အာသံ အရေးအခင်း

ဘကြီးတော်သည် လွှတ်တော်ကို တက်လေ့မရှိပေ။ ကိစ္စအရပ်ရပ်အားလုံးကို မင်းသားမောင်အိုမှ ဆုံးဖြတ် ၏။ လွှတ်တော်ရှိ အိမ်ရှေ့မင်းသား ပလ္လင်ပေါ်တွင် ထိုင်ကာ အမိန့်ပေးခြင်း၊ ဘုရင့်အမိန့်တော်ပြန်ခြင်း များကို ဘုရင်သဖွယ်ပြု မူ၏။ ထိုကြောင့် သာယာဝတီမင်းသား ၏ အုပ်စုမှ ကြိုက်နှစ်သက်ခြင်း မရှိပေ။ သာယာဝတီ မင်းသားလည်း မောင်အို၏ ပြုမူချက်များကို မတွေ့လိုသဖြင့် လွှတ်တော်ကို တက်လေ့မရှိတော့ပေ။

နန်းတွင်း ထဲတွင် အင်အားအနည်းဆုံး မင်းသားမှာ စကြာကိုယ်တော် ခေါ် ညောင်ရမ်းမင်းသားလေး ဖြစ်သည်။ မယ်နု တို့ အုပ်စု တွင် စစ်သူကြီး မဟာဗန္ဓုလ၊ မြ၀တီမင်းကြီး ဦးစ အစရှိသည့် ထူးချွန်ထက်မြက်သည့် သူများ ရှိနေသည်။ 

သာယာဝတီမင်းသားဘက်တွင် သည် ယခင် ဘိုးတော်ဘုရား၏ မဟာဆီမဟာနွယ် များက အများစု ပါဝင်ကြပြီး ထင်ရှားသူမှာ မက္ခရာမင်းသားကြီး ဖြစ်၏။ (မက္ခရာမင်းသားကြီးသည် အောက်ပိုင်း သေနေသူ ဖြစ်သ ဖြင့် ထိုခေတ်က ထုံးစံအတိုင်း ထီးနန်းကို လိုချင်သော်လည်း မရနိုင်ပေ။ ထို့ကြောင့်သူ၏ ဘ၀တခုလုံးကို ပညာရေးတွင် မြုပ်နှံပြီး အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်ရုံသာမက ပထမဆုံး မြန်မာ-အင်္ဂလိပ် အဘိဓာန်ကိုပါ ထုတ်ဝေလိုက်သေး၏။ )

ဘိုးတော်ဘုရားသည် မြစ်တော်လေး ညောင်ရမ်းကိုယ်တော် ကို အလွန်ချစ်မြတ်နိုးသဖြင့် သာယာဝတီမင်းသား ပြီးလျှင် အိမ်ရှေ့စံ ပေးရန်ပင် နူတ်မိန့်ပေးခဲ့၏။ သို့သော် ဖခမည်းတော် ဘကြီးတော် သည် မယ်နု ၏ လွှမ်းမိုးမူ အောက်မှာသာ ပျော်စံနေသဖြင့် ထို ဂတိအားလုံးကို မေ့လျော့နေလေတော့သည်။ 

 ညောင်ရမ်းကိုယ်တော် သည် အေးအေးဆေးဆေး နေတတ်သူဖြစ်ကြောင်း အင်္ဂလိပ်မှတ်တမ်းများက ဆိုထား၏။ ရုပ်ရုည်မှာ တခြား မင်းသားတွေထက် လှပပြီး မဟာယောင်္ကျား ဆန်ကြောင်း မှတ်တမ်းတင်ထားသည်။ ညောင်ရမ်းကိုယ်တော် သည် အေးဆေးနေသဖြင့် သာယာဝတီမင်းသားတို့ အုပ်စုမှ ညောင်ရမ်းမင်းသား  လေးကို မယ်နု တို့နှင့် တကြံတည်းဟု ထင်မှားကြ၏။ သို့သော် မယ်နု နှင့် မောင်အို တို့ အကြံသည် ညောင်ရမ်းမင်းသား ကို ထီးနန်းတင်ရန် မဟုတ်ပေ။ မောင်အိုကို ထီးနန်းတင်ရန်သာ ဖြစ်သည်။ 

ထိုသို့ နန်းတွင်းရေး တွင် အုပ်စုများ ကွဲနေချိန်တွင် အာသံစော်ဘွား သည် အင်္ဂလိပ်တပ်များကို မိမိ နယ်တွင် စခန်းချစေပြီး ဘကြီးတော်ကို အတိအလင်း ပုန်ကန်လေတော့သည်။ အာသံပုန်ကန်မူ မစခင် ဘကြီးတော် သည် ယိုးဒယားသို့ စစ်ချီရန် စစ်တပ်ကို စုရုံးထားပြီး ဖြစ်၏။ အာသံအရေးအခင်း ပေါ်ပေါက်လာသည့်အခါ စစ်သူကြီး မဟာဗန္ဓုလကို ဗိုလ်ချူ ပ် ပြုပြီး အာသံသို့ စေလွှတ်ခဲ့သည်။ ယိုးဒယားသို့ စစ်ချီရေးသည် မောင်အို၏ အကြံဖြစ်သည်။ 



စစ်သူကြီး မဟာဗန္ဓုလ သည် အာသံသို့ အရောက်ချီတက်ပြီး အာသံစော်ဘွား တပ်များကို အပြင်းအထန် နှိမ်နင်း လေ၏။ အင်္ဂလိပ်များက နောက်ကွယ်မှ ငွေကြေးအရ သာ ထောက်ပံ့ပြီး တောင်ကုန်းတနေရာမှ မြန်မာ နှင့် အာသံတို့ တိုက်ပွဲ ကို လေ့လာကာ အင်းဝ၏ အင်အားကို လေ့လာနေကြသည်။ ထို တိုက်ပွဲတွင် အာသံစော်ဘွား အရေး နိမ့်ပြီး အင်္ဂလိပ်ပိုင်နက်အတွင်းသို့ ပြေးဝင်လေသည်။ မြန်မာတို့ဘက်မှ ပြန်ပေးရန် တောင်းဆိုသော်လည်း မပေး သဖြင့် မြန်မာနှင့် အင်္ဂလိပ် ဆက်ဆံရေး အလွန်တင်းမာ သည့် အခြေအနေ သို့ ရောက်လာလေ၏။ 

အင်းဝလွှတ်တော် ရှိ မင်းသားမောင်အိုတို့ အုပ်စုမှ  မြန်မာကို မည်သူမှ နိုင်အောင် တိုက်နိုင်မည် မဟုတ်၊ ကုလားဖြူ များ စစ်လို လျှင် စစ်ပေးမည် ဟု ကြိမ်းဝါးလေ၏။ ထို ဆက်ဆံရေး ပျက်ပြားသည်ကို ကောင်းအောင် ပြန်လည် ကြိုးပမ်းသူ မှာ မက္ခရာမင်းသားကြီး ပင်ဖြစ်သည်။ မက္ခရာမင်းသားကြီးသည် အင်္ဂလိပ်တို့၏ ပါးနပ်သော အမြင်ကို အနီးကပ် လေ့လာခွင့်ရှိသူဖြစ်သည့်အပြင် အင်္ဂလိပ်တို့တွင် ခေတ်မီ စက်လက်နက်များ ရှိသည်ကိုလည်း မိမိ၏ မိတ်ဆွေ အင်္ဂလိပ်လူမျိုး မှ တဆင့် လေ့လာသိရှိရသဖြင့် စစ်ဖြစ်လျှင် မြန်မာ နိုင်မည် ရူံးမည် ကို မပြောနိုင်သော်လည်း အင်္ဂလိပ်များကို အထင် မသေးသင့်ကြောင်း သာယာဝတီမင်းသား မှ တဆင့် လွှတ်တော်တွင် ပြောကြားစေလေ၏။

 သို့သော် မင်းသားမောင်အို တို့ အုပ်စုမှ မိမိတို့၏ အင်အားကို အလွန်အမင်း အထင်ကြီးကာ သာယာဝတီမင်းသား တို့ ပြောဆိုချက်ကို နားမ၀င်ပေ။ အင်္ဂလိပ်တို့ကို အာသံကဲ့သို့၊ယိုးဒယားကဲ့သို့ အလွန်တကူ တိုက်ခိုက် အောင်မြင်လိမ့်မည် ဟု ထင်မြင်ကြ၏။ မန်ချူး ကျူးကျော်မူ ၏ အောင်မြင်မူ ကိုပင် ဥပမာ ပေးလိုက်သေး၏။ ထိုသို့ ဆက်ဆံရေး တင်းမာနေချိန် ခရစ်နှစ် ၁၈၂၄ တွင် အင်္ဂလိပ်တို့သည် ရှင်မဖြူ ကျွန်းပေါ်တွင် အလံလာစိုက်လေ၏။ ထိုကျွန်းသည် မြန်မာ ပိုင်ဖြစ်သဖြင့် မြန်မာဘက်မှ ပြန်လည် ဆုတ်ရန် အမိန့်ပေးသော်လည်း မဆုတ်သဖြင့် နှစ်ဦးနှစ်ဖက် ပစ်ခတ် မူဖြစ်ပွား ကြလေသည်။ 

အင်္ဂလိပ်ဘက်မှ ရှင်မဖြူ ကျွန်းကို အင်္ဂလိပ်ကို အပ်ရန် ရာဇသံ ပေး၏။ အင်းဝလွှတ်တော်တွင်လည်း မင်းသားမောင်အို မှ ကုလားဖြူ များ သည် မိမိတို့ကို စော်ကားနေသည် ဖြစ်သဖြင့် စစ်ကိုသာ ပေးမည်ဟု ကြိမ်းဝါးကာ ဘကြီးတော် ကို စစ်ကိုသာ ပေးရန် လျှောက်တင်လေ၏။ ဘကြီးတော်လည်း စစ်လိုလားသော အုပ်စုကို အနိုင်ပေးကာ စစ်သူကြီး မဟာဗန္ဓုလ ကို ရခိုင်ပြည်သို့ စစ်ကြောင်း တကြောင်း၊ ၀န်ကြီး သတိုးသုဓမ္မ ကို အာသံ၊မဏိပူရ စစ်ကြောင်း တကြောင်း ၊ စစ်ကြောင်းကြီး နှစ် ကြောင်း ဖြင့် လွှတ်လေ၏။ 

ခရစ်နှစ် ၁၈၂၄ မတ်လ ၅ ရက်နေ့ တွင် အိန္ဒိယဘုရင်ခံချူ ပ် လော့အမ်းမှတ် ( Lord Earl Amherst) မှ မြန်မာ့ အင်ပါယာ နှင့် တရားဝင် စစ်ဖြစ်ကြောင်း ကြေဌာချက် ထုတ်လေသည်။ အင်္ဂလိပ်တို့သည် မြန်မာကို တိုက်ရန် အလောင်းမင်းတရား လက်ထက်ကတည်းက စနစ်တကျ ပြင်ဆင်နေပြီး ဖြစ်၏။ ထိုခေတ်က သူတို့၏ ရည်မှန်းချက်မှာ အာရှ တခွင်လုံးကို သိမ်းပိုက်ရန် ဖြစ်သည်။ 


ဘုရင့်ခံချူ ပ် လော့အမ်းမှတ် 








Share:

No comments:

Post a Comment