Skip to main content

ဘိုးတော်ဘုရား နတ်ရွာစံခြင်း

ဘိုးတော်ဘုရားသည် မင်းကွန်းပုထိုးတော်ကြီးကို မိမိ နတ်ရွာစံမစံခင် ပြီးစီးစေရန် နေ့ရောညပါ လူသူ အင်အား မြောက်မြားစွာ သုံးကာ ဆောက်လုပ်သဖြင့် ပြည်သူများ ပင်ပန်းကြရကုန်၏။ ထိုပြင် ဘိုးတော်ဘုရား မှ ပြည်သူများကို အခစား ပေးကာ ခိုင်းစေသော်လည်း အရာရှိများမှ အခကြေးငွေကို ခေါင်းပုံဖြတ်ကြသဖြင့် မသိသော ပြည်သူများမှ ဘုရင့်ကို စိတ်နာကြဉ်းကြလေကုန်၏။ ထိုကြောင့် မင်းကွန်းပုထိုးတော်ပြီးလျှင် ဘုရင် နတ်ရွာစံမည် ဟူသော သဘောင် ပြည်သူများအကြား ရေပန်းစားလာလေ၏။ 
ဘိုးတော်ဘုရားသည် သဘောင်၊နိမိတ်များကို အလွန်ယုံ ရုံသာမက၊ မိမိကိုယ်တိုင်မှာမူလည်း လောကီပညာ ကို အတော်အသင့် တတ်မြောက်ထားသူဖြစ်လေရာ ထိုသဘောင်ကို ကြားသိသော် စိုးရိမ်စိတ်ဝင်ကာ မင်ကွန်း ပုထိုးတော် ဆောက်လုပ်ခြင်းကို ရပ်တန့်ထားလိုက်လေ၏။ ထိုနောက် မြေးတော်များကို မိမိ လွန်သော် ဆက်လက်ဆောက်လုပ်ရန် အမိန့်တော်ကို ပြန်ထားခြင်း မရှိခဲ့ပေ။ 

ဘိုးတော်ဘုရားသည် ဆင်ြဖူ မယ် နတ်ရွာစံ ပြီးသော် စစ်ကိုင်းမင်းသား နှင့် မယ်နု အကြောင်း နန်းတွင်း ကောလဟလ ထွက်နေသည်ကို ပျက်ပြားစေရန် ရည်ရွယ်ပြီး အသက် ၈ နှစ်သာ ရှိသေးသော ပန်းတောင်းမင်းသမီးကို အိမ်ရှေ့မိဖုရားခေါင် နေရာ ပေးကာ မိမိကိုယ်တိုင် မြေးတော် စစ်ကိုင်းမင်းသား နှင့် လက်ဆက် ပေးလေ၏။ ဘိုးတော်ဘုရားသည် မြေးတော် ကို အလွန်ချစ်သဖြင့် မယ်နု သတင်းကို ကြားသိသော်လည်း နန်းတော်မှ မောင်းထုတ်ခြင်း မပြုခဲ့ပေ။ 

ကုန်းဘောင်ခေတ် ၀န်မင်းများ လှည့်လည် သွားလာပုံ ( ဆရာခြုံ ပန်းချီ) 

ဘိုးတော်ဘုရား အမြင်မှာတော့ မိဖုရားခေါင်နေရာကို မဟာဆီမဟာသွေး များကိုသာ နေရာပေးစေလို၏။ စစ်ကိုင်းမင်းသားမှ မယ်နုကို ကြိုက်လျှင် ယူခွင့်ရှိ၏။ သို့သော် မိဖုရားခေါင်နေရာကိုတော့ မပေးစေလိုခဲ့ပေ။ ဘိုးတော်ဘုရားသည် မိမိအသက် အိုမင်းလာသည်ကိုလည်း သတိထားမိ၏။ ထိုကြောင့် မိမိ လွန်သော် ဆွေတော်မျိုးတော် အတွင်း သွေးမစွန်းစေရန် စီစဉ်လေ၏။ 

မြေးတော် နှစ်ပါးဖြစ်သည့် စစ်ကိုင်းမင်းသား နှင့် သာယာဝတီမင်းသား ကို ခေါ်ကာ မိမိလွန်လျှင် သာယာဝတီ မင်းသားကို အိမ်ရှေ့စံ အဖြစ် ထားရမည် ဟု အမိန့်တော် ပေးခဲ့လေသည်။ ထိုပြင် အမတ်ကြီး ဦးပေါ်ဦးကိုလည်း အမြင့်ဆုံး ရာထူး ပေးရန် မိန့်ခဲ့၏။ ဘိုးတော်ဘုရား လက်ထက်တွင် အမတ်ကြီး ဦးပေါ်ဦး သည် ရိုးရိုး ၀န်မင်း ရာထူး သာ ရခဲ့သည်။ သူ၏ ခေါင်းမာ မူများကြောင့် ဘိုးတော်ဘုရားမှ ရာထူး ကြီး မပေးခဲ့ပေ။ 

ဘိုးတော်ဘုရား သည် ခရစ်နှစ် ၁၈၁၉ ၊ ၂ လပိုင်း၊ ၂၂ ရက်တွင် နေပြည်တော်မှ အညာသီဟတော သို့ ခရီးထွက်ကာ ဘုရားတည် စေတီတည် လေ၏။ ထိုတော တွင် ယာယီ နန်းတော်ဆောက်ကာ ရက် ၅၀ နေပြီး ဘုရား တည် ပြီးသည်အထိ နေထိုင်လေ၏။ ထိုနောက် နေပြည်တော်သို့ ပြန်လာလေသည်။ ပြန်ရောက်တော်မူပြီး ၂ ရက်ခန့် အကြာ တွင် ဘိုးတော်ဘုရား နေထိုင်မကောင်း ဖြစ်လာလေ၏။ ရောဂါလည်း အလွန်အမင်း တက်လာနေရာ ဘိုးတော်ဘုရားမှ အိမ်ရှေ့မင်းသား နှင့် သာယာဝတီမင်းသား ကို အပြင်းခေါ် ခိုင်း လေ၏။ 

ဘိုးတော်ဘုရားသည် မင်းသားနှစ်ပါး ကို မှာ စရာရှိသည်များကို မှာကြားတော်မူပြီးနောက် ထိုနှစ် ဇွန်လ ၁၁ ရက်နေ့၊ ညနေစောင်း အချိန်တွင် နတ်ရွာစံလေသည်။ ဘိုးတော်ဘုရား ၏ ဆွေတော်မျိုးတော် ပေါင်း ၂၀၀ ကျော် အားလုံး ၏ ရှေ့မှောက်တွင်ပင် နတ်ရွာစံလေ၏။ ဘိုးတော်ဘုရား နတ်ရွာစံချိန်တွင် သက်တော်မှာ ၇၄ နှစ် ရှိနေပြီ ဖြစ်သည်။

ဘိုးတော်ဘုရားသည် ကုန်းဘောင်မင်းများ ထဲတွင် စံချိန်များဖြင့် နေခဲ့သော မင်းဖြစ်လေ၏။ 


  
ဘိုးတော်ဘုရား နတ်ရွာစံလျှင် မြေးတော် စစ်ကိုင်းမင်းသားမှ အမရပူရ ထီးနန်းကို သိမ်းပိုက်လေသည်။ စစ်ကိုင်းမင်း (ခေါ်) ဘကြီးတော် ဘုရင်ဖြစ်လျှင် ပထမဆုံး လုပ်ရပ် မှာ ဘိုးတော်ဘုရား စကားကို ပယ်ပြီး မယ်နုကို တောင်ညာစံ ဒေ၀ီ မြှောက်ခြင်း ဖြစ်၏။ ကုန်းဘောင်သမိုင်းတွင် မဟာအမှား တခု ဖြစ်ကြောင်း ဆိုရမည် ဖြစ်သည်။ 

ဘိုးတော်ဘုရား လက်ထက် ထူးခြားမူ နောက် တခုမှာ မင်း အဆက်ဆက် ရဟန်းဂိုဏ်းကြီး နှစ်ခု ထိ ကွဲ သွားသော ကိစ္စကို အပြီးသတ် ပေးခဲ့ခြင်းဖြစ်သည်။ အတင်ဂိုဏ်း နှင့် အရုံဂိုဏ်း ဆိုပြီး မြန်မာပြည်သာသနာ တွင် ၀ိဝါဒါ ကွဲ ခဲ့ကြသည်။ အတင်ဂိုဏ်း ၀ါဒ မှာ သာမဏများ မြို့ ရွာ အတွင်း ၀င်သော အခါ ရဟန်းများလို သင်္ကန်းရုံရန် မလို၊ လက်ကန့်တော့ထိုးပြီး အနံတတောင် အလျားသုံးထောင်ရှိ သင်္ကန်းအတုကို လင်္ကျာပခုံး တွင် တင်ပြီး ၀င်ရမည်ဟု ဆိုကြသည်။

အရုံဂိုဏ်းမှာမူ သာမဏေများသည် ရဟန်းကဲ့သို့ သာ ပြုမူရမည်။ ပရိမဏ္ဍလသိက္ခာပုဒ်နှင့်အညီ ၀တ်၍ သုပ္ပဋိစ္ဆန္နသိက္ခာပုဒ်နှင့်အညီ ရုံရမည် ဟု ဆိုကြသည်။ ထို ဂိုဏ်းကြီး နှစ်ခု အခြေအတင် ကိစ္စသည် အင်းဝဘုရင် စနေမင်း လက်ထက်မှ စခဲ့ရာ ဘိုးတော်ဘုရား လက်ထက်ရောက်သော် ဘိုးတော်ဘုရားသည် အရုံဂိုဏ်း ဆရာတော်ဘက် ပါခဲ့လေ၏။ 

ထိုနောက် အတင်ဂိုဏ်းခေါင်းဆောင် ဆရာတော် အတုလမထေရ်ကို လူဝတ်လဲစေပြီး လှေဦးတွင် ကိုယ်လုံးတီးထားလျက် ထိုဘုန်းကြီးလူထွက်ကို ဧရာဝတီမြစ်ရိုး တစ်လျှောက် သံချပ်ထိုးပြီး ရူတ်ချစေခဲ့သည်။ တခြား ၀ိနည်း နှင့် မညီသော ရဟန်းတော်များကိုလည်း သဲကျူံးစေခြင်း၊ ရေခပ်စေခြင်း စသော ဒဏ်များကို သာသနာပိုင်မှ တဆင့် ဒဏ်ခတ်ခဲ့လေ၏။ 

ဘိုးတော်ဘုရားလက်ထက်တွင် အင်္ဂလိပ်နှင့် စစ်မက် မဖြစ်ပွားသော်လည်း ဆက်ဆံရေးကား မကောင်းခဲ့ပေ။ အလောင်းမင်းတရားလက်ထက် ဟိုင်းကြီးကျွန်းရှိ အင်္ဂလိပ်များကို မွန်စစ်ပွဲတွင် မွန်ဘက်ပါသည်ဟု အလောင်းမင်းတရားက ယူဆသဖြင့် အင်္ဂလိပ်များကို ဟိုင်းကြီးကျွန်းမှ အပြီး သုတ်သင်ခဲ့ရာ နှစ်ပေါင်း ၃၀ ကြာ အောင် သံတမန် အဆက်အဆံ မရှိခဲ့ဘဲ ဘိုးတော်ဘုရား လက်ထက် တွင်မှ ပြန်လည် ဆက်ဆံခဲ့၏။ 

အင်္ဂလိပ်များသည် ပုသိမ်လှေခွန် ကိစ္စ နှင့် ပက်သက်ပြီး မြို့ ဝန်နှင့် အချင်းများရာ မွန်နယ် (ဟံသာဝတီ- ရန်ကုန်- ဧရာဝတီ ) ကို ပေးမည်လော စစ်မက်ပြု မည်လော ဟူသည့် အဆင့်အထိ ဘိုးတော်ဘုရားထံ တောင်းဆိုခဲ့သည်။ သို့သော် ဘိုးတော်ဘုရားမှ အယူတော်မင်္ဂလာဦးနိုး ၏ လျှောက်တင်ချက် နှင့် အမတ်များ၏ လျှောက် တင်ချက်များကို လိုက်နာပြီး ထို အခွန်ကိစ္စကို ဖြေရှင်းလိုက်သဖြင့် အင်္ဂလိပ်နှင့် စစ်မဖြစ်ခဲ့ရပေ။ ဖြေရှင်းရာမှာ ငွေတော်တသိန်း လျော်ကြေး ပေးလိုက်ခြင်းဖြစ်သည်။ 

ဘိုးတော်ဘုရား လက်ထက်မှစပြီး ကုန်းဘောင်မင်း ကို စမ်းသပ်လာခဲ့သော အင်္ဂလိပ်များသည် မြေးတော် ဘကြီးတော် လက်ထက်တွင် ပထမကျူးကျော်စစ် ကို ဆင်နွဲခဲ့သည်။ 


Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။