Skip to main content

စစ်ပြေး ဧကရာဇ် ယုံလီ နှင့် ပင်းတလဲမင်း

သက္ကရာဇ် (၁၀၁၀) ခုနှစ်၊ အေဒီ ၁၆၄၈ သြဂုတ်လ ၁၇ တွင် သာလွန်မင်း၏ သားတော် ပင်းတလဲမင်းသား မှ အင်းဝထီးနန်းကို တက်တော်မူလေ၏။ ပင်းတလဲမင်းနန်းတက်ချိန်တွင် တရုတ်ပြည်မှာ မန်ချူးမင်းဆက်မှ တရုတ်တပြည်လုံးကို သူ့တို့လက်အောက်တွင် ထိန်းချုပ်နိုင်ချိန်ဖြစ်လေ၏။ ထိုနှစ်က တရုတ်ပြည်တွင် ဧကရာဇ် Sunzhi (1638-1661) မင်းလုပ်နေချိန်ဖြစ်လေ၏။ သူ့လက်ထက်တွင် တရုတ်တပြည်လုံးကို ထိန်းချုပ်နိုင် ခဲ့ ၏။ အင်္ဂလန်တွင်လည်း နာမည်ကြီး ဘုရင်ဖြစ်သော Charles I မှ မင်းလုပ်နေချိန်ဖြစ်သည်။ Charles I ဟာ ပါလီမန်နှင့်ဘုရင့်နန်းတော်တို့ အာဏာပြိုင်ကြရင်း ဘုရင်မှ ရုံးနိမ့်သဖြင့် အေဒီ ၁၆၄၉ မှာ လူထု ရှေ့တွင် ခေါင်းဖြတ်သတ်ခံခဲ့ရသော ဘုရင်ဖြစ်သည်။

ပင်းတလဲမင်းသည် ဘုရင်ဖြစ်သော် ထုံးစံအတိုင်း မိမိ၏ လူများကို မြှောက်စားတော်မူလေ၏။ ညီတော် အကြီးကိုလည်း မင်းရဲသီဟသူ ဟူသော ဘွဲ့ချီးမြှင့်ပြီး စလင်းမြို့ကို စားစေလေ၏။ အေဒီ ၁၆၄၉ ဧပြီ ၂ ရက်တွင်  ခမည်းတော်၏ ကောင်းမူတော်ကို ထီးတော်တင်လေသည်။

ထိုနှစ်တွင် မန်ချူးတို့ကို စစ်ရူံးပြီး စစ်ပြေးလာသော တောင်ပိုင်းမင်မင်းဆက်၏ ဧကရာဇ် ယုံလီ (Yongli Emperor) ၏ အပေါင်းအပါတို့မှ မြို့ရွာများရှိ ပြည်သူများ ကို လာရောက်ထိပါးသည်ဟု အမတ်များက လျှောက်တင် ကြသဖြင့် ပင်းတလဲမင်းမှ စစ်တပ်လွှတ်ရသေး၏။ ဧကရာဇ်ယုံလီ အကြောင်းမှာမူ မန်ချူးတို့ ကျူးကျော် တိုက်ခိုက်မူကြောင့် မင်မင်းဆက် တို့ စစ်ရူံးပြီး ပေကျင်းမှ တပ်ဆုတ်ကာ နန်ကျင်းတွင် မင်းဆက်ပြန်လည် ထူထောင်ရန် ကြိုးပမ်းကြလေ၏။

သို့သော် မန်ချူးတို့၏ အဆက်မပြတ်တိုက်ခိုက်မူကြောင့် နန်ကျင်းကိုလည်း လက်လွှတ်လိုက်ရပြီး ယူနန်နယ်သို့ ပြေးလာကာ ထိုမှ တဆင့် ဗန်းမော်စော်ဘွားထံ ခိုလူံရန် တောင်းခံလာ၏။ ဗန်းစော်ဘွားမှ အင်းဝသို့ သတင်းပို့ရာ ပင်းတလဲမင်းမှ စစ်ကိုင်းအနီးတွင် နေထိုင်ရန်ပေးထားလေ၏။ ဧကရာဇ် ယုံလီ နှင့် စစ်ပြေးအမတ်တို့သည် အင်းဝကို သိမ်းပိုက်ကာ ထိုမှတဆင့် တရုတ်ပြည်ရှိ မန်ချူးများကို ပြန်လည် တိုက်ခိုက်လိုကြလေ၏။

ထိုအကြံကို အကောင်အစည်ဖော်ရန် ကြိုးစားကြလေ၏။ အင်းဝတ၀ိုက်ရှိ မြို့ရွာများကို သိမ်းပိုက်ရန် ကြိုးစား ကြသော်လည်း ပင်းတလဲမင်း၏ တပ်များမှ အလျင်အမြန် ပြန်လည်ခုခံနိုင်သဖြင့် မအောင်မြင်ဘဲ ရူံးနိမ့်သွားကြလေ၏။ သို့ဖြင့် ဧကရာဇ်ယုံလီနှင့်အပေါင်းအပါတို့သည် ယူနန်နယ်စပ်သို့ ပြန်ဆုတ် ခွာကြကုန်၏။ သို့သော်လည်း ဧကရာဇ်ယုံလီ ၏ အမတ်များသည် လက်မလျော့သေးဘဲ အင်းဝနေပြည်တော်ကို သိမ်းပိုက်ရန်သာ စိုင်ပြင်းနေကြကုန်၏။

 ယုံလီနှင့်အပေါင်းအပါသည် အင်းဝနေပြည်တော်တ၀ှက်ရှိ မြို့ရွာများကို တိုက်ခိုက် သဖြင့် ပြည်သူအများ စိတ်ဆင်းရဲ၊ကိုယ်ဆင်းရဲ ဖြစ်ကြရလေ၏။ လူသူအများလည်း ယုံလီနှင့်အပေါင်းအပါ များကြောင့် သေဆုံးကြရလေ၏။ ပင်းတလဲမင်းမှ ကောင်းမွန်စွာ မထိန်းချုပ်နိုင်သဖြင့် ပြည်သူများမှ ပင်းတလဲမင်းကို စက်ဆုတ်ကြကုန်သည်။ ထိုအခါ ပြည်မြို့ကို စားသော ပြည်မင်းသားမှ ထကြွသောင်းကျန်း သူ ယုံလီနှင့်အပေါင်းအပါကို ဘုရင့်ရဲမက်များကို အားမကိုးဘဲ မိမိ စစ်တပ်ဖြင့် အသေချေမူန်းသဖြင့် ယုံလီ ဘက်မှ ပင်းတလဲမင်းကို သစ္စာခံပါမည်ဟု  ကတိက၀တ်လုပ်ရလေ၏။ ကတိက၀တ်လုပ်သည့် ပွဲတွင် တရုတ်ဘက်မှ ပင်းတလဲမင်းနှင့်တကွ မှူးမတ်များကို သတ်ကာ နန်းလုရန် ကြံထားလေ၏။

သို့သော်လည်း ပြည်မင်းသား၏ အကင်းပါးမူကြောင့် ထိုအကြံမှာ ပျက်သွားလေ၏။ ပြည်မင်းသားသည် ယုံလီနှင့် သူ၏ ဆွေမျိုးများကိုသာ ချန်ထားပြီး တရုတ်မှူးမတ်များ၊စစ်သူကြီးများကို အားလုံးကို ထိုနေရာတွင် ပင် သတ်ပစ်လေ၏။ ပင်းတလဲမင်းမှာမူ ထိုအခြင်းအရာကို မြင်ပြီး အလွန်ကြောက်လန့်နေလေ၏။

စစ်သူကြီး ၀ူဆန်းကွေ့ ပန်းချီ
ထိုစဉ် မန်ချူးဧကရာဇ်မှ လွှတ်လိုက်သော ရဲမက်များသည် ယုံလီကို အရှင်ရရ၊သေရရ ဖမ်းရန် ဗန်းမော်ကို စတင်တိုက်ခိုက်နေကြလေ၏။ ထိုမှ တဆင့် အင်းဝနယ်စပ်အထိတောင်အောင် ချီတက်လာနိုင်လေသည်။ အင်းဝနေပြည်တော်မှ ယုံလီနှင့်အပေါင်းအပါ သောင်းကျန်းမူကို နှိမ်နှင်းနေရသဖြင့် ပြန်လည်ခုခံနိုင်သော ရဲမက်များ အဆင့်သင့်မရှိပေ။ တရုတ်ရဲမက်များကို သစ္စာဖောက်လို့ နာမည်ကြီးသော စစ်သူကြီး ၀ူဆန်းကွေ့ (Wu San Gui ) မှ ရဲမက်အပေါင်း ၂ သောင်းကျော် ဦးဆောင်ပြီး ချီတက်လာခြင်း ဖြစ်၏။

မန်ချူးတပ်များသည် ရှေးဦးစွာ အင်းဝနေပြည်တော်ဘေးပတ်ဝန်းကျင်မြို့များကို သိမ်းပိုက်ထားလေ၏။ ထိုနောက် အင်းဝကို သိမ်းရန်ကြိုးပမ်းသော်လည်း ပင်းတလဲမင်းမှ ခန့်ထားသော ပေါ်တူဂီအမြှောက်တပ် မှ အပြင်းအထန်ခုခံသဖြင့် တရုတ်မန်ချူးတပ်များ အင်းဝမြို့ကို မသိမ်းနိုင်ဘဲ ရှိနေလေ၏။ ထိုအခါမှသာ စစ်သူကြီး ၀ူဆန်းကွေ့မှ ယုံလီကို ပေးပါက စစ်တပ်ကို ဆုတ်မည်ဖြစ်ကြောင်း အကြောင်းပြန်ရာ ပင်းတလဲမင်း ထံ ထိုစာမရောက်မီ ပြည်မင်းသားထံ ရောက်လေ၏။

ပြည်မင်းသားလည်း ပင်းတလဲမင်းသည် နှလုံးငယ်သူဖြစ်ပြီး ယုံလီကို ပေးမည်မဟုတ်ဟု ဆိုကာ မိမိလူယုံများကို လွှတ်ပြီး ယုံလီကို တခြားနယ်သို့ ပို့ပေးမည်ဟု အယုံသွင်းသဖြင့် ယုံလီလည်း ယုံကာ ပြည်မင်းသား၏ လူများနှင့် လိုက်လာရာ နောက်ဆုံးတွင်မူ မန်ချူး၏ စစ်အလံများကို တွေ့မှ လွန်စွာ ၀မ်းနည်းလေ၏။

ဝူဆန်းကွေ့လည်း ကတိအတိုင်း မိမိ၏ တပ်များကို ဆုတ်လေ၏။ ထိုနောက် ပြည်မင်းသားသည် မဆိုင်းမတွ အင်းဝနန်းတော်သို့ မိမိ၏ စစ်တပ်ဖြင့် မြေနန်းတော်ထိ မြင်းဖြင့် ချီတက်လာ၏။ ပင်းတလဲမင်းမှ မည်သူ၏ စည်သံနည်းဟု မြေနန်းမှ လှမ်းကြည့်ရာ ပြည်မင်းသား တပ်မှန်းသိသဖြင့် အကြောက်လွန်ပြီး နန်းတော်အတွင်း သွား ပုန်းနေလေ၏။

ထိုသို့ နန်းတော်တခုလုံး ပြည်မင်းသား၏ စစ်စည်သံကြောင့် အားလုံးရူပ်ထွေးနေစဉ် ပင်းတလဲမင်း၏ မိဖုရားခေါင်မှာမူ သလွန်ပေါ်တွင် ငြိမ်သက်စွာ ထိုင်နေပြီး မိမိ၏သားတော်(အသက်၅ နှစ်) ကို လက်ယာတွင် ထားကာ ထိုင်နေတော်မူလေ၏။ ပြည်မင်းသား၏ ရဲမက်များ မြေနန်းတော်ကို ၀ိုင်းရံထားပြီးမှ ပင်းတလဲမင်းသည် ပုန်းရာက ထွက်လာပြီး မိဖုရားခေါင်နှင့်အတူ သလွန်ပေါ်တွင် ထိုင်တော်မူလေသည်။

ပြည်မင်းသားသည် တိုင်းပြည်ကိုကယ်တင်ရန် ထီးနန်းသိမ်းခြင်းဖြစ်ကြောင်း နောင်တော်မင်းကြီးကို
လျှောက်တင်လေ၏။ ပင်းတလဲမင်းသည် အမောင် ငါတို့ ချမ်းသာအောင် ကြံပါ ဟု မိန့်တော်မူလေ၏။
ပြည်မင်းသားလည်း အင်းဝမြို့တွင်းတနေရာတွင် အိမ်ကြီးတဆောင်ဆောက်ကာ ပင်းတလဲမင်းကို ထားတော် မူလေ၏။ သို့သော် နောက်ပိုင်းတွင် မှူးမတ်များ၏ ကုန်းတိုက်မူကြောင့် ပင်းတလဲမင်း ထီးနန်း ပြန်သိမ်းမည်ကို စိုးသဖြင့် ပင်းတလဲမင်း၊မိဖုရားခေါင်နှင့်တကွ သားတော်နှစ်ပါး ကို ချင်းတွင်းမြစ်တွင် ရေချ သတ်လေသည်။

ဧကရာဇ်ဟောင်းယုံလီသည်လည်း ၀ူဆန်းကွေ့၏ လက်ချက်ဖြင့် ယူနန်တွင် ကွယ်လွန်လေသည်။ ၀ူဆန်းကွေ့လည်း တရုတ်ဧကရာဇ် KangXi လက်ထက်တွင် မင်းသားရာထူးအထိ တိုးမြင့်ခြင်းခံရပြီး နောက် သူ့ကိုယ်သူ မင်းဆက်တခု ထူထောင်ခဲ့သေး၏။ သို့သော်သူကွယ်လွန်ပြီး နောက် မန်ချူးမှ ပြန်လည်တိုက်ခိုက်ပြီး သူ့၏ ပိုင်နက်ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့၏။ ၀ူဆန်းကွေ့ဟာ တရုတ်သမိုင်းမှ သစ္စာဖောက်အဖြစ် သရုပ်ဖော်ခြင်းခံရသူဖြစ်၏။

သူဟာ ယခင်မင်မင်းဆက်၏ စစ်သူကြီးဖြစ်သည့်အပြင် မဟာတံတိုင်းတံခါးပေါက်ကို သူဖွင့်ပေးခဲ့သဖြင့် မင်မင်းဆက်ကျရူံးကာ မန်ချူးများ ပေကျင်းအထိ သိမ်းပိုက်နိုင်ခြင်းဖြစ်လေ၏။ နောက်ပိုင်းတွင် သူအား မင်းသားရာထူး ပေးအပ်ခြင်းခံရပြီးနောက် သူ့ကိုယ်သူ ဧကရာဇ်အဖြစ် ကြေဌာသဖြင့် မန်ချူးဘက်မှလည်း သစ္စာဖောက်သူအဖြစ် သတ်မှတ်ကာ သမိုင်းတွင် နာမည်ဆိုးအဖြစ် မှတ်တမ်းတင်ခြင်းခံရသူဖြစ်လေသည်။

Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။