အနောက်ဘက်လွန်မင်း နန်းတက်ခြင်း

သီဟသူရ မဟာဓမ္မရာဇာ ဘွဲ့ခံ ညောင်ရမ်းမင်းတရားကြီးသည် သက်တော် ၄၂ တွင် မင်းအဖြစ် ဘိသိတ်ခံ ပြီး ၈ နှစ်တိုင်အောင် နန်းစံပြီး သက်တော် ၅၀ တွင် နတ်ရွာစံလေသည်။ နတ်ရွာစံသော် သားတော် အိမ်ရှေ့မင်းသား (အနောက်ဘက်လွန်မင်း) မှ အင်းဝနန်းတော်ကို အေဒီ ၁၆၀၆ ဖေဖော်ဝါရီလ ၂၃ တွင် သိမ်းကာ ဘုရင် လုပ်လေ၏။ 

မင်းဖြစ်သော် မှူးမတ်များ နှင့်တိုင်ပင်ပြီး ခမည်းတော်လက်ထက်မပြီးပြတ်သေးသော လုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော်လေ၏။ အနောက်ဘက်လွန်မင်းသည် ပြည်မြို့ကို သိမ်းပိုက်လိုသဖြင့် အင်းဝသြဇာခံစော်ဘွားများကို စစ်ကူတပ်များပို့ရန် စာပို့လေ၏။ ရှမ်းစော်ဘွားများ၏ စစ်ကူတပ်များ အင်းဝ သို့ရောက်လျှင် မင်းကြီးသည် တပ်မကြီး ၇ တပ်ဖွဲ့ကာ စစ်ဗိုလ်ချုပ် ၇ ဦးစီ ဦးစီးစေလျက် အေဒီ ၁၆၀၇ အောက်တိုဘာလ ၁၃ တွင် ပြည်မြို့ကို သိမ်းရန် စစ်ချီလေ၏။ 

ပထမစစ်ဆင်ရေးအဖြစ် မြေထဲခံတပ်မြို့ကို စတင်တိုက်ခိုက်လေ၏။မြေထဲခံတပ်မရောက်မီ အင်အားကြီးသော လှေတပ်ရှိရာ ထိုလှေတပ်ကို အင်းဝတပ်များအပြင်းအထန်တိုက်သဖြင့် ပြည်၏လှေတပ် သည် မခံနိုင်ဘဲ ဆုတ်ရလေ၏။ လှေတပ်ဆုတ်လျှင် အင်းဝတပ်များသည် မြေထဲမြို့ထဲသို့ အလုံးအရင်းဝင်တိုက် သဖြင့် မြေထဲမြို့ လည်း အင်းဝလက်သို့ ကျရလေသည်။ 

ပြည်မင်းလည်း ရခိုင်ဘုရင်ထံသို့ စစ်ကူတောင်းလေ၏။ ပြည်မင်းမှ ရခိုင်မင်းကို စစ်ကူတောင်းမည်ကို ရိပ်မိသော အနောက်ဘက်လွန်မင်း လည်း ရခိုင်ဘုရင်ထံ စစ်ကူမပို့ရန် သံတမန်အရေးတွင် လိမ္မာသောအမတ်ကို ဦးဆောင်စေလျက် ရခိုင်ဘုရင်ထံ လွှတ်လေ၏။ အင်းဝတပ်များသည် ပြည်မြို့ကို အလုံးအရင်းဝင်တိုက်သော်လည်း မြို့မှ သေနတ်များ၊စိန်ပြောင်းများဖြင့် အကြီးအကျယ် ပြန်လည် ခုခံသဖြင့် မြို့ရိုးကို မကပ်နိုင်ဘဲ ရှစ်လတိတိ ၀ိုင်းရံ ထားရလေ၏။

အင်းဝတပ်များ ပြည်မြို့ကို ရှစ်လတိုင်အောင် ၀ိုင်းရံထားလေ၏။ ပြည်မင်းလည်း ရခိုင်ဘုရင်မှ ပြန်စာမလာ သဖြင့် စိတ်ဓါတ်ကျနေလေ၏။ အင်းဝဘက်မှလည်း ရံခါရံခါ အမြှောက်ကြီးများဖြင့် ပြည်မြို့အတွင်း သို့ ပစ်သွင်းလေ၏။ သို့သော်လည်း ပြည်မြို့ဘက်မှ ကြံကြံခံကာ အောက်ကျမခံသဖြင့် အနောက်ဘက်လွန်မင်း လည်း ယခင်ဘုရင်နောင်အမိန့်ထုတ်သည့်အတိုင်း အမိန့်ထုတ်လေ၏။ တပ်သားအပေါင်းသည် တူးရွင်း၊ လှေကား များဖြင့် မြို့ရင်းကို ချဉ်းကပ်ရမည် မည်သူမှ နောက်ပြန်မပြေးရ၊ ပြေးလျှင် သေဒဏ် ဟု ပြတ်ပြတ်သားသား အမိန့်ပြန်လေ၏။

ထိုအမိန့်အတိုင်း နောက်မိုးသောက်လျှင် အင်းဝတပ်များလည်း ပြည်မြို့ကို အလုံးအရင်း ၀င်တိုက်လေ၏။
ပြည်မြို့ဘက်မှ အပြန်းအထန် အမြှောက်များသေနတ်များဖြင့် ပစ်လွှတ်သော်လည်း အင်းဝတပ်များ နောက်မ
ဆုတ်သောကြောင့် ပြည်မြို့ မခံနိုင်ဘဲ မြို့တံခါးပျက်ကာ အင်းဝတပ်များအလုံးအရင်းဝင်လာလေ၏။

ပြည်မြို့ကို အင်းဝတပ်များ အလုံးအရင်းဝင်ရောက်သော် ပြည်ဘုရင်သည် နန်းတော်ဘက် ဆုတ်ပြီး နန်းတော်တံခါးပိတ်ကာ ခုခံပြန်၏။ အင်းဝတပ်များလည်း နန်းတော်တံခါးကို ရအောင်ဖျက်ပြီး နန်းတော်တခု လုံး ၀ိုင်းမှသာ နန်းတွင်းရဲမက်များ လက်နက်ချလေ၏။ သို့သော် ပြည်ဘုရင်သည် ရာဇပလ္လင် ပေါ်မှ နေပြီး ဓါးကိုင်ကာ လက်နက်မချဘဲ ခုခံရန် ပြင်ဆင်နေလေ၏။ အင်းဝတပ်မှူးများလည်း ဘုရင့်အမိန့်မရှိသဖြင့် နန်းတော်ပေါ်သို့ မတက်ဘဲ အပြင်ကသာ ၀ိုင်းရံထားလေသည်။ 

ပြည်ဘုရင်၏ ကိုယ်ရံတော်အားလုံး လက်နက်ချနေချိန်တွင် အသက် ၁၃ နှစ်သာ ရှိသေးသော ငထင် ဟု အမည်ရသည့် လူငယ်တဦးတည်းသာ ပြည်ဘုရင်ရှေ့တွင် ဓါးကိုင်လျက် ဘုရင်ကို စောင့်ရှောက်ပေး
နေလေ၏။ ထိုအခြင်းအရာ ကို ဦးလေးတော်သူ စစ်သူကြီး ဘယဂါမဏိ မြင်လျှင် လက်နက်ချ ရန် အဝေးမှ အော်သော်လည်း ငထင်ကမူ" သခင့်ဆန်စားရသော်ကြောင့် ရဲရတော့သည်" ဟု ဆိုကာ လက်နက် မချပေ။ (ငထင်သည် ပြည်ဘုရင် အင်းဝသို့ ပါတော်မူပြီးနောက် ပြည်ဘုရင် နတ်ရွာလွန်သည်အထိ ကိုယ်ရံတော်အဖြစ် အမူထမ်းခဲ့၏) 

အနောက်ဘက်လွန်မင်းလည်း မင်းခန်းမင်းနားဖြင့် ပြည်နန်းတော်အတွင်း ၀င်လာပြီး ကိုယ်ရံတော်များဖြင့် နန်းတော်သို့ တက်ကာ ပြည်ဘုရင်ကို စကားများဆိုလေရာ ပြည်ဘုရင်လည်း လက်နက်ချအညံခံလေသည်။ အနောက်ဘက်လွန်မင်းလည်း ပြည်ဘုရင်နှင့်တကွ မိဖုရားများကို အလုပ်အကျွေး လူတစ်ရာကျော် ဖြင့် အင်းဝသို့ ပို့ကာ အင်းဝတွင် မင်းသား တို့၏ အဆောင်အယောင်အတိုင်း အိမ်ရာပေးကာ နေစေလေ၏။

Share:

No comments:

Post a Comment