အလောင်းမင်းတရား၏ ဟံသာဝတီမြို့  သိမ်း တိုက်ပွဲ (၁)

သန်လျင်ခံတပ်ကျလျှင် ဟံသာဝတီမှ မွန်ဘုရင်၏ သမက်တော် စောဗြ နှင့် မတ္တရာဗိုလ် ပယ်ကျော် တို့ကို ကမာပီအရပ် နှင့် ပိုင်ကြုံဝအရပ်တွင် ခံတပ်အကြီးအကျယ်ဆောက်ကာ အလောင်းမင်းတရား၏ တပ်ကို ခုခံ ရန်ပြင်ဆင်တော့၏။ မင်းတရားလည်း ရန်ကုန်တွင် အနားယူပြီး ကမာပီ ခံတပ်နှင့် ပိုင်ကြုံ ၀ ခံတပ်ကို
ပြင်းပြင်းထန်ထန်တိုက်မှ အောင်မြင်လေ၏။ တပ်သားများစွာလည်း ကျရူံးလေသည်။ မြစ်ကြီးများလည်း ကျရူံးသော စစ်သားများမှ စီးသော သွေးများကြောင့် ၃ ရက်တိုင်အောင် သွေးရောင်သန်းနေလေ၏။

အလောင်းမင်းတရားသည် နေပြည်တော်မှ တပ်ကူများရောက်လာသည်နှင့် အင်အားဖြည့်ပြီး ဟံသာဝတီကို သိမ်းရန်ပြင်ဆင်လေတော့သည်။ ထိုအချိန် ထားဝယ်စားမှ သင်္ဘောများဖြင့် အစာရေစာရိက္ခာများကို ဆက်သ ပြီး သစ္စာခံလေသည်။မင်းကြီးသည် ဟံသာဝတီ၏ ခံတပ်ဖြစ်သော ကျိုက်ဖတိုင်ခံတပ်ကို တိုက်လေ၏။ သို့သော် ရက်အတန်ကြာအောင် တိုက်သော်လည်း မနိုင်ဘဲ ဖြစ်နေလေသည်။

ထိုကြောင့် သန်လျင်ခံတပ်ကို တိုက်သည့်အတိုင်း သူရဲကောင်း(အသေခံ) တပ်သား ၂၀၀ ကို ရွေးကာ တိုက်စေလေ၏။ သို့သော်လည်း အောင်မြင်ခြင်းမရှိပေ။ မနိုင်သဖြင့် လှည်းရထားအများကို စီရင်ပြီး မီးရို့ စေကာ ထိုခံတပ်ဆီသို့ အဆက်မပြတ်လွှတ်စေလေ၏။ ထိုအခါ ခံတပ်နံရံများ မခံနိုင်မည်စိုးသဖြင့် ဟံသာဝတီတပ်များသည် တပ် ၃ တပ်ခွဲကာ ဆုတ်လေ၏။

မင်းကြီးလည်း ထိုဆုတ်သော တပ်များကို လိုက်လံတိုက်ခိုက်လေ၏။ သို့သော်လည်း ဟံသာဝတီဘက်မှ အပြင်းအထန် ပြန်တိုက်သဖြင့် မထိုးဖောက်နိုင်ဘဲ ရှိနေလေသည်။ ဆုတ်ခွာသွားသော တပ်များသည် ဟံသာဝတီမြို့ တွင်းသို့ အောင်မြင်စွာ ဆုတ်ခွာနိုင်လေသည်။ မင်းကြီးလည်း ဟံသာဝတီပဲခူးကို ၀ိုင်းရံလိုက် ပြီး ကျူံးရေများကို ဖောက်လွှတ်လေ၏။ ဟံသာဝတီဘက်မှ ရဟန်းတော်များလွှတ်ကာ ငြိမ်းချမ်း
ရေးဆိုသော်လည်း မင်းကြီးမှ လက်မခံဘဲ ဆွမ်းကပ်ကာ ပြန်လွှတ်လိုက်လေ၏။

မင်းကြီးသည် ဟံသာဝတီနှင့် မလှမ်းမကမ်းနေရာတွင် မင်္ဂလာနန်းတော်ကို တည်လေ၏။ မိမိ၏ တပ်များကို လည်း မြို့ ပတ်ပတ်လည် ၀ိုင်းရံထားလေသည်။ ၀ိုင်းရံထားသော တပ်များကို ဟံသာဝတီတပ်များ မြို့တွင်းမှ ထွက်ပြီး တိုက်သော်လည်း မအောင်နိုင်၊ အလောင်းမင်းတရားတပ်များမှာလည်း ထိုးစစ်မဆင်ဘဲ ၀ိုင်းရံမြဲ ၀ိုင်းရံထားလေ၏။

ဟံသာဝတီမြို့ မြောက်မျက်နှာတွင် မွန်ဘက်မှ ဆုံကုန်းခံတပ်(အင်အား ၂ ထောင်) လောက်ရှိသော အင်အား ဖြင့် အခိုင်အမာနေသည်ကို တိမ်ကြားနတ် အမည်ရှိသော ဗိုလ်မှူးမှ ညတွင် ၀င်စီးနင်း တိုက်ခိုက်ရာ ဆုံကုန်းခံတပ်ပျက်လေ၏။ ဆုံကုန်းခံတပ်မကျမီ မြို့တွင်းမှ မွန်များမှ အသေခံတိုက်သော် လည်း တိမ်ကြားနတ်၏ တပ်သားများမှ အပြင်းအထန်ဖိတိုက်သဖြင့် မြို့ တွင်းသို့ မွန်များ ပြန်လည် ဆုတ် ရလေ၏။

မြို့မြောက်မျက်နှာခံတပ်ကို သိမ်းရကြောင်း မင်းကြီးသိရလျှင်  ရွှေဖလားတော်ကို ဆုကြေးအဖြစ် တိမ်ကြားနတ် ကို ချီးမြှင့်လေ၏။ ပဲခူးမြို့တောင်မျက်နှာကို တပ်ငါးတပ် ဖြင့် စွဲထားစဉ် မွန်တပ်သားများ ထွက် တိုက်ရာ မင်းကြီး၏စစ်သည်တော် တချို့ စစ်မျက်နှာတွင် ကြောင်တောင်တောင်ဖြစ်ခြင်း၊ တချို့မှ ရုတ်တရက် ထငိုခြင်း၊ တချို့ လည်း ဘာမှန်းမသိ ပြေးနေခြင်း များ ဖြစ်ပေါ်သဖြင့် ပုရောဟိတ်များ တွက်ချက်ကြရာ မှော်ပညာများဖြင့် ပြုစားနေကြောင်း မင်းကြီး လျှောက်ထားသဖြင့် မင်းကြီးမှ တန်ပြန် တိုက်ရန် အမိန့်တော်ထုတ်လေ၏။

ထိုသတင်းကို တိမ်ကြားနတ် ကြားလျှင် မိမိတာဝန်သာထား ဟု မိခင်ပေးလိုက်သော အဆောင်ကို ဦးသျှောင်တွင် ထည့်ကာ  ပဲခူးမြို့ တောင်ဘက်ရှိ မွန်စစ်သည် များကို တိုက်ရာ အောင်မြင်ပြန်လေ၏။ မင်းကြီးလည်း သဘောအလွန်ကျတော်မူပြီး စစ်ပွဲပြီးလျှင် နယ်အပိုင် ပေးမည်ဟု အမိန့်တော်ပြန်လေ၏။

ပဲခူးဟံသာဝတီသည် မြို့ ခိုင်ခံ့လွန်းသဖြင့် မင်းတရားမှ ထိုးစစ်ကို မဆင်နိုင်ဘဲ မြို့ပတ်လည်ကိုသာ ၀ိုင်းရံမြဲ ၀ိုင်းရံထားရလေသည်။
Share:

No comments:

Post a Comment