Skip to main content

နောင်တော်ကြီးမင်း နှင့် သခွားယာခင်းရှင်

နောင်တော်ကြီးမင်းသည် မာန်မာန နည်းသောမင်းဖြစ်၏။ ရွှေဘိုနှင့်စစ်ကိုင်း နှစ်မြို့ ကို အချိန်မရွေး ပြောင်းစံ လေ့ရှိ၏။ မိမိ၏ မြင်းသည် မြင်းကောင်းဖြစ်သဖြင့်" ငါ စစ်ကိုင်းသွားအုံးမည် (သို့) ငါ ရွှေဘို သွားဦးမည် " ဟု ဆိုပြီး ရုတ်တရက် မြင်းစီး၍ ထွက်လာတတ်၏။ ထိုအခါမှ စစ်သည်ရဲမက် နောက်လိုက်များမှာ ကပျာကသီ မြင်းပြင်၍ လိုက်ရသဖြင့် မမီသည်က များ၏။

တခါသော် စစ်ကိုင်းမှ ရွှေဘိုသို့ အပြန် နောက်လိုက်နောက်ပါ အခြွှေအရံများ ဝေးလံစွာ ကျန်ရစ်နေသဖြင့် မိမိတပါးတည်း ခေါတော်အရပ်သို့ ရောက်လာလေ၏။ ထိုအရပ်တွင် သခွားယာခင်းတစ်ခင်း တွေ့လျှင် ဆာလောင် သဖြင့် မြင်းကို ယာခင်းပြင်ဘက်မှာ ချိတ်ထားပြီး ယာတွင်းသို့ ၀င်ကာ ယာရှင် ယောက်ျားအား သခွားသီး စားပါရစေ ဟု ကောင်းမွန်စွာ တောင်း၏။ ယာရှင်လည်း ကြည့်လိုက်ရာ သာမန် ခရီးသွားသူတစ်ဦး လို့သာ ထင်သဖြင့် "အလိုရှိသမျှ စားလေ၊အပင် အနွယ် အကင်းတို့ကို မပျက်စေနှင့် "လို့ ဆိုလေ၏။


နောင်တော်ဘုရားသည် သခွားသီးကို ဖြတ်၍မဆွတ်ဘဲ ဆွဲဆွတ်သဖြင့် အပင်အနွယ်များ အုံကြွလာပြီး အကင့်းအပွင့်တို့ အတော်အတန် ပျက်စီးလေ၏။ ယာရှင် မြင်သော် စိတ်ဆိုးပြီး "နင်သည် စားရုံစား၊ မဖျက်နှင့် ဟု ငါပြောပါလျက် ဖျက်ရာသလော "ဟု ဆိုပြီး သတ်မည် ပုတ်မည် ပြု၏။ နောင်တော်ဘုရားလည်း သဘောကျပြီး "နင် ယောက်ျားကောင်းဆိုသော် သတ်ကြအံ့ "ဟု ဆို၍ နှစ်ယောက်သား လုံးထွေး သတ်ကြလေ၏။

နောင်တော်ကြီးပန်းချီ (Zayplay Animation studio မှ စိတ်ကူးဖြင့်ပုံဖော်သည်)
ယာရှင်သည်သာ အဖန်ဖန် အောက်ကျ၏။ အတော်ကြာသော် ယာရှင်လည်း မောလှပြီဖြစ်ပြီး မတတ်နိုင်ဘဲ ယာခင်းပေါ်တွင် ပက်လက်လဲကာ နောင်တော်ဘုရားကိုသာ ကြည့်နေတော့၏။ နောင်တော်ဘုရားမှာမူ သခွားသီးကို ပြုံးပြီး စားမြဲစားလေ၏။ ထိုအတောအတွင်း ယာရှင်မိန်းမသည် ထမင်းပို့ရောက်လာပြီး ထမင်းတောင်းကို ယာတဲတွင်ချသော် နောင်တော်ကြီးက" ယောက်ဖ၊ငါလည်း ထမင်းစားပါရစေ "ဟု တောင်းပြန်၏။

ယာရှင်က " ဒေါသဖြစ်နေသဖြင့် မစားရဘူး၊ နင်သည်ငါ့သခွားသီးကို စားလည်း စားသည်၊ဖျက်လည်း ဖျက်သည်၊ နင့်ကို ထမင်းမကျွေးဘူး၊သွားလေ " ဟုဆိုလေ၏။ နောင်တော်ကြီးလည်း သဘောကျသဖြင့် တဟားဟား နှင့် ရယ်နေစဉ် နောက်လိုက်နောက်ပါများ မီလာပြီး ယာတဲထဲသို့ ၀င်လာကာ ရှေ့တော်တွင် ဒူးထောက်ကြမှ မင်းမှန်း သိ၍ ယာရှင်လင်မယားလည်း ကြောက်ရွံ့ကာ ရှိခိုးတောင်းပန်လေ၏။

နောင်တော်ကြီးမှ ပြုံးရယ်လျက်ပင် အပြစ်မဆိုဘဲ။ "နင်သခွားသီးများသည် အလွန်ကောင်း၏၊ ငါ စံရာ ရွှေဘိုသို့ တခါလောက် လာရောက် ဆက်ပါဘိ "ဟု နန်းတော်ဝင်ခွင့် တံဆိပ်ပေးအပ်ကာ ရွှေဘိုသို့ ခရီးဆက်လေသည်။ ထို ယာရှင်လည်း များမကြာမီ ကောင်းနိုးကောင်းရာ သခွားသီးများကို ဆွတ်ခူးကာ ရွှေဘိုသို့ သွားရောက် ဆက်သလေ၏။ နောင်တော်ကြီးလည်း ယာရှင်ကို မမေ့ဘဲ ရှေ့တော်သို့ ခေါ်ကာ အတူတူ စားတော် ခေါ်လေ၏။ ပြီးမှ ယာရှင်ကို အလိုရှိရာ တောင်းလေဟု မိန့်တော်မူသောအခါ ယာရှင်မှာ မိမိအရပ်ရှိ သူကြီး၏ အာဏာသုံး နှိပ်စက်မူကို ခံရများသဖြင့် "သူကြီးအာဏာနှင့်တကွ မင်းတိုင်းကျေ မှ လွတ်လိုပါသည် " ဟု လျှောက်ရာ နောင်တော်ကြီးက အံ့သြပြီး နောက်ထပ် အလိုရှိသည်ကို တောင်းအုံး ဟု ဆိုရာ မလိုတော့ဟု ထပ် လျှောက်သဖြင့် နောင်တော်ကြီးမှ သဘောကျကာ မိမိ၏ အမိန့်တော်ကို စာချွန်တွင်ရေးပြီး မိမိ၏ လက်မှတ်ပါ ထိုးပေးလိုက်လေ၏။(မှတ်ချက် မင်းတိုင်းကျေ ဆိုသည်မှ မင်းအဆက်ဆက် ပြောင်းသော်လည်း အခွန်ဆောင် စရာမလိုသော အထူးအမိန့်တော်ဖြစ်၏)

ယာရှင်လည်း အလွန်သဘောကျကာ မိမိရွာသို့ ပြန်ပြီး အခွန်လာတောင်းတိုင်း ထိုအမိန့်တော်ကို ပြရာ အခွန်တိုင်း ကင်းလွတ်လေ၏။ ထိုယာရှင်သည် ဆင်ဖြူ ရှင်မင်းနှင့် ဘိုးတော်ဘုရားလက်ထက်တိုင်အောင် နေရ၏။ ဘိုးတော်ဘုရား လက်ထက်တွင် အခွန်အတုတ်များကို လာရောက်ကောက်ရာ ထိုယာရှင်မှ နောင်တော်ကြီး၏ အမိန့်တော်ကို ထုတ်ပြရာ အခွန်ကောက်အမူထမ်းတို့မှ မယုံသဖြင့် နန်းတော်သို့ ဖမ်းဆီး ခေါ်ဆောင် လာခဲ့၏။

သို့သော်လည်း စာချွန်မှာ ရွှေဖြင့်ကထားသဖြင့် ဘုရင့်ရှေ့တော်သို့ စစ်ဆေးရန် ပို့ဆောင်ကြ၏။ ဘိုးတော်ဘုရား လည်း စာချွန်နှင့်စာကို သေချာဖတ်ရာ မိမိ၏ နောင်တော်လက်ရာ ဖြစ်ကြောင်းသိသဖြင့် မိမိ၏ ချစ်လှစွာသော နောင်တော်အမွေအနှစ်ဖြစ်သဖြင့် မြတ်နိုးတော်မူကာ "ဤစာချွန်ကို ငါ့အား ပေးပါ " ဟု ယာရှင်ကို တောင်းရာ ယာရှင်မှ မပေးနိုင်ကြောင်း အတင်းငြင်းလေ၏။ ထိုအခါ ဘိုးတော်ဘုရားလည်း  "ငါ စာချွန် အသစ် ထုတ်ပေးမည်၊ဤစာချွန်ကို ပေးလော " ဟု ထပ်မံဆိုမှ ယာရှင်က သဘောတူလေ၏။ ဘိုးတော်ဘုရားလည်း ၀မ်းမြောက်ဝမ်းသာဖြစ်ပြီး မိမိကိုယ်တော်တိုင် အမိန့်ကိုရေးကာ စာချွန်အသစ်ကို ထိုယာရှင်အား လက်ဆောင်များ နှင့်တကွ ချီးမြင့်လေ၏။

Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။