တောင်ငူမင်းဆက် နှင့် ညောင်ရမ်းမင်းဆက် တို့၏ နောက်ဆုံးဘုရင် မဟာဓမ္မရာဇာဓိပဓိ

သက္ကရာဇ် ၁၀၉၅ (အေဒီ ၁၇၃၃ နိုဝင်ဘာ ၃ ) တွင် တောင်ငူမင်းဆက်၊ညောင်ရမ်းမင်းဆက် ၏ နောက်ဆုံး မင်းဖြစ်သော မဟာဓမ္မရာဇာဓိပဓိ နန်းတက်လေ၏။မဟာဓမ္မရာဇာဓိပဓိ လက်ထက်တွင် ဖခမည်းတော်လက်ထက်က နယ်ပယ်များကို ငြိမ်သက်အောင် မလုပ်ခဲ့သော အကျိုးဆက်ကို ခံရလေ၏။ ပုန်ကန်နေသော နယ်ပယ်များကို တနင်္ဂနွေမင်းမှ စစ်မတိုက်သဖြင့် အင်အားများစွာစုဆောင်းဖို့ ရန်သူများ အချိန်ရလေ၏။ မဟာဓမ္မရာဇာဓိပဓိ နန်းတက်ပြီး ၃ နှစ်အကြာတွင် ကသည်းစော်ဘွားမှ အင်းဝမြို့သို့ ချီတက်လာလေ၏။

ထိုအခါ မဟာဓမ္မရာဇာဓိပဓိမှ မင်းသား စတေးမြင်းမှူးကို မင်းရဲသီဟ အမည်ပေးပြီး ဗိုလ်မှူးခန့်ကာ ခုခံ တိုက်ခိုက်စေလေ၏။ သို့သော် မင်းရဲသီဟ၏ တပ်သည် ကသည်းတပ်ကို နိုင်အောင် မတိုက်နိုင်ခဲ့ပေ။ ထို တိုက်ပွဲတွင် မင်းရဲသီဟ ကျဆုံးလေ၏။ ကသည်းတို့လည်း မိမိတို့တပ်များကို ပြန်ဆုတ်ကာ မဏိပူရသို့ ပြန်လေသည်။

ထိုသို့ စစ်ရူံးနေသည်ကို အခွင့်ကောင်းယူပြီး နန်းတွင်းမှ အမတ်တချို့ မှ မင်းကြီးကိုးကွယ်သော ရှင်ဖြူ ဘုရား ဆင်းတုတော်ကို ခိုးယူလေ၏။ ထိုနောက် လိမ်ဆင်ကာ မင်းသားငလှ အပေါင်းအပါတို့မှ ကသည်းများ နှင့် ပူပေါင်းပြီး ခိုးယူသည်ဟု ကုန်းချောကြရာ မင်းကြီးမှ ဒေါသထွက်ပြီး စစ်ကြောရာ အခါတော်ပေး ငစံဖြူ နှင့် ငနီထီးတို့မှ ဟုတ်သည်ဟု ၀န်ခံသဖြင့် ကွပ်မျက်လေ၏။ မင်းသားငလှလည်း ကွပ်မျက်ခြင်းခံရလေ၏။
နေပြည်တော်တွင် သြဇာကြီးသော သီရိဇေယျကျော်ထင်ကျော် နှင့် ဆရာတော် ရှင်တေဇောဒီပ တို့ကိုလည်း မင်းသားငလှအား ကျောင်းတွင် လက်ခံသည်ဟု ဆိုကာ တောင်တွင်းကြီးသို့ နယ်နှင်ဒဏ် ပို့လေ၏။

ထိုအခါ မင်းကြီးဘေးတွင် ပညာတတ်သော အမတ်များနည်းပါးသွားရလေ၏။ မဟာဓမ္မရာဇာဓိပဓိသည် ဆင်ခြေဥာဏ်နည်းသူဖြစ်ပြီး အမတ်များပြောစကားကို ယုံလွယ်သူဖြစ်လေရာ နန်းတော်လွှတ်တော်တွင် အကျင့်ပျက်သော အမတ်များ ကြီးစိုးနေလေသည်။ ကသည်းစော်ဘွား Gharib Niwa (အေဒီ ၁၇၁၄ - ၁၇၅၄) မှ စစ်အင်အား ၃ သောင်းကျော်နှင့် မြေဒူးသို့ ချီတက်တိုက်ခိုက်လာပြန်လေ၏။ မင်းကြီးလည်း ယင်းခဲစား ဦးကာ ကို မင်းရဲကျော်ခေါင် အမည်ပေးပြီး ခုခံစေလေသည်။

ပထမတိုက်ပွဲတွင် မင်းရဲကျော်ခေါင်အရေးနိမ့်ပြီး ဆုတ်ရလေ၏။ ကသည်းတို့သည် စစ်ကိုင်းမြို့ တိုင်အောင် ချီတက်လာနိုင်လေသည်။ မင်းရဲကျော်ခေါင်တို့လည်း အင်အားကို အလျင်အမြန်ပြန်စုပြီး အင်းဝသို့ မရောက် ခင် အပြင်းအထန် တိုက်ခိုက်လေမှ ကသည်းတို့လည်း တပ်ကို ပြန်လည် ဆုတ်သွားရလေ၏။ ထိုသို့ အထက်ပြည်အရေး ရူပ်ထွေးနေစဉ် ဟံသာဝတီမြို့ဝန် ငသာအောင်သည် မြို့ရှိ အင်းဝဘုရင် အမတ်များကို လှည့်ဖြားပြီး သမီးကို နားထွင်းသဘင်လုပ်ဟန် ပြုပြီး သစ္စာပေးပွဲ ကျင်းပလေ၏။ ထိုသစ္စာပေးပွဲတွင် သစ္စာမခံသော အင်းဝအမတ်များကို သတ်လေသည်။

ထိုနောက် အင်းဝဘုရင်ကို အတိအလင်းပုန်ကန်သည် သဘောဖြင့် သန်လျင်ကို တိုက်ရန် ဗိုလ်မှူးများကို လွှတ်လေ၏။ ထိုဗိုလ်မှူးများ၏ သားသမီးများကို နန်းတော်ထဲတွင် ဖမ်းထားရာ ဗိုလ်မှူးများ မကြိုက်သဖြင့် သန်လျင်ကို မတိုက်ဘဲ ငသာအောင်ကိုသာ ပြန်ပြီး လုပ်ကြံကြသဖြင့် ငသာအောင် သေဆုံးရလေ၏။

ငသာအောင် ပုန်ကန်ကြောင်း မဟာဓမ္မရာဇာဓိပဓိကြားလျှင် မင်းရဲကျော်ခေါင်ကို ထပ်မံပြီး ဟံသာဝတီသို့ လွှတ်ရပြန်၏။ ဗိုလ်မှူးတို့လည်း ငသာအောင် ခေါင်းကို ဆက်သကြောင်း မဟာဓမ္မရာဇာဓိပဓိ ကြားလျှင် ၀မ်းမြှောက်ဝမ်းသာ ဖြစ်ပြီး သံလျင်ဝန် မင်းရဲအောင်နိုင်ကို ဟံသာဝတီမြို့ဝန် ခံလေ၏။ ထိုသို့ တိုင်းရေးပြည်ရေး ရူပ်ထွေးနေစဉ် အနယ်နယ်အရပ်ရပ်မှလည်း မင်းလောင်းပေါ်ကြောင်း တဘောင် များဖြင့် နန်းတော်အတွင်းအပြင် ပြန့်နှံနေရာ မဟာဓမ္မရာဇာဓိပဓိသည် ထို တဘောင်များကို ပျက်စေရန် ယတြာများ ချေလေ၏။ ထိုအခါမှ မင်းအတိုင်ပင်ခံဖြစ်သော အခါပေး ငစံဖြူ ကို ကွပ်မျက်မိ သဖြင့် များစွာ နောင်တ ရတော်မူလေသည်။
Share:

No comments:

Post a Comment