Skip to main content

ပဒေသရာဇ်၏ သားကောင်ဖြစ်ရသူ မင်းခေါင်နော်ရထာ

နောင်တော်ကြီး ၏ လျှို့ ဝှက်အမိန့်တော်အရ မင်းခေါင်နော်ရထာကို အရှင်ဖမ်းရန် တောင်ငူမြို့ ၀န် မှ ပြင်ဆင် လေ၏။ မင်းခေါင်နော်ရထာကို ဘုရင်မှ ဒီအတိုင်းချီတက်လာရန် အမိန့်တော်ပေးထားရာ မင်းခေါင်နော်ရထာလည်း သတိကြီးစွာဖြင့် ချီတက်လာနေပြီး တောင်ငူမြို့ အနီးတွင် စခန်းချလေသည်။ တောင်ငူမြို့ ဝန် သတိုးသင်္ခသူ လည်း မြို့ ပြင်တွင် စခန်းချနေသော မင်းခေါင်နော်ရထာကို မိမိ အိမ်တော်တွင် ဆွမ်းကပ်မည်ဖြစ်ရာ လာလိုလျှင် လာရောက်ပြီး တရားနာပါရန် ဖိတ်ခေါ်လေ၏။


မင်းခေါင်နော်ရထာနှင့် တောင်ငူသတိုးသင်္ခသူ တို့သည် စစ်ပွဲကို တူတူတိုက်ဖူးရာ သွေးသောက်နီးပါး ခင်မင် ကြလေ၏။ သို့သော် လည်း မင်းခေါင်နော်ရထာသည် သတိကြီးစွာဖြင့် ဆင်တော် ကြိုးကြာကန် ကိုစီးပြီး နောက်လိုက်တော် ၂၀ ဦး ဖြင့် တောင်ငူမြို့ ဝန် အိမ်တော်တွင် တရားနာ လေ၏။ တရားနာမည့်အချိန်တွင် မင်းခေါင်နော်ရထာသည် လက်စွဲဓါးကို မချ ဘဲ လက်တွင်ချပ်ထားရာ တောင်ငူမြို့ ဝန်မှ "တရားနာရာမှ ဓားကြီးတချပ်ချပ်နှင့် မသင့်ပါ၊ ဓားဦးချပါဦးတော့ " ဟု ဆိုရာ မင်ခေါင်နော်ရထာလည်း " ကျွန်တော်သည် အမူထမ်းဖြစ်၏၊ နေပြည်တော်သို့ မရောက်သမျှ ဓားချ မဖြစ်နိုင်ပါ " ဟု ပြန်ပြောကာ ဓားနှင့် တရားကို ဆက်နာလေ၏။


တရားဟော ရဟန်းတော်လည်း မူလက အချိန်းအချက်အတိုင်း တရားကို အရှည်ကြီးဟောလေ၏။ ထိုအတွင်း မင်းခေါင်နော်ရထာကို ၀င်ဖမ်းရန် စောင့်နေသော တောင်ငူမြို့ ဝန်၏ လက်ရုံးကြီး ၆ ယောက်သည် မင်းခေါင်နော်ရထာကို မြင်လျှင် ငယ်ကြောက်များ ဖြစ်သဖြင့် ငါ အလျင် ထွက်သင့်သည်၊ စသဖြင့် ငြင်းခုံနေသဖြင့် အချိန် ကြာသွားလေ၏။ တောင်ငူမြို့ ဝန်မှ တရားနာချိန်တွင် မျက်စောင်းထိုးပြီး ကြည့်ကြည့်နေရာ မင်းခေါင်နော်ရထာ ရိပ်မိသွားပြီး ရုတ်တရက် " အရှင်ဘုရား၊ ကျွန်တော်မှာ ခရီးမတ်တတ်ဖြစ်ပါသည်၊ တရားပြီးအောင် မနာသာပါ၊ သွားရပါဦးမည်" ဟု လျှောက်ပြီး ခါးတောင်းကျို က်ကာ မိမိဆင်တော်ထားရာ ဆင်ယှဉ်အိမ်သို့ သွားပြီး ကြိုးကြာကန်ဆင်ကို ခေါ်လေ၏။

ဆင်ဦးစီးလည်း ဆင်ကို အပြင်းကပ်ပေးရာ ဆင်ပေါ်သို့ ခုန်တက်ပြီး မိမိနောက်လိုက်များဖြင့် အပြင်းထွက်လေ၏။ သတိုးသင်္ခသူနှင့်တကွ အိမ်တော်ရှိ အမူထမ်းများလည်း အဖြစ်အပျက်များမှာ မြန်လွန်းသဖြင့် အံ့အားသင့်စွာဖြင့် ကျန်ရစ်နေကြလေ၏။ မင်းခေါင်နော်ရထာ သည် မိမိကို ဖမ်းခိုင်းနေသည်မှာ ထင်ရှားနေပြီဟု သုံးသပ်ပြီး မိမိတပ်ကို ပြန်ကာ လူသူ ဆင်မြင်းအင်အား ဖြည့်တင်းကာ ကန်သစ်ရွာတွင် တပ်စွဲ နေလေ၏။

ထိုအကြောင်းကို နောင်တော်ကြီး ကြားလျှင် မင်းခေါင်နော်ရထာ၏ မိတ်ဆွေရင်းဖြစ်သော မင်းလှနော်ရထာကို သွားရောက်ကာ နားချစေလေ၏။ မင်းလှနော်ရထာလည်း မိမိ၏ မိတ်ဆွေရင်းဆီကို သွားရောက်ကာ နားချလေ၏။ သို့သော်လည်း မင်းခေါင်နော်ရထာမှ လက်မခံသဖြင့် လက်လျော့ကာ ပြန်လာရလေသည်။ နောင်တော်ကြီး မှ လက်မလျော့သေးဘဲ ငယ်ဆရာ ဖြစ်သည့် ဇေတ၀န်ဆရာတော်ကြီးကို လျှောက်ထားကာ နားချရန် လျှောက်တင်ရာ ဆရာတော်လည်း မင်းခေါင်နော်ရထာရှိရာသို့ ကြွပြီး နားချသော်လည်း မရဘဲ လက်လျော့ ပြန်လာရလေ၏။

ထိုအခါ နောင်တော်ကြီးသည်" ငါခေါ်သည့် အကြိမ်များပြီး ရှေ့တော်သို့ မလာ၊ ငါ၏တာဝန် ကျေတုံပြီ" ဟု ဆိုပြီး မင်းခေါင်နော်ရထာ လာရောက်တိုက်နိုင်သော အင်းဝမြို့ ကို အင်အားဖြည့်တင်းထားလေ၏။ သို့ဖြင့် တဖက်နှင့် တဖက် စကားပြတ်ပြီး အတိအလင်း စစ်ကြေညာသကဲ့သို့ ဖြစ်လာလေသည်။ မင်းခေါင်နော်ရထာ လည်း ယခုမူကား သေလျှင် မြေကြီး ရှင်လျှင် ရွှေထီး ကဲ့သို့သော ဘ၀ကို ရောက်လေပြီ ဟု သုံးသပ်ကာ မိမိကို သစ္စာခံသော ဗိုလ်မှူးများနှင့် တိုင်ပင်ကာ အင်းဝကို သိမ်းပိုက်ရန် ဆုံးဖြတ်လေ၏။ အင်းဝကို မရလျှင် တိုက်ရင်း နှင့်ပင် သေကြမည်ဟု သွေးသစ္စာသောက်ကြလေ၏။

တိုင်ပင်ထားသည့်အတိုင်း အင်းဝမြို့ ကို စတင်တိုက်ခိုက်လေသည်။ အင်းဝမြို့ စောင့်တပ်များသည် မင်းခေါင်နော်ရထာကို ကြောက်ရွံ့သဖြင့် ကြာရှည်စွာ မခုခံဝံ့ဘဲ အရူံးပေးကြလေ၏။ မြို့ ဝန်ဖြစ်သော ရာဇဓမ္မ သည် မြို့ မှ ထွက်ပြေးလွတ်မြောက်လေသည်။အေဒီ ၁၇၆၀၊၆ လပိုင်း၊ ၂၇ ရက်နေ့တွင် မင်းခေါင်နော်ရထာ၏ တပ်များ အင်းဝမြို့ ကို အလွယ်တကူပင် သိမ်းပိုက်နိုင်လေသည်။ ထိုလ ၇ ရက်တွင် နောင်တော်ကြီးမှ ဘုရင်အဖြစ် ဘိသိတ်ခံထား၏။ ထိုကြောင့် ပူပူနွေးနွေး ဘုရင်ကို ပုန်ကန်သော သတင်းသည် အနယ်နယ်အရပ်ရပ်သို့ ပြန့်နှံသွားလေ၏။

နောင်တော်ကြီးသည် မင်းလှနော်ရထာကို ထပ်မံလွှတ်ပြီး နားချပြန်လေ၏။ မင်းလှနော်ရထာမှ တကယ်၍ "ဘုရင်အမိန့်ဖြင့် သေဒဏ်ပေးသော် ကိုယ်စားခံပေးမည် " ဟု သူရဲကောင်းကဲ့သို့ ကတိပေးရာ မင်းခေါင်နော်ရထာမှ " သွေးသောက် ငါ မလိုက်ဝံ့ပြီ၊ ဖြစ်လိုရာ ဖြစ်စေ၊ အင်းဝမြို့ ကို ငါ တလား ပြုတော့မည်၊ ပြန်လေတော့ " ဟု ဆိုလိုက်လေသည်။ မင်းလှနော်ရထာပြန်ရောက်သော် နောင်တော်ကြီးသည် စစ်တပ်ကို အလုံးအရင်း
ပြင်ဆင်ထားပြီး ဖြစ်၏။ မင်းလှနော်ရထာမှ အကြောင်းစုံလျှောက်လျှင် နောင်တော်ကြီးသည် ပြင်ဆင်ထားသော စစ်တပ် အင်အား ၅ သောင်းကျော်ကို အင်းဝမြို့ ကို ချီတက်ရန် အမိန့်ပေးလေသည်။ မိမိကိုယ်တိုင်လည်း စစ်ကိုင်းမြို့ တွင် နေတော်မူကာ ကွပ်ကဲလေ၏။

(မှတ်ချက်။  ။ မင်းခေါင်နော်ရထာမှ ဘုရင့်စကားကို ယုံပြီး လိုက်လျှင် သေဒဏ်သည် ကြိမ်းသေ၏။ သို့သော် သူရဲကောင်းပီပီ တိုက်ရင်းနှင့်သာ အသေခံသော လမ်းကို ရွေးချယ်ခြင်းဖြစ်သည်။ နောင်တော်ကြီးသည် မည်မျှပင် သူရဲကောင်းကို အလေးထားသော်လည်း မှူးမတ်များ၏ လျှောက်ထားမူများကို ပယ်သတ်နိုင်မည် မဟုတ်ပေ၊ အဘယ်ကြောင့်ဆိုသော် နောင်တော်ကြီး၏ ညီတော်မြေဒူးမင်းသားသည် မှူးမတ်များထဲတွင် အတော်အသင့် လွှမ်းမိုးမူ ရှိ၏။ အမတ်များသဘောမကျလျှင် အလွယ်တကူ လုပ်ကြံခံရနိုင်၏။ မှတ်တမ်းများအရ မြေဒူးမင်းသား သည် ယိုးဒယားမှ အပြန်လမ်းတွင် နောင်တော်ကြီး၏ ထီးနန်းကို သိမ်းပိုက်လိုသော အကြံများဖြင့် မှူးမတ်များနှင့် တိုင်ပင်ဖူးသည်။ သို့သော် အမတ်အများစု သဘောမတူသဖြင့် မအောင်မြင်ခြင်းဖြစ်၏။ ထိုအကြောင်းကို မင်းခေါင်နော်ရထာ အရေးအခင်းပြီးမှ နောင်တော်ကြီးသိရခြင်းဖြစ်လေ၏။ )


Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။