ဟု သင်တောင် မသိဘဲ ရေကန် အတိမ်အနက်ကို ကော ငါ သိနိုင်မည်လား။

ဟု မိန့်လေရာ နာမည်ကျော် ဦးပေါ်ဦး လည်း ရှိခိုး ဦးချ ကာ ပြန်လာခဲ့ရရှာ၏။

Image result for ဆရာတော် ဦးဗုဓ်

ပထမကျော် ခိုးပွဲ 

အင်းဝနေပြည်တော် တွင် နယုန် ဆိုလျှင် သုဓမ္မာ စာပြန်ပွဲများ ကျင်းပလေ့ရှိ၏။ ထိုစာပြန်ပွဲတွင် နှစ်စဉ် သာယာဝတီ မင်းသားကြီး ၏ ကျောင်းတိုက်ကချည်း ပထမကျော် ထွက်ပေါ်ခဲ့ရာ အပြိုင်အဆိုင်ဖြစ်သော နန်းမတော်မယ်နု မှ အနိုင်ရရန် ကြံစည်ကြသည်။ မယ်နု သည် သာယာဝတီ မင်းသားကြီး၏ ကျောင်းတိုက် ရှိ ကျောင်းထိုင် ဆရာတော်ထံ ချဉ်းကပ်ကာ စာတော်သော ရဟန်း အကြောင်းကို စကားနိုက်လေ၏။ သိရလျှင် မိမိ၏ ကျောင်းထိုင် ဆရာတော် ထံ ကပ်ကာ ထို ရဟန်း ကို ဖြားယောင်းခေါ်ယူ ကြံစဉ်လေသည်။ ကြံစဉ် သည့်အတိုင်း အောင်မြင်ပြီး ထို စာတော်သော ရဟန်းသည် မယ်နု တို့ ကျောင်းသို့ ပြောင်းလေ၏။

ထိုအကြောင်းကို သာယာဝတီမင်းသား ကြားသိလျှင် ဘကြီးတော် ထံ မိဖုရားခေါင်မှ ပထမကျော်လောင်းလျာ ကို ခိုးသည်ဟု တရားစွဲ လေ၏။ ဘုရင် လည်း ညီတော် နှင့် မိဖုရားခေါင်တို့၏ အမူ ဖြစ်နေသဖြင့် သုဓမ္မာ ဆရာတော်များ လက်သို့ လွှဲအပ်လိုက်လေ၏။ သုဓမ္မာဆရာတော်တို့လည်း အမူမှာ အသေးအဖွဲ့ မဟုတ် အင်အားကြီး ၂ စု တို့၏ ပွဲ ဖြစ်နေသဖြင့် အမူကို မစစ်ဘဲ အကြောင်းပြချက် များစွာ ဖြင့် ရှောင်နေကြ၏။

ထိုအခါ ဆရာတော် ဦးဗုဓ်က " ကိုယ်တော်တို့ဟာ နေတိုင်းစားပြီး အိပ်နေကြသလား၊ အရေးကိစ္စရှိမှ စာကြည့်နေကြသလား " ဟု ခပ်ဆတ်ဆတ် ၀င်ပြောသော အခါ ဆရာတော်ကြီးများက " ဒါဖြင့် ဒီအမူကို ကိုယ်တော်လေး ဆုံးဖြတ်နိုင်မလား ဟု မေးမြန်းလေရာ ဦးဗုဓ်မှ အမူအပ်လျှင် ဆုံးဖြတ်နိုင်သည် ဟု လျှောက်သဖြင့် အမူအပ်ကြလေ၏။

ဆရာတော် ဦးဗုဓ်လည်း အောက်ပါအတိုင်း စီရင်ချက် ချလေ၏။

၁. ယခု အမူသည် သာယာဝတီမင်းသား ငခင် နှင့် လည်း မဆိုင်။ နန်းမတော် မိနု နှင့်လည်း မဆိုင်။ ဘုန်းကြီးချင်း တပည့်လက်သားကို ဖြားယောင်းခေါ်ယူသဖြင့် ၀ိနည်းတော်အရ စီရင်ရန် ဖြစ်၏။
" နိဘိက္ခဝေ- အညဿ      ပရိသာ " ဟူသော  ပုဒ်မ အရ မိနု ကျောင်းတိုက်က ဘုန်းကြီးသည် သူတပါး၏ တပည့်လက်သားကို ဖြားယောင်း ခေါ်ယူသဖြင့် ဒုက္ကဋ္ဋ် အာပတ် သင့်၏။ ဒေသနာ ပြောကြားစေ။ အနားက ဘုန်းကြီးတပါး က ဒေသနာ ခံလိုက်စေ။
၂. ပထမကျော်လောင်း သည် သူတပါး ဖြားယောင်းရာသို့ ဆန္ဒာဂတိ လိုက်ခြင်းကြောင့် ယခုနှစ် ပထမကျော် မပြန်ဆိုရ။ သူ့ရပ်ရွာသို့ ပြန်သွားစေ။

အထက်ပါအတိုင်း စီရင်ချက် ချသဖြင့် ရဟန်းရှင်လူ ပရိသတ် တို့မှ ချီးကြူးကြကုန်လေ၏။

မယ်နု ၏ ဘုံကထိန်ပွဲ 

မယ်နု သည် နှစ်စဉ် ဘုံကထိန်ပွဲကို စည်ကားသိပ်မြိုက်စွာ ကျင်းပလေ့ရှိ၏။ တနှစ်တွင် ဘုရင် နှင့် မိဖုရားမှ ဆရာတော် ဦးဗုဓ် ကို တရားဟော ရန် လျှောက်ထားရာ ဆရာတော်မှ ၂၄ ပစ္စည်း ပဌာန်း ဒေသနာ တော်ကြီး အကျဉ်း ကို ရွတ်ဆိုလေသည်။ ရွတ်ဆို ပြီးသည့်နောက် ဆိတ်ဆိတ်နေလျှင် အကြောင်းသိသော ရှင်ဘုရင်မှ ရေစက်သွန်းချ အမျှ ဝေရလေ၏။

ထိုအခါ လေးပြင်လေးရပ် ကြွလာတော်မူကြသော ဆရာတော်ကြီးများက"  ဦးဗုဓ်ကို စာတတ်သည်ဟု ကြည်ညို လွန်းလှ၍၊ ဧရာမ ကျောင်းတော်ကြီး ကို လှူ ဒါန်း၍ ဧရာမ မိဖုရာကြီးက ဧရာမ ကထိန်ပွဲကြီး ကျင်းပရာမှာ တကတဲဗျာ၊ ရှားရှားပါးပါး ဟောလိုက်သည့်တရားက ဟေတုပစ္စယော တဲ့ဗျာ "ဟု ၀ိုင်း၍ ဘုရင်နှင့် ပရိသတ်ရှေ့တွင် ကဲ့ရဲ့ ကြလေ၏။ ဆရာတော် ဦးဗုဓ်ကလည်း "ဧရာမ ကျောင်းတော်ကြီး လှူ ဒါန်းပြီး ဧရာမ မိဖုရားကြီးက ဧရာမ ကထိန်ပွဲကြီး ကျင်းပ ရာမှာ ဧရာမ ပဌာန်းတရားတော်ကြီး ကို ဟောလိုက်တာ ဘယ်သူက ဘာပြောချင်ကြသေးသလဲ " ဟု ဖြေရာ မည်သူမျှ ပြန်လည် မချေပနိုင်တော့ဘဲ။ ( ပဌာန်းကျမ်းတော်ကြီး ၏ အကြောင်း နှင့် အနက် အဓိပ္ပါယ် ကို ဗုဒ္ဓဘာသာဝင်စစ်စစ် များ သိရှိကြပါ၏။ တခြား ဘာသာဝင် စာရူသူများ သိလိုလျှင် ကျနော်ဆီ စာပို့ မေးမြန်းနိုင်ပါတယ်။ )  

ဆရာတော်အကြောင်း သိသော ပရိသတ်တို့မှ သာဓု သုံး ကြိမ် ခေါ်ကြလေတော့ သည်။

မယ်နု ၏ နေ၀င်ချိန် 

သာယာဝတီမင်းသား မှ ပုန်ကန်မူတွင် အောင်မြင်ပြီးနောက် ဘုရင် အဖြစ် ၃ နှစ်မြှောက် တွင် နန်းမတော် မယ်နု နှင့် မင်းသားကြီး ဦးအို အပေါင်းအပါ တို့ကို သေဒဏ်ပေးလေသည်။ ထိုအချိန်တွင် သာယာဝတီမင်း သည် အမရပူရသို့ မင်းနေပြည်တော် ပြန်လည် ပြောင်းရွှေ့ ပြီး စိုးစံနေချိန်ဖြစ်၏။ ဆရာတော် ဦးဗုဓ်လည်း အမရပူရ သို့ ပြောင်းရွှေ့ သီတင်းသုံး ရလေ၏။ မယ်နု ကို မြို့ ဝန် နှင့် အာဏာသားတို့ သေဒဏ် စီရင်ရန် ခေါ်ဆောင်သွားချိန် မယ်နု မှ မိမိ၏ ဆရာရင်း ဖြစ်သော ဆရာတော် ဦးဗုဓ်ကို နောက်ဆုံးအနေဖြင့် ဖူးမြော် ကန်တော့ ရန် အခွင့်တောင်းလေ၏။ မြို့ ဝန် လည်း ခွင့်ပေးကာ ဆရာတော်ထံ ပို့ဆောင်ပေးကြလေသည်။

ဆရာတော်ကား စာကြည့်နေချိန်ဖြစ်သည်။ မယ်နုက ဦးချကာ " ဘုရားတပည့်တော်မ သည် ကုန်းဘောင်မင်း(သာယာဝတီမင်း) ၏ ဘုန်း ဖုံးအုပ်လာ၍  သူ၏ အာဏာစက်ဖြင့် အဆုံးစီရင်ခြင်း ခံရပါတော့မည်။ ယနေ့ကား ဆရာတော်ဘုရားကို နောက်ဆုံး ဖူးမြှော်ကန်တော့ခြင်း ဖြစ်ကြောင်းပါ ဘုရား ဟုလျှောက်တင်၏။
ဆရာတော်သည် စာကြည့်နေရာက မယ်နု ရှိရာ ဘက်သို့ မျက်နှာမူပြီးလျှင် " မိနု၊ သူ့ ကြွေး ရှိလျှင် ဆပ်ရလိမ့်မည် " ဟု အမိန့်ရှိလေ၏။ ထိုသို့ အမိန့်ရှိသောအခါ မယ်နု သည် မိမိအား တခါမှ ထိုသို့ ကြည့်ပြီး မမိန့်ဖူး သဖြင့် အလွန် ၀မ်းမြောက်ဝမ်းသာ ဖြစ်လေသည်။ ထိုနောက် မယ်နု ကို တောင်သမန်အင်း၏ အရှေ့မြောက်ထောင့်၊ မယ်ဘယက်ကုန်း ကမ်းစပ်တွင် ရေချ ကာ အဆုံးစီရင် ခဲ့ကြလေသည်။



Share:

No comments:

Post a Comment