အင်္ဂလိပ်-ကုန်းဘောင် ပထမ စစ်ပွဲ

 အိန္ဒိယဘုရင်ခံချူ ပ် လော့အမ်းမှတ် ( Lord Earl Amherst) မှ ၁၈၂၄ မတ်လ ၅ ရက်နေ့ တွင် ကုန်းဘောင်အင်ပါယာ နှင့် တရားဝင် စစ်ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုစစ်ကြေညာစဉ် ကုန်းဘောင်အင်ပါယာ ၏ စစ်သူကြီး  မဟာဗန္ဓုလ သည် ရခိုင်နယ်စပ်တွင် ရောက်ရှိနေပြီး ရှင်မဖြူ ကျွန်းအရေးကို စစ်နှင့် ဖြေရှင်းနေချိန်ဖြစ်သည်။ အင်းဝလွှတ်တော် တွင်လည်း အထူးအရေးပေါ် လွှတ်တော်အစည်းအဝေးခေါ်ယူကြပြီး အင်္ဂလိပ်ကို ခုခံရန် ဆွေးနွေးကြရလေ၏။ 

 စစ်သေနာပတိ ဖြစ်သည့် မဟာဗန္ဓုလ ၏ ကွပ်ကဲမူ အောက်တွင် ရှိသော တပ်မ သည် ထိုခေတ်က အကောင်းဆုံး တပ်ဟု ဆိုနိုင်၏။  မဟာဗန္ဓုလ ကိုယ်တိုင် လေ့ကျင့်ပေးခဲ့ပြီး အမြဲတမ်းစစ်တပ် မထားရှိသည့် ကုန်းဘောင်ခေတ် တွင် အကောင်းဆုံးသော အရည်အသွေး ရှိသော စစ်တပ်ဖြစ်ခဲ့သည်။ ထိုတပ်မ ဖြင့်  မဟာဗန္ဓုလ သည် ပန်းဝါ(ရာမူး) တိုက်ပွဲ တွင် ဗြိတိသျှ တပ်များကို အနိုင်တိုက် နိုင်ခဲ့သည်။ 


 မဟာဗန္ဓုလ ၏ အစီအစဉ်မှာ ဗြိတိသျှ တို့ကို ရခိုင်မှတဆင့် မျက်နှာစာ နှစ်ခုတွင် တိုက်ခိုက်ရန်ဖြစ်သည်။ ထိုမှတဆင့် စစ်တကောင်း၊ ကာလကတ္တားအထိ သိမ်းယူရန်ဖြစ်သည်။ သို့သော် ထိုအစီအစဉ်မှာ အင်္ဂလိပ်တို့ ရုတ်တရက် ရန်ကုန်ကို ရေကြောင်းဖြင့် ချီတက်လာသောအခါ အစီအစဉ်ပျက်ခဲ့ရသည်။ အင်္ဂလိပ်တို့၏ ပင်မ ဗျူ ဟာသည် နယ်စပ်တွင် ပုန်ကန် မူများ ဖြစ်စေပြီး ကုန်းဘောင်၏ တပ်မကြီး ချီတက်လာခဲ့လျှင် ရန်ကုန်မှတဆင့် ရုတ်တရက် ၀င်တိုက် ရန် ဖြစ်၏။ 

ထိုဗျူ ဟာကို ဗြိတိသျှ တို့ လွယ်ကူစွာ အကောင်အထည် ဖော်နိုင်ခဲ့သည်။ရန်ကုန်သို့ ရုတ်တရက် ချီတက်လာသော အင်္ဂလိပ်တပ်များကို ခုခံရန် ဘကြီးတော် တို့သည် အလျင်အမြန် အင်အား ၁ သောင်းကျော် ရှိ စစ်တပ်ကို ဖွဲ့ကာ ရန်ကုန်သို့ အပြင်း စေလွှတ်သည်။ ထိုနောက် ရခိုင်ရှိ အနောက်စစ်မျက်နှာစာ တပ်အားလုံး ရန်ကုန်သို့ အလျင်အမြန် အင်အားလာဖြည့်ရန် အမိန့်တော် လွှတ်လေသည်။ 

နန်းတော်တွင် မင်းသားကြီး မောင်အို တို့သည် အင်္ဂလိပ်၏ ကျူးကျော်စစ်ကို မိမိတို့ နိုင်မည်ဟု တရားသေ မှတ်ထား ကြသည်။ အကြံကြီးသူများ ဖြစ်ကြသော်လည်း ပြင်ပကမ္ဘာအကြောင်းကို မသိသော ဖားသူငယ်ကဲ့သို့ ဖြစ်နေကာ အင်္ဂလိပ်တို့၏ အင်အား ကို လျှော့တွက်ခဲ့ကြသည်။ ထိုပြင် သာယာဝတီမင်းသားမှ အင်္ဂလိပ်များကို ခုခံရာတွင် မိမိ ပါဝင်လိုကြောင်း ဘကြီးတော်ထံ လျှောက်ထားသော်လည်း မယ်နု နှင့် မောင်အို တို့မှ သာယာဝတီမင်းသား ပုန်ကန် မှာ စိုးသဖြင့် ဘကြီးတော်အား ခွင့်မပြု ရန် အကြိမ်ကြိမ် လျှောက်ထားကြ၏။ 

ဗြိတိသျှ ရေတပ်များ ရန်ကုန်ုဆိပ်ကမ်း(ဒလ) ကို တိုက်ခိုက်နေပုံ
အင်္ဂလိပ်များ၏ ရုတ်တရက် ၀င်တိုက်မူသည် အောင်မြင်လေသည်။ ရန်ကုန်တွင် မြို့ စောင့်တပ်မှာ အင်အား ရာ ဂဏန်း သာ ရှိ၏။ အမြှောက်တပ်များသည်လည်း ခေတ်မမှီ သော အမြှောက်များသာ ဖြစ်သည်။ ထိုနှစ် ၅ လပိုင်း ၁၁ ရက်နေ့တွင် အင်္ဂလိပ်သည် သင်္ဘောပေါ်မှ အမြှောက်ကြီးများဖြင့် ရန်ကုန်ဆိပ်ကမ်းကို အဆက်မပြတ် ပစ်ခတ်ပြီး သိမ်းပိုက်နိုင်ခဲ့လေသည်။ ရန်ကုန်မြို့ ဝန် နှင့် တပ်သား အနည်းငယ်များသည်လည်း ဆုတ်ခွာရလေ၏။ အင်္ဂလိပ်တပ်များသည် ရန်ကုန်ကို သိမ်းပိုက်ပြီး ရွှေတိဂုံစေတီတော် ကို ဗဟိုပြု ကာ ခံတပ် ဆောက်ကြလေသည်။ 

ရန်ကုန်မြစ်တလျှောက်ရှိ မြန်မာခံတပ်ကို ထိုးဖောက် တိုက်ခိုက်နေပုံ

အင်းဝနန်းတော်မှ ၀န်ကြီးမင်းကြီး မဟာမင်းခေါင် ဦးဆောင်သော တပ်များသည် ၂၄ ရက်တွင် ရန်ကုန်သို့ ရောက်လာပြီး အင်္ဂလိပ်များကို တိုက်ခိုက်လေသည်။ သို့သော်လည်း မထိုးဖောက်နိုင်သဖြင့် ကြည့်မြင်တိုင် ဘက်တွင် ခံတပ်ဆောက်ကာ အင်္ဂလိပ်ကို ခုခံရန် ပြင်ဆင်လေသည်။ ထိုနှစ် ၈ ရက် ၇ လပိုင်း အထိ ၂ လကြာအောင် ရန်ကုန် တွင် အပြင်းအထန် တိုက်ပွဲ ဖြစ်ကြလေသည်။ ထို ၈ ရက်နေ့ တွင် ၀န်ကြီး မဟာမင်းခေါင် နှင့် ၀န်ထောက်မင်းကြီး နော်ရထာ တို့သည် ကမာရွတ် တိုက်ပွဲ တွင် ကျရူံးရလေသည်။ ကြည့်မြင်တိုင်ခံတပ်လည်း ကျရူံးရလေ၏။ 

ဗြိတိသျှ တပ်များ ကြည့်မြင်တိုင် ခံတပ်ကို ထိုးဖောက် နေပုံ 
မင်းကြီး နှစ်ပါး ကျရူံးကြောင်း သတင်းကို နေပြည်တော်ထံ ပေးပို့ရာ သာယာဝတီမင်းသားမှ ဘကြီးတော်မင်းကြီး  အား မိမိ ကို ဦးဆောင်ခွင့်ပြု ရန် အတန်တန်လျှောက်တင်တော့မှ ဘုရင်လည်း ခွင့်ပြု လေသည်။ အနောက်စစ်မြေပြင် ရှိ  တပ်များကို ဆုတ်ရန် အမိန့်သည် မဟာဗန္ဓုလ တို့ထံ ၇ လပိုင်း ၂၆ ရက်နေ့တွင် ရောက်လေ၏။ ထိုအမိန့် နှင့် အတူ  မဟာဗန္ဓုလ ကို သတိုးမင်းကြီး ဘွဲ့ပါ ထပ်မံ အပ်နှင်းလိုက်ပြီး စစ်တကောင်းမြို့ ကိုပါ အစားပေးလေသည်။ 

 မဟာဗန္ဓုလ သည် အမိန့်ရသည် နှင့် အလျင်အမြန် တပ်ကို ပြန်လည် စုရုံးပြီး ရခိုင်မှ အပြင်းချီတက်လေသည်။ ထိုလ သည် မုတ်သုန် မိုးအလွန်များသော လဖြစ်ပြီး ခရီးလမ်းမှ ပိုမို ကြမ်းတမ်းလေသည်။ ပုံမှန်အားဖြင့် ၃ လ ကြာ ချီတက်ရမည့် ခရီးကို  မဟာဗန္ဓုလ သည် ၁ လ ခရီးဖြင့် ဆင်ဖြူ ကျွန်းမြို့ ကို ၉ လပိုင်း ၂၀ ရက်နေ့ တွင် ရောက်လေသည်။ 

ထိုမှတဆင့် ဟံသာဝတီ စစ်ကြောင်း ဖြင့် ရန်ကုန်သို့ အပြင်းခရီးနှင်လေသည်။ သာယာဝတီမြို့ တွင်လည်း သာယာဝတီမင်းသားမှ  မဟာဗန္ဓုလ ၏ စစ်ကြောင်း နှင့် ပေါင်းရန် စစ်အင်အားအလုံးအရင်းဖြင့် စောင့်နေလေသည်။  မဟာဗန္ဓုလ သည် သာယာဝတီမင်းသား တပ်နှင့် ပူပေါင်းပြီး ရန်ကုန်အပြင်ဘက်တွင် အင်အား ၃ သောင်း ကျော်ဖြင့် အင်္ဂလိပ်များကို တိုက်ခိုက်ရန် ပြင်ဆင်လေသည်။ ဘုရင့်အမိန့်အရ  မဟာဗန္ဓုလ သည် စစ်အားလုံးကို ကွပ်ကဲ ရသော စစ်သူကြီး ဖြစ်သည်။ ထိုပြင်  မဟာဗန္ဓုလ သည် မယ်နု တို့၏ အုပ်စု ဖြစ်ရာ သာယာဝတီမင်းသား ၏ အတိုက်အခံ ဖြစ်၏။ 

ထို့ကြောင့် စစ်ဆွေးနွေး ပွဲတွင် သာယာဝတီမင်းသား ၏ တင်ပြချက် များကို  စစ်သူကြီး မဟာဗန္ဓုလ တို့ အုပ်စုမှ လက်ခံ ခြင်း မရှိပေ။ ထိုသို့ ခေါင်းဆောင်ပိုင်းတွင် မိမိတို့၏ ခံစားချက်များကို ထိပ်တန်း တင်ခြင်းသည်လည်း ကျရူံး မည့် ခြေလှမ်း တရပ်ဖြစ်၏။ ကုန်းဘောင်တပ်သည် အင်အား ၃ သောင်း ရှိသော်လည်း စစ်သုံး သေနတ် များကို အင်အား ၁ သောင်း သာ ကိုင်နိုင်သည်။ ထိုသေနတ်သည်လည်း ခေတ်မမှီသော သေနတ် ဖြစ်လေ၏။ အမြှောက်များသည် အမြှောက်အဆံအလုံးများကို ပစ်ခတ်နိုင်သော်လည်း ဗြိတိသျှ တို့၏ အမြှောက်မှာ ပေါက်ကွဲစေနိုင်သော အမြှောက်ဆံများကို ပစ်ခတ်နိုင်သည်။ ထိုပြင် တခါမှ မသုံးသေးသော လက်နက်အသစ်အဆန်းများကိုလည်း ဗြိတိသျှ တို့ ဘက်မှ အပြည့်အစုံ တပ်ဆင်ထားပြီး  မဟာဗန္ဓုလ တို့၏ တပ်မကို ဖြိခွဲ ရန် အသင့်ဖြစ်နေတော့သည်။ 

သာယာဝတီမင်းသားသည်  မဟာဗန္ဓုလ နှင့် ရန်ကုန်သို့ လိုက်ပါခြင်း မရှိတော့ဘဲ သာယာဝတီမြို့ ကို ဗဟိုပြု ပြီး ပန်းလိုင်ကျွန်း တွင် ခံတပ်၊ လိုင်မြစ်ပေါက် ထန်းတစ်ပင်ဝ ခံတပ်၊ ကျိုက်ကလိုဘုရားခံတပ် အစရှိသည့် ခံတပ် ၃ တပ် ကို တည်ဆောက်ကာ အင်္ဂလိပ်ကို ခုခံရန် ပြင်ဆင်ထား၏။ အင်္ဂလိပ်တို့လည်း သာယာဝတီမင်းသား ခံတပ် ၃ တပ် ကို ကွပ်ကဲကြောင်း သတင်းရလျှင် ရန်ကုန်မြို့တွင်းမှ ထွက်ပြီး ကျိုက်ကလိုခံတပ်ကို လာရောက် တိုက်ခိုက်လေ၏။ သို့သော် သာယာဝတီမင်းသား ကိုယ်တိုင် လာရောက် ကွပ်ကဲပြီး ခုခံသဖြင့် အင်္ဂလိပ်တို့ အရေးနိမ့်ကာ ဆုတ်ခွာသွားရလေသည်။ 

စစ်သူကြီး  မဟာဗန္ဓုလ လည်း ရန်ကုန်မြို့ တွင်းရှိ အင်္ဂလိပ်များကို ရက်ပေါင်းများစွာ စွန့်စွန့်စားစား တိုက်ခိုက်၏။ သို့သော် ခံတပ်အနား ရောက်လျှင် အင်္ဂလိပ်များမှ အမြှောက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်သဖြင့် မကပ်နိုင်ဘဲ ဆုတ်ရလေ၏။ ထိုသို့  မဟာဗန္ဓုလ တပ်များ ဆုတ်လျှင် အင်္ဂလိပ်ဘက်မှ ခြေလျင်တပ်သား အမြောက်အများ ဖြင့် လိုက်တိုက် ရာ  မဟာဗန္ဓုလ သည် ဓနုဖြူ မြို့ အထိ ဆုတ်ခွာရလေသည်။ 

                      စစ်သူကြီး  မဟာဗန္ဓုလ 

ဓနုဖြူ ခံတပ် တွင် ရက်ပေါင်း ၃၀ ကြာအောင် အင်္ဂလိပ်များကို ခုခံခဲ့သည်။ အင်္ဂလိပ်တို့သည်  မဟာဗန္ဓုလ ဦးဆောင် သော ခံတပ်ကို မထိုးဖောက်နိုင်ပေ။ ပဲခူးမြို့ ၊ပြည်မြို့ ၊ပုသိမ်မြို့ များကိုလည်း ခံတပ်မြို့ အဖြစ် ပြောင်းလဲကာ အင်္ဂလိပ်များကို ခုခံတိုက်ခိုက် ရစေသည်။ ရှမ်းပြည်တလွှားမှ ရှမ်းစော်ဘွားများ ဦးဆောင်သော စစ်ကူများသည် ၁၈၂၅၊ ၁ လပိုင်း ၁၀ ရက်နေ့တွင် အင်းဝနေပြည်တော်သို့ ရောက်ရှိလာပြီး ထိုမှတဆင့် အတွင်းဝန်မင်း မဟာဥဇနာ ဦးဆောင်ကာ မဟာဗန္ဓုလ ရှိရာသို့ အင်အားအလုံးအရင်း ဖြင့် တပ်အား ဖြည့်ကြရလေသည်။ 

အင်္ဂလိပ်တပ်များသည် ဓနုဖြူ ခံတပ်ကို ၃ လတိုင်အောင် တိုက်သော်လည်း မထိုးဖောက်နိုင်ခဲ့ပေ။ ထိုအချိန်တွင် ကုန်းဘောင် သမိုင်း၊ မြန်မာသမိုင်း တွင် အစားထိုးလို့မရနိုင်သော အပြောင်းအလဲ တခု ဖြစ်ပေါ်ခဲ့သည်။ စစ်သူကြီး  မဟာဗန္ဓုလ အမြှောက်ဆံ မှန်ခြင်းဖြစ်သည်။ ဖြစ်ပုံမှာ ဗိုလ်ကြီး သီဟကျော်ခေါင် နှင့် သီဟရဲထင် တို့ကို အင်္ဂလိပ်တို့ ဖမ်းဆီး မိပြီး  မဟာဗန္ဓုလ ရှိနိုင်မည့်နေရာ ကို စစ်ဆေးမေးမြန်း ၏။ သိရသော အခါ အမြှောက်ကြီးဖြင့် ထိုနေရာ ကို အဆက်မပြတ် ပစ်ခတ်သဖြင့်  မဟာဗန္ဓုလ သည် ဗုံးဆံမှန်ကာ စစ်ပွဲတွင် ကျရူံးရလေသည်။ စစ်သူကြီး  မဟာဗန္ဓုလ ကျရူံးသည့် နေ့မှာ ၁၈၂၅၊ ၄ လ၊ ၁ ရက်နေ့ ဖြစ်လေသည်။ ကျရူံးသော် ထုံးစံအတိုင်း ချက်ခြင်း မီးသဂြိလ်ကြလေ၏။ ( မှတ်ချက်။ ။ တချို့ မှတ်တမ်းတွင်  မဟာဗန္ဓုလ သည် မိမိ၏ တပ်သားများ အားတက်စေရန် စစ်ဝတ်တန်ဆာ အပြည့်အစုံဖြင့် ရွှေထီးမိုးကာ လိုက်လံ အားပေးနေစဉ် အင်္ဂလိပ်တို့ အဝေးမှ မြင်သဖြင့် အမြှောက်ဖြင့် လှမ်းပစ်ရာ ကျရူံးကြောင်း ရေးသားကြ၏။) 

စစ်သူကြီး  မဟာဗန္ဓုလ ကျရူံးကြောင်း သတင်းသည် တပ်အနှံ ပြန့်သွားရာ တချို့ တပ်သားများ စိတ်ဓါတ်ကျကာ ပြေးကြကုန်၏။ အတွင်းဝန်မင်းကြီး မဟာမင်းလှရာဇ မှ ရနိုင်သမျှ စစ်သား များကို စုရုံး ကာ  မဟာဗန္ဓုလ ၏ အရိုးအိုး ဖြင့် ဓနုဖြူ မှ ဆုတ်ခွာလာလေသည်။ ဓည၀တီမြို့ ကို လည်း မြန်မာကို မလိုလားသော အုပ်စု များမှ ပုန်ကန်ကြကာ တိုက်ခိုက်ကြလေသည်။ စစ်ကူအဖြစ် ချီတက်လာသာ အတွင်းဝန်မင်း မဟာဥဇနာ လည်း ပြည်မြို့  ရောက်သော် စစ်သူကြီး  မဟာဗန္ဓုလ အကြောင်း သိရသဖြင့် နေပြည်တော်သို့ သတင်းပို့လေသည်။ နေပြည်တော်မှ တပ်များကို စနစ်တကျ စုရုံးပြီး အင်္ဂလိပ်များကို ခုခံ ရန် အမိန့်တော် ပြန်လေသည်။ 

ဒွာရာဝတီမင်းသား ဦးဆောင်သော တပ်အင်အား ၃ သောင်း ရှိသော ဟံသာဝတီ စစ်ကြောင်း မှ မလွန်မြို့တွင် ခံတပ်ဆောက်ကာ၊ မြေထဲမြို့ ၊ မြစ်ကိုင်းမြို့  များကို ခံတပ်အသီးသီး ဆောက်ပြီး အင်္ဂလိပ်တပ်များကို ခုခံခဲ့သည်။ ၁၈၂၅၊ ၆ လပိုင်း၊ ၁၀ ရက်နေ့ တွင်  အင်္ဂလိပ်ဘက်မှ စစ်ပြေငြိမ်းရန် အရင်ဆုံး ကမ်းလှမ်းလာလေသည်။ အင်းဝဘက်မှ ဒွာရာဝတီမင်းသား ဦးဆောင်ပြီး၊ အတွင်းဝန်မင်းကြီး ၂ ပါး၊ အရာရှိ များစွာဖြင့် ဆွေးနွေးကြရာ အဖြေမထွက်နိုင်ခဲ့ပေ။ 

အင်္ဂလိပ်နှင့် ကုန်းဘောင် စစ်ပွဲ သည် ၁၀ လကြာအောင် ဖြစ်ပွားခဲ့ပြီး အင်္ဂလိပ်ဘက်မှ တဖြည်းဖြည်းခြင်း ရှေ့သို့ ချီတက်လာနိုင်ရာ နောက်ဆုံး အင်းဝနေပြည်တော်မှ ၄ ရက်ခရီး ဖြင့် ရောက်သော ရန္တပိုရွာ သို့ ရောက်ရှိလာခဲ့လေသည်။ ထိုရွာ ရောက်မှ အင်းဝလွှတ်တော်ရှိ မှူးမတ်များ နှင့်တကွ ဘကြီးတော်ဘုရား တို့သည် မြန်မာတို့ စစ်ရူံးကြောင်းကို လက်ခံ ခဲ့လေသည်။ သဘောမတူနိုင်သ်ာလည်း အင်္ဂလိပ်တို့ တောင်းဆိုသော အချက်များကို လိုက်လျောခဲ့ရလေသည်။ ရန္တပို စာချူ ပ်များထဲမှ အရေးကြီးသော အချက်များမှာ - 

၁. ဗြိတိသျှ အား ရခိုင်(အာရကန်)၊ တနင်္သာရီ၊ မဏိပူရ နှင့် အာသံ နယ်များကို ပေးအပ်ရန်
၂. ကချာ နှင့် ဂျိမ်းရှ နယ်များကို မထိပါးရန်
၃. လျော်ကြေးငွေ ပေါင် စတာလင် တစ်သန်း  ကို လေးရစ်ခွဲပေးရန် ( ထိုခေတ် မြန်မာငွေအရ ငွေဒင်္ဂါး ၁၀ သန်း ကျ သင့်ပြီး၊ ထိုခေတ် က အကြမ်းအားဖြင့် ရွာသား တဦး ၀င်ငွေ မှာ တလ ငွေ ဒင်္ဂါး တပြား သာ ရှိသည်) 
၎. နှစ်ပြည်ထောင် အချင်းချင်း သံအမတ်ထားရှိရန်

ထိုအချက်များကို အင်းဝဘက်မှ လိုက်လျောခဲ့ရသည်။ ဘကြီးတော်ဘုရားသည် ပထမ အင်္ဂလိပ်ကျူးကျော် စစ်ပွဲ အပြီးတွင် စိတ်ဓါတ်အလွန်အမင်း ကျဆင်းသွားခဲ့ရသည်။ အလောင်းမင်းတရားလက်ထက်မှ စတင်ခဲ့သော ကုန်းဘောင်အင်ပါယာသည် မိမိလက်ထပ်တွင် ပြို လဲ သွားရသဖြင့် မစားနိုင်မသောက်နိုင် ဖြစ်ပြီး၊ တခါတရံ လသာဆောင်မှ အဝေးသို့ စကားမပြောဘဲ အချိန်ကြာမြင့်စွာ ငေးမော နေသဖြင့် ဘကြီးတော်ဘုရား ရူးသွားပြီဟု ကောလဟလ များ ထွက်ပေါ်လာလေတော့သည်။

ဘကြီးတော်ဘုရား သည် တိုင်းရေးပြည်ရေးများကို လုံးဝ လှည့်ကြည့်ခြင်း မရှိတော့ပေ။ ထိုစစ်ပွဲ အပြီး မယ်နု နှင့် မောင်အိုတို့သည် ဘုရင်အာဏာကို လုံးဝ ရရှိသွားသကဲ့သို့ ဖြစ်လေတော့သည်။ စစ်ပွဲကြောင့် မယ်နု နှင့် မောင်အိုကို ပြည်သူများစွာ ရွံမုန်းကြတော့သည်။ ယခင်က မယ်နု နှင့် မောင်အို ကို မုန်းတီးသူများမှာ နန်းတော် အတွင်းရှိ ဆွေတော်မျိုးတော် သာဖြစ်သည်။ သို့သော် စစ်ပွဲပြီးဆုံးသွားသည့်အခါ ပြည်သူများ က မယ်နု နှင့် မောင်အို တို့ကြောင့် စစ်ရူံးကြောင်း ပြောဆိုလာကြပြီး ရွံမုန်းလာကြသဖြင့် အဖတ်ဆယ် ရန် မယ်နု သည် ရဟန်းတော်များကို ရက်ရက်ရောရော ဒါန များစွာ ပြု လုပ်လာလေ၏။

ရဟန်းတော်များအတွက် ကျောင်းဆောင်များစွာ ကိုလည်း ဆောက်လုပ်လှူ ဒါန်းလေ၏။ ထိုပြင် ပြည်သူများ ချစ်ခင် သည့် စကြာမင်းသား လေး နှင့် မိမိ၏ သမီးတော်ကို လက်ဆက်စေလေသည်။ သို့သော် စကြာမင်းသား ကို အိမ်ရှေ့စံအဖြစ် မအပ်နှင်းပေ။ ဘကြီးတော်ဘုရားသည် တချိန်လုံး ငေးမော နေသဖြင့် အရာကိစ္စအားလုံး မယ်နု နှင့် မောင်အို သာ ဆုံးဖြတ်ကြလေသည်။

ဓနုဖြူ မြို့ ရှိ စစ်သူကြီး မဟာဗန္ဓုလ အုတ်ဂူ
ထို အင်္ဂလိပ် နှင့် ကုန်းဘောင် အင်ပါယာ ၏ ပထမဆုံး တိုက်ပွဲသည် မြန်မာ့သမိုင်းတွင် အကြာဆုံးသော ကျူးကျော်စစ်ပွဲ ဖြစ်သည့်အပြင် ငွေကြေးအရ တန်ဖိုးအကြီးဆုံး တိုက်ပွဲ ဖြစ်ခဲ့သည်။ ဗြိတိသျှ ဘက်မှ စတာလင်ပေါင် ၁၃ သန်း ( အကြမ်းအားဖြင့် ယခုခေတ် အမေရိကန် ဒေါ်လာ ၁၈ ဘီလီယံ ) ကုန်ကျခဲ့ပြီး ထိုစစ်ပွဲ ကြောင့် အိန္ဒိယ တွင် စီးပွားရေး ကပ်ဆိုက်မူ ဖြစ်ပေါ်ခဲ့သည်။

မြန်မာဘက်တွင်လည်း ထိုခေတ်အရ သိက္ခာအကြီးအကျယ် ကျခဲ့ပြီး ( ကုန်းဘောင်မင်း များသည် အလွန်ဘုန်းကံကြီးသော မင်းအဖြစ် ထင်မှတ်ကြပြီး အိမ်နီးချင်း နိုင်ငံများနှင့် တိုက်သော စစ်ပွဲ တိုင်း နိုင်သဖြင့် မိမိကိုယ်ကို အလွန်အထင်ကြီးကြကုန်၏) မိမိတို့ တိုင်းပြည် စီးပွားရေး လည်း ယခင်ထက်ပိုပြီး ကျဆင်းခဲ့သည်။ သို့သော် ထိုသို့ အဘက်ဘက် ချွတ်ချုံ ကျဆင်းနေသည့်ကြားမှ သာယာဝတီမင်းသည် နေပြည်တော်ထပ်မံ ပြောင်းခဲ့သေး၏။



စစ်သူကြီး မဟာဗန္ဓုလ ၏ ဘွဲ့သည် အဂ္ဂမဟာ သေနာပတိ၊ သတိုးမဟာ ဗန္ဓုလ၊ နေမျိုးသူရ ရဲခေါင် ဖြစ်ပြီး သူ၏ သမိုင်းဝင် နောက်ဆုံးပြောခဲ့သော စကားမှာ - 

ကျွန်ုပ်တို့သည် တိုက်ပွဲတွင် ရှုံးကောင်းရှုံးမည်။ ဤအရာသည် ကျွန်ုပ်တို့၏ ကံကြမ္မာဖြစ်သည်။ ကျွန်ုပ်တို့ အကောင်းဆုံးတိုက်ခိုက်ကြပြီး ကျွန်ုပ်တို့၏ အသက်များကို ပေးဆပ်ကြမည်။ မည်သို့ ပင်ဖြစ်စေ သတ္တိနှင့် တိုက်ခိုက်မှုစွမ်းရည် ကင်းမဲ့သည့်အတွက် တိုက်ပွဲရှုံးနိမ့်ရခြင်း ကြောင့် ဂုဏ်သိက္ခာမဲ့ခြင်းနှင့် အရှက်ရခြင်းကို ကျွန်ပ်မခံစားနိုင်ပါ။ မြန်မာတို့ တိုက်ပွဲရှုံးနိမ့် ရခြင်းမှာ သူတို့၏အကြီးအကဲ တပ်မှူးချုပ်ကိုဆုံးရှုံးရခြင်းကြောင့်ဖြစ်ကြောင်း သူတို့အား သဘော ပေါက်ပါ စေ။ ဤအရာသည် အမြဲတည်ရှိနေမည့် မြန်မာတို့၏ တိုက်ခိုက်မှုစိတ်ဓာတ်ကို သက်သေပြ လိမ့်မည်ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများအလယ်တွင် ကျွန်ုပ်တို့တိုင်းပြည်နှင့် လူမျိုး၏ ဂုဏ်သိက္ခာ နှင့် ခမ်းနားထည်ဝါခြင်းကို ပို၍ ပြည့်စုံစေလိမ့်မည်ဖြစ်သည်။

Share:

No comments:

Post a Comment