အလောင်းမင်းတရားမှ ဟံသာဝတီပဲခူးကို သိမ်းပိုက်နိုင်ခြင်း

အလောင်းမင်းတရားသည် ဟံသာဝတီပဲခူးကို ၀ိုင်းရံနေရာမှ မြို့ ၏ တာရှစ်ရာအကွာ တွင် ဇေတုဝတီမြို့ ကို စတင် တည်ဆောက်လေသည်။ မြို့ တည်ဆောက်မူကို ကိုယ်တော်တိုင် ကြီးကြပ်လေ၏။ အေဒီ ၁၇၅၆ ၁၂ လပိုင်း ၇ ရက်နေ့ နံနက်မိုးသောက်အချိန်တွင် မွန်အမာခံ တပ်သား ၅ ထောင်ကျော် ကို စစ်သူကြီး တလပန်း ကွပ်ကဲပြီး မြို့ ပြင်တွင် ၀ိုင်းရံနေသော တပ်များကို ရုတ်တရက်ဝင်တိုက်သဖြင့် ရွှေဘိုတပ်သား အများအပြား ကျရူံးရလေ၏။

၁၈ ရက်နေ့ရောက်သော် ဟံသာဝတီနန်းတွင်းအတွင်းရေး ရူပ်ထွေးပြီး သစ္စာအရှိဆုံးဖြစ်သည့် စစ်သူကြီး တလပန်းသည် မိမိ၏ တပ်သားတချို့ နှင့် ဟံသာဝတီမှ ထွက်ခွာကာ ကော့ကွန်းအရပ်တွင် သွားရောက် စခန်းချလေ၏။ ထိုသတင်းကို အလောင်းမင်းတရားကြားသော်လည်း ဘာမှ မလုပ်ဘဲ ဟံသာဝတီ နန်းတော်ဆီမှ သတင်းကိုသာ စောင့်နေလေ၏။ (မှတ်ချက်။ ။မွန်အမတ်တချို့ မှ စစ်ပြေငြိမ်းရန် ဘုရင်ဗညားဒလ ကို လျှောက်ရာ စစ်သူကြီးတလပန်း မှ အသေတိုက်ရန်သာ ပြန်လျှောက်ရာ အမတ်များနှင့် တလပန်း တို့  အကြီးအကျယ် ငြင်းခုံကြပြီးနောက် ဘုရင်မှ အမတ်များ လျှောက်တင်ချက်ကို လက်ခံသဖြင့် တလပန်းမှ စိတ်နာကာ တံခါးမှူးကို သတ်ကာ မိမိ လူယုံတပ်သားများနှင့် မြို့ တော်မှ ထွက်ခွာသွားခြင်းဖြစ်လေ၏။)


 ၂၀ ရက်နေ့တွင် ပဲခူးမှ အင်းဝရှစ်ထောင့်ကျောင်းဆရာတော်နှင့် အင်းဝဘုရင်ဟောင်း အမတ်စာဆို မင်းရာဇတို့သည် အလောင်းမင်းတရားထံ မေတ္တာရပ်ခံလာလေ၏။ ဟံသာဝတီဘုရင့်သမီးတော် တပင်တိုင် မင်းသမီး ရွှေနန်းရှင်ကို ဆက်သမည့်အကြောင်း လျှောက်တင်လာလေရာ အလောင်းမင်းတရားလည်း စစ်ပြေငြိမ်းခြင်းကို လက်ခံလိုက်လေ၏။ ထိုနောက် အမတ်နှစ်ဦး၊ စစ်သည်တပ်သားအပြည့်အစုံဖြင့် တပင်တိုင်မင်းသမီးကို သွားယူဆောင်စေလေ၏။

ထိုနောက် တပင်တိုင်မွန်မင်းသမီးကို အလောင်းမင်းတရား တည်ထားသော ဇေတုဝတီမြို့ အတွင်းတွင် မင်္ဂလာပွဲကျင်းပကာ သိမ်းပိုက်လေ၏။ ထိုနေ့မှစပြီး နှစ်ဦးနှစ်ဖက် စစ်တိုက်ခြင်းမရှိပေ။သို့သော်လည်း အလောင်းမင်းတရားသည်မိမိ၏ တပ်တော်ကိုမူ ဆုတ်ခြင်းမရှိပေ။ ဟံသာဝတီဘုရင်ဗညားဒလသည်း မိမိဘက်မှ အကောင်းဆုံးကြိုးစားသော်လည်း ရန်သူတော်သည် လုံးဝ ဆုတ်ခွာရန် အစီအစဉ်မရှိကြောင်း ရိပ်မိသော် မြို့တံခါးပိတ်ကာ အမြှောက်ကြီးများ တင်နိုင်ရန် မျှော်စင်ကြီးများကို ဆောက်စေပြီး အလောင်းမင်းတရား၏ စစ်တပ်ရှိရာသို့ နေ့စဉ် ပစ်ခတ်လေတော့၏။

အလောင်းမင်းတရားလည်း မျှော်စင်ကြီး ပြန်ဆောက်ကာ ဟံသာဝတီမြို့ တွင်းသို့ နေ့စဉ် ပြန်လည် ပစ်ခတ် လေ၏။ နောက်ဆုံးတိုက်ပွဲအနေနှင့် မြို့တွင်းတွင် စစ်သည် ၅ ထောင် စုဆောင်းမိပြီး ထို စစ်သည်များ ထွက်တိုက်ရာ အလောင်းမင်းတရား၏ တပ်သာ အနိုင်ရပြန်လေ၏။ ထိုနေ့မှစပြီး အလောင်းမင်းတရားသည် ဟံသာဝတီမြို့ကို ဆူးတပ်ကာရံကာ မြို့တွင်းမှ ထွက်လာသူမှန်သမျှ သတ်ရန် အမိန့်ပေးလေတော့၏။


ထိုအခါ ဟံသာဝတီမြို့ သားများ အလွန်ငတ်မတ်ရလေသည်။ ထိုသို့ ၀ိုင်းရံထားပြီး အေဒီ ၁၇၅၇၊ ၅ လပိုင်း ၆ ရက်နေ့တွင် အလောင်းမင်းတရားသည် ဟံသာဝတီမြို့ ကို တပ်အင်အားအလုံးအရင်းဖြင့် ၀င်တိုက် လေတော့သည်။ မြို့ ထဲတွင်ခုခံနိုင်သူ စစ်သားမှာ ၅၀၀ ပင် မပြည့်တော့ပေ။ မြို့သူမြို့သားများ သည် မရှိရှိသည့်အင်အားဖြင့် အပြင်းအထန် ပြန်လည်ခုခံခဲ့ရာ မနက်မှ တိုက်သော စစ်ပွဲ သည် ညနေခင်း မှသာ မြို့တံခါးကို ဖောက်နိုင်ကာ အလောင်းမင်းတရား၏ ရွှေဘိုတပ်များ မြို့ တွင်းဝင်ကာ လူသူများစွာ အသတ်ခံရလေ၏။

အလောင်းမင်းတရားသည် မြို့ သူမြို့ သားများကို မနှိပ်စက်ရန် အမိန့်မထုတ်ထားသဖြင့် မြို့ သူမြို့ သားများစွာ သေဆုံးရလေ၏။ မွန်ဘုရင် ဗညားဒလသည် ထွက်မပြေးဘဲ နန်းတော်ရှိ ရာဇပလ္လင်ဘေးရှိ အမတ်ကြီးနေရာတွင်  ထိုင်ကာ အလောင်းမင်းတရားအလာကို စောင့်နေလေ၏။ ဘုရင်၏ သမက်တော် စောဗြ နှင့် စစ်သူကြီး ဗညားကျည်တို့သည် ဆွေတော်မျိုးတော်များကို ခေါ်ကာ ဟံသာဝတီမှ ထွက်ပေးလေ၏။

အလောင်းမင်းတရားသည် မြို့တော်ကျပြီး ၇ ရက်ကြာမှသာ ဟံသာဝတီမြို့ တွင်းသို့ တောင်မျက်နှာ မိုးညှင်းတံခါး( မိုးညှင်းစော်ဘွားမှ မိမိ၏ လူများကို လွှတ်ကာ ဆောက်ထားပေးသောတံခါး) မှ ၀င်ကာ မြို့ နှင့် နန်းတော်ကို သိမ်းလေ၏။ မြို့ စောင့်နတ်များကိုလည်း အလောင်းမင်းတရားအား သစ္စာခံရန် အမိန့်တော် ပြန်၊ ဟံသာဝတီဘုရင့်ထီးဖြူ များကို မီးရို့၊ ဘုရင့်ဗဟိုရ်စည်တော်ကိုလည်း ဖောက်ကာ ဟံသာဝတီ ထီးနန်းကို သိမ်းပိုက်လေသည်။

ဟံသာဝတီဘုရင်ဗညားဒလကိုမူ သားမက်တော်နန်းဆောက်သို့ ပို့ကာ နေရလေသည်။ ထိုနောက် အလောင်းမင်းတရားသည် ရေချအသတ်ခံခဲ့ရသော အင်းဝနောက်ဆုံးဘုရင်ကို နန်းကျမင်းဟု မသုံးရန်နှင့် ဟံသာဝတီရောက်မင်း ဟု ခေါ်ရမည်ဟု အမိန့်တော်ထုတ်လေ၏။ ရေချခဲ့သော မြစ်နေရာတွင် လည်း ဆွမ်းကပ်ကာ အမျှဝေ ပေးလေ၏။ အလောင်းမင်းတရားမှ ဟံသာဝတီကို အောင်နိုင်ကြောင်း သတင်းသည် နေရာအနှံပြန့်သွားပြီး မြို့စား၊နယ်စား၊စော်ဘွားများလည်း လက်ဆောင်များစွာ ပို့ကာ အမူတော်ကို ထိမ်းဆောင်မည့်အကြောင်း သံအမတ်များဖြင့် လျှောက်တင်ကြလေကုန်၏။

အေဒီ ၁၇၅၆ မှ စတင်ခဲ့သော အလောင်းမင်းတရား၏ ဟံသာဝတီမြို့သိမ်းတိုက်ပွဲသည် တစ်နှစ် ကျော် ကြာခဲ့ပြီး နောက် အေဒီ ၁၇၅၇တွင်
မြို့ကို သိမ်းပိုက်နိုင်ကာ အလိုတော်ပြည့်လေ၏။ မြို့ကို အခြေကုပ်ပြီး ပုန်ကန်မည့် စိုးသောကြောင့် မီးရို့ဖျက်စီးပြီး၊ သဌေးသူကြွယ်၊ စာဆိုပညာရှိ၊ မင်းမျိုးမင်းနွယ်များကို
 ရွှေဘိုနေပြည်တော်သို့ ခေါ်ဆောင်လေသည်။ အသက်ရှင်ကျန်ရစ်သူ မြို့ သူမြို့ သား တချို့ မှာ ရန်ကုန်မြို့ တွင် ပြောင်းရွှေ့နေထိုင်ကြပြီး တချို့မှာမူ ယိုးဒယားဘက်သို့ ထွက်ပြေးတိမ်းရှောင်ကုန်ကြလေ၏။

သို့ဖြင့် အင်းဝမင်းဆက်ကို ပုန်ကန် တော်လှန်ကာ ဟံသာဝတီမင်းဆက်ကို ပြန်လည်ထူထောင်ခဲ့သည့် ဟံသာဝတီဘုရင်ဗညားဒလသည် စစ်သူကြီးတဦး လည်းဖြစ်ပြီး၊အမတ်တဦးလည်းဖြစ်ကာ အရည်အချင်း ရှိသော သူတဦးဖြစ်လေ၏။ အင်းဝမင်းဆက်ကို အောင်မြင်ပြီးသော် ဗညားဒလသည် မွန်လူမျိုးလည်းဖြစ် လူသူအများလေးစားသော သမိန်ထောဗုဒ္ဒကိတ္တိ (အေဒီ ၁၇၄၀ မှ ၁၇၄၇ ထိ မင်း အဖြစ်စိုးစံ)ကို ဘုရင်အဖြစ်တင်မြှောက်ခဲ့လေ၏။ သမိန်ထောဗုဒ္ဒကိတ္တိ သည်ဘုန်းကြီးလူထွက်ဖြစ်ရာ
 လောကီအရေးများကိုစိတ်သိပ်မ၀င်စား ဘုရင်လည်း မလုပ်လိုတော့သဖြင့် နန်းဆင်းကာ ဗညားဒလကို ထီးနန်းအပ်သဖြင့် ဗညားဒလသည် ဘုရင်ဖြစ်လာခဲ့လေသည်။ (ထိုနောက် မှတ်တမ်းများအရ ချင်းမိုင်သို့ သွားရောက်နေထိုင်သည်ဟု ဖော်ပြကြသည်။)

ဗညားဒလသည် ရှမ်းနှင့် မွန် စပ်သူ ဖြစ်ကာ အမတ်မျိုးနွယ်မှ ဆင်းသက်သူဖြစ်လေသည်။ အင်းဝဘုရင် မဟာဓမ္မာရာဇာဓိပဓိလက်ထက်တွင် ဟံသာဝတီမြို့ အရာကို အုပ်ချုပ်ရသော အမတ်ချုပ်ကြီး ရာထူးထိ ချီးမြင့်ခြင်းခံရသူဖြစ်လေ၏။ ဘုရင်ဟောင်း ဗညားဒလသည် အလောင်းမင်းတရား၏ သားတော်ဆင်ဖြူ ရှင် လက်ထက်တွင် သေဒဏ်ပေးခြင်း ခံရလေ၏။ ငယ်မည်မှာ အောင်လှ ဖြစ်လေသည်။




Share:

No comments:

Post a Comment