Skip to main content

ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး သံမှူး John Crawfurd ၏ ဘကြီးတော်ဘုရား ညီလာခံ မှတ်တမ်း

ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး အင်းဝနေပြည်တော်သို့ လာရောက်သော သံမှူး John Crawfurd ၏ မှတ်တမ်း ကို လေ့လာနိုင်စေရန် တင်ပြလိုက်ရပါသည်။

ကျွန်တော်တို့ သံအဖွဲ့ကို ရှေ့တော်သို့မ၀င်မီ လွှတ်တော်၏ အရှေ့တွင်ရှိသော အဆောင်တခုတွင် နားနေကြရန် နေရာထိုင်ခင်း ပေးပါသည်။ လွှတ်တော်မှာ ကျွန်းသားနှင့် ဆောက်လုပ်ထားသော ဇရပ်ကြီး ဖြစ်သည်။ ရွှေချခြင်း၊ ပန်းပုလက်ရာတို့နှင့် မွမ်းမ့ခြင်း မရှိပါ။ ထရံများလည်း မရှိပါ။ ဘန်ကောက်မြို့ တော်တွင် ယိုးဒယားဘုရင် ၏ ရှေ့တော်သို့ ၀င်ခဲ့စဉ်က ကျွန်တော်တို့ ခေတ္တရပ်နားခဲ့သော ဗိမာန်မှာ ယခုရုံးတော်ထက် အပုံကြီး သာပါသည်။


John Crawfurd
ရှင်ဘုရင်၏ ညီလာခံသို့ မင်းသားများ တက်ရောက်ကြမည်ဖြစ်ရာ ကျွန်တော်တို့ သံအဖွဲ့မှာ သူတို့နောက်မှ လိုက်ရမည်ဖြစ်သည်။ ထို့ကြောင့် လွှတ်တော်ရှေ့ အဆောင်တွင် ၂ နာရီကျော်မျှ ထိုင်စောင့်ကြရသည်။ ပထမဦးဆုံး အဆောင်အယောင်နှင့် ရောက်လာသူမှာ ဘုရင့်ညီတော် ပုဂံမင်းသား ( သမိုင်းထဲက ဘုရင်ဖြစ်သူမဟုတ်) ဖြစ်၏။ ထို့နောက် သံတွဲမြို့ စား မင်းသား မင်းမြတ်ဗိုလ်ဖြစ်သည်။ အင်္ဂလိပ်-မြန်မာ စစ်ပွဲ အပြီး မြန်မာတပ် အသီးသီး ကို အုပ်ချူ ပ်သူမှာ မင်းသား မင်းမြတ်ဗိုလ်ပင်ဖြစ်ပါသည်။

မင်းသား မင်းမြတ်ဗိုလ်သည် ငယ်ရွယ်သူဖြစ်လျက် သူ့ဘေးတွင် ကောလင်းဝန်ကြီးက အမြဲလိုက်ပါ ကွပ်ကဲရသည်။ ထိုနောက် သာယာဝတီမင်းသား ၏ သားတော် မင်းတုန်းမင်းသား နှင့် နောင်တော် မက္ခရာမင်းသား တို့ ရောက်လာကြသည်။ သူတို့နောက်တွင် နန်းမတော် မယ်နု၏ မောင်တော် မင်းသားကြီး ရောက်လာ၏။ နောက်ဆုံး တွင် သာယာဝတီမင်းသား ၀င်တော်မူလာ၏။ အမြင့်မြတ်ဆုံးသော ညီတော်မင်းသားအဖြစ် ရွှေထီး ၁၀ လက် မိုးရ၏။ မင်းသားကြီး မောင်အို အတွက် ရွှေထီး ၈ လက်သာ ရရှိလေသည်။ ကျန်မင်းသားများသည် ရွှေထီး ၁ လက်စီသာ မိုးရ၏။ မောင်အိုသည် မင်းသွေးမဟုတ်သော်လည်း နှမတော် မျက်နှာဖြင့် ဘုရင့် မြှောက်စားမူ ခံရသူဖြစ်သည်။

ထိုမင်းသားများ အဆင့်အတန်းအလိုက် ၀င်ကြရာတွင် ရှေ့ဆုံးမှ ကိုယ်ရံတော်စစ်သားများ ပါရှိ၏။ မင်းသားများကား ဝေါစီးလိုက်ပါကြ၏။ ထိုနောက်မှ ဆင်များ၊မြင်းများ လိုက်ပါကြ၏။ မှူးကြီး မတ်ကြီးများကား ရွှေထီးဆောင်းလျက် တံခါးနီးသို့ ရောက်သောအခါ အခြွှေအရံများကို အပြင်၌  ထားခဲ့ကြရ၏။ မင်းညီမင်းသားများ အဖို့ကား မိမိ စီးနင်းလိုက်ပါလာသော ဝေါများကို ထိုတံခါးမှ လွန်၍ နန်းတော်လှေကားအရောက် သွားနိုင်၏။ လက်နက်ကိုင် နောက်ပါများကား အားလုံးပင် တံခါးအနီးမှ ကျော်လွန် လိုက်ပါခွင့် မရကြပေ။

နန်းတော်သို့ အခစားဝင်ရတွင် မင်းသားများသည် မိမိတတ်နိုင်သလို အခြွှေအရံများစွာ နှင့် အခမ်းအနား ၀င်လာနိုင်၏။ ထိုနေ့က အခမ်းနားဆုံးမှာ မင်းသားကြီး မောင်အို၏ အဖွဲ့ ဖြစ်သည်။ နောက်လိုက်ပါပေါင်း ၄၀၀ ကျော်ခန့် ပါရှိ၏။ ထိုသူတို့တွင် အင်္ဂလိပ်စစ်ဗာရီ (sepoys) ယူနီဖောင်း ၀တ်သူ ၃၀ ကျော်ခန့် ပါရှိရာ ထိုသူများမှာ စစ်တကောင်း တိုက်ပွဲမှ မြန်မာတို့ ဖမ်းဆီးခဲ့သော သုံ့ပန်းများ ဖြစ်ဟန် တူ၏။
Sepoys ယူနီဖောင်း

မှူးကြီး မတ်ကြီး တို့နှင့် မင်းညီမင်းသားများသည် နန်းတော်လှေကား အထိ ဖိနပ်စီးခြင်း စသော အခွင့်အရေး များ ရရှိသည်ကို မြင်တွေ့ရသောအခါ ကျွန်တော်တို့အဖွဲ့ကိုလည်း အလားတူ ခွင့်ပြုရန် ကျွန်တော်က တောင်းဆိုတော့၏။ အမေရိကန် သာသနာပြု ဆရာ ဂျပ်ဆင်က ဘာသာပြန် အဖြစ် ပါရှိ၏။ မူလကမူ ကျွန်တော် တို့ ရုံးတော်မှ စပြီး ဖိနပ်ချွတ်ရန် စီစဉ်ခဲ့သည်။ ယခင်က အင်းဝသို့ အရင် ရောက်သူ သံမှူး မိုက်ကယ်ဆိုင်း ကိုလည်း မြန်မာအရာရှိများက နန်းတော်သို့ မ၀င်မီ အကြိမ်ကြိမ် ရှိခိုးရန် သွေးဆောင်ခဲ့သည်။

ကျွန်တော်တို့ အနောက်နိုင်ငံသားများအဖို့ ဦးထုတ်ကို ချွတ်၍ အလေးပြု ရန် ၀န်မလေးသော်လည်း ဖိနပ်ချွတ်ရန်နှင့် မြန်မာနည်းတူ ဒူးတုပ်၍ ရှိခိုးရန်မှာ ဘောင်းဘီဝတ်သူအဖို့ မလွယ်ကူသောကြောင့်အထူးပင် လိုက်လျောရန် ခက်လေသည်။ ထို့ကြောင့် ကျွန်တော်မှ တင်းမာစွာ တောင်းဆိုမှ အမတ်တဦးက ခွင့်ပြုခဲ့သည်။

ထိုနောက် နာခံတော်တဦး ရှေ့ဆောင်ကာ နန်းတော်ဆီသို့ သွားရန် ပြင်ကြ၏။ အင်္ဂလိပ် ဘုရင်ခံချူ ပ်၏ သ၀ဏ်လွှာကို တင်ရန် ငွေလင်ပန်းတခု တောင်းရာ မရချေ။ ထိုကြောင့် ကျွန်တော်၏ လက်ထောက် ကို ထို သ၀ဏ်လွှာ ကိုင်ဆောင်စေလျက် ကျွန်တော်နှင့် ယှဉ်တွဲ လိုက်ပါစေခဲ့သည်။

ရုံးတော်မှ နန်းတော်အထိ သွားရာတွင် တံတိုင်း ၃ ခုရှိရာ တံခါး ၃ ပေါက်မှ ၀င်ရ၏။ ပထမတံတိုင်းမှာ သစ်တံတိုင်း ဖြစ်၏။ ဒုတိယ နှင့် တတိယမှာ အုတ်တံတိုင်း ဖြစ်၏။ ၎င်းတို့ကို ကျော်လွန်ပြီးမှ နန်းတော် အရှေ့မုခ်လှေကား သို့ရောက်၏။ ကျွန်တော်တို့ကို လမ်းပြသော သံတော်ဆင့်က ပထမတံခါးသို့ ရောက်လျှင်ပင် နန်းတော် ကို စတင် ဦးချ၏။

ညီလာခံ အဆောင်တော်မှာ ပြာဿ      ဒ်ကြီး မားမားမတ်မတ် လွှမ်းမိုးလျက်ရှိသော ဗဟိုဆောင်ဖြစ်၏။ ၀ဲယာတွင် ပြာသာဒ်မပါသော အဆောင်ကြီး ၂ ခုတို့က အလျားလိုက် ခြံရံနေ၏။ ရာဇပလ္လင်ရှိရာ အပိုင်းမှ တပါး အကာအရံများ မရှိချေ။ ကျွန်းသား မျက်နှာကြက်နှင့် တိုင်များကို ရွှေချထားသည်မှာ ဖိတ်ဖိတ်တောက်နေ၏။ ကြမ်းပြားကား ကျောက်ဖြူ ပြားတို့နှင့် ပြီးလျက် အလွန် ချောမွေ့ တောက်ပြောင်ပေသည်။ ရွှေတိုင်ကြီးများ အောက်ပိုင်း လူတစ်ရပ်လောက်ကိုကား ဟင်္သပဒါး သုတ်ထား၏။

ရာဇပလ္လင်ရှိရာ ဘက်တွင်ကား  ရွှေရောင်သည် အ၀င်းဆုံးတည်း။ ပန်းခြူးပန်းနွယ် စသော ပန်းပုအမွမ်းအမံတို့ လည်း အများဆုံး ရှိနေပေသည်။ ရှင်ဘုရင် စံတော်မူရာ ပလ္လင်ကား ရွှေနှင့် ဖန်မှန်များ ရောနှော မွမ်းမံထားသဖြင့် အတောက်ပြောင်ဆုံး ဖြစ်၏။ ဗိမာန်တခုလုံး အလွန် ခံ့ညား တင့်တယ်ပေသည်။ အနောက်ဗိသုကာစနစ်များနှင့် လုံးဝ မတူသော်လည်း အထူး ထည်ဝါ တောက်ပြောင်လှပေသည်။ တခြားနိုင်ငံများ၌ ဤသို့ ထူးခြားဆန်းပြားသော နန်းတော်မျိုး ရှိမည် မထင်ပါ။
သူ ဘန်ကောက် ရောက်ခဲ့စဉ်က ပန်းချီ

နန်းတော်တို့ ၀င်ရာ လှေကားပေါက် သုံးခုအနက် ကျွန်တော်တို့က လက်ယာဘက်မှ ၀င်ပါသည်။  ကျွန်တော်တို့ကို ရာဇပလ္လင်၏ ရှေ့နား လက်ဝဲဘက်တွင် နေရာချထား ပေးပါသည်။ လက်ဆောင် များကို ကျွန်တော်တို့ ရှေ့တွင် စီတန်းချထားပါသည်။ ဆယ်မိနစ်ခန့်ကြသော် ရှင်ဘုရင် ထွက်တော်မူလာသည်။ ထွက်တော်မူချိန်တွင် မြန်မာတူရိယာသံများ ကြားရသည်။ ထို့နောက် ရာဇပလ္လင် တံခါးပွင့်သံများ ကြားရ၏။

ရှင်ဘုရင်သည် မင်းမြောက်တန်ဆာများ ပြည့်စုံစွာ ၀တ်ဆင်ကာ လှေကားမှ တက်လာရာ ထိုတန်ဆာများ အတန်ပင် လေးပုံရ၏။ သရဖူမှာ စေတီပုထိုးများ၏ ထီးတော်နှင့် တူပါသည်။ ၀တ်လုံတော်မှာ ရွှေထည် ဖြစ်လျက် ကျောက်သံပတ္တမြားများ စီခြယ်ထား၏။ လက်ယာဘက်၌ သားမြီးယပ်တောင် ကိုင်ဆောင်ထား၏။ ထီးဖြူ တော် မိုးလျက် သားမြီးယပ်ဖြင့် ပလ္လင်တော်ကို အမိုက်လှည်းသလို ပြု ပြီးမှ ထိုင်တော်မူသည်။

ရှင်ဘုရင် ထွက်တော်မူလာလျှင်ပင် အရှေ့တိုင်းထုံးစံအရ မှူးမတ်အရာရှိ အားလုံးတို့က ဦး ၃ ကြိမ် ချကြရလေသည်။ ကျွန်တော်တို့ အနေဖြင့် အနောက်ထုံးစံအတိုင်း ဦးထုပ် ချွတ်ပြီး ခေါင်းညွှတ်ကာ ဆလံ ပေးကြပါသည်။ မိဖုရာခေါင်ကြီးလည်း ရှင်ဘုရင်၏ နောက်တော်ပါးမှ ပါလာသည်။ သူသည်လည်း ရှင်ဘုရင် ကဲ့သို့ တောက်ပြောင်သော အ၀တ်အစားများဖြင့် သမီးတော်လေးနှင့်အတူ ပါလာ၏။ သမီးတော်ကား အသက် ၅ နှစ် အရွယ်မျှ ရှိပေ၏။

ကုန်းဘောင်ခေတ်မှ မင်းသားတို့ ၀တ်စားဆင်ယင်ပုံ
ပထမ အစီအစဉ် အနေဖြင့် ပုဏ္ဏးတော်များက ဂါထာများ သံပြိုင်ရွတ်ဆိုကြသည်မှာ ၃ မိနစ်ခန့် ကြာ၏။ ထိုနောက် အနယ်နယ်အရပ်ရပ်က စော်ဘွား၊မြို့ စား၊နယ်စား များ၏ လက်ဆောင် ဆက်သမူကို စတင်ကြသည်။ အနောက်ဆုံးတွင် ကျွန်တော်တို့ စာရင်း ပါရှိသည်။ ထိုနောက် မိဖုရားခေါင်ကြီး ဘုရင်ခံမှ ဆက်သသော လက်ဆောင်စာရင်း သီးသန့် ဖတ်ကြားပေးပါသည်။

ထိုနောက် ရှင်ဘုရင်မှ ကျွန်တော်တို့ကို မေးခွန်းများ မေးကြားပါသည်။ ကျွန်တော်တို့လည်း လေးစားစွာဖြင့် ဖြေဆိုကြပါသည်။ ထိုနောက် စားသောက်ဖွယ်ရာ များကို ရွှေခွက် နှင့် ကျွန်တော်တို့ကို ဧည့်ခံပြု စုပါသည်။ ကျွန်တော်တို့လည်း လေးစားသောအားဖြင့် ထပ်မံ ဆလံပေး အလေးပြုကြပါသည်။ ဘုရင်မှ ကျွန်တော်တို့ အဖွဲ့ကို ကျောက်နီလက်စွပ် ၊ ပိုးအုပ် တခုစီ၊ ယွန်းထည် တစုံ စီ ပေးကမ်း၏။ ဘုရင်ခံချူ ပ်ထံမှ စာကို ဖတ်ရူခြင်း မရှိချေ။ ညီလာခံမှာ ၄၅ မိနစ်ခန့် ကြာသည်။

အရှင်နှစ်ပါး ၀င်တော်မူသောအခါ ထပ်မံ ရှိခိုးကြပြန်သည်။ ကျွန်တော်တို့လည်း ဦးထုပ်များကို ပြန်လည် ဆင်မြန်းကြ၏။ ညီလာခံတွင် ပြည်သူများ ချစ်သော စကြာမင်းသားလေးကို မတွေ့မိချေ။ ငယ်ရွယ်သူ ဖြစ်သောကြောင့် ညီလာခံ မတက်ခြင်း ဖြစ်မည် ထင်မိပါသည်။ ညီလာခံ တက်သူ အားလုံး ၀တ်စား ဆင်ယင်ပုံမှာ ဘန်ကောက်နန်းတော် အမူထမ်းများထက် သာလွန်ထည်ဝါ ခံ့ညားပေသည်။

ကျွန်တော်တို့အဖွဲ့လည်း ညီလာခံပြီးလျှင် မင်းသားများ၊ မှူးမတ်ကြီးများ အားလုံး ထွက်ပြီးပါမှ ထွက်ခွင့်ရခဲ့ပါသည်။ မြန်မာတို့မှ အင်္ဂလိပ်ကို စစ်ရူံးထားပြီး ဖြစ်သဖြင့် မည့်သည့် မှူးမတ်မှ ကျွန်တော်တို့ကို စကားပြောဆိုခြင်း မရှိကြပါ။ မက္ခရာမင်းသား တပါးသာ သာကြောင်းမာကြောင်း များ လာရောက် မေးမြန်းပါသည်။

Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။