Skip to main content

ဘုရင့်နောင်ထူထောင်ခဲ့သော အင်ပါယာ ပြိုကွဲခြင်း

အေဒီ ၁၅၉၇ ခုနစ်တွင် ရခိုင်ဘုရင်မှ ဟံသာဝတီကို စစ်တိုက်ရန် ပြင်နေချိန် ဟံသာဝတီထီးနန်းတွင် နန်းတွင်းရေးရူပ်ထွေးနေလေ၏။ထိုနှစ် နတ်တော်လတွင် နန္ဒဘုရင်အားကိုးရသော သက်တော်ရှည်ဘွဲ့ရ အမတ် သည် ဘုရင်၏ အမျက်တော်ကြောင့် တံကျင်တင်ပြီး သေဒဏ်ပေးခြင်းခံရသည်။ နန္ဒဘုရင်မှာလည်း တရားရေးများကို မိမိစိတ်အလိုရှိသည်အတိုင်း သာ ဆုံးဖြတ်တော့သည်။ ပညာရှိအမတ်များလည်း မင်းအာဏာကို ကြောက်သဖြင့် မပြောဝံ့ကြပေ။ ဘုရင့်သားတော် အိမ်ရှေ့မင်းလည်း နေပြည်တော်တွင် ဆိုးသွမ်းသောင်းကျန်းနေလေ၏။ 
 နေပြည်တော်တွင် အဘက်ဘက်ယိုးယွင်းနေစဉ် တောင်ငူဘုရင်နှင့် ရခိုင်ဘုရင်၏  စစ်ချီလာသည့်သတင်း သည်နေပြည်တော်တွင် ပျံနှံ့လေ၏။ ထိုအခါ တပ်သားတချို့သည် မြို့မှ ထွက်ပြေးကာ တောင်ငူဘုရင်ထံ ခိုလူံကြလေသည်။အိမ်ရှေ့မင်းသားဒဏ်မခံနိုင်သော ပြည်သူများလည်း နေပြည်တော်မှ ထွက်ခွာကြလေ၏။အေဒီ ၁၅၉၇ မတ်လတွင် တောင်ငူဘုရင်သည် ခြေလျင်သူရဲ ငါးသောင်း၊ မြင်း၅ထောင်
ဆင် သုံးရာ ဖြင့် ဟံသာဝတီကို သိမ်းရန် ချီတက်လာလေ၏။ တောင်ငူဘုရင်သည် နန္ဒဘုရင်၏ ညီတော်အရင်းဖြစ်လေ၏။ 

ရခိုင်ဘုရင်သည် သားတော်အိမ်ရှေ့မင်းသားကို အရင်ချီတက်စေပြီး မိမိမှာမူ နောက်မှ တဖြည်းဖြည်း ချီလာ၏။ တောင်ငူဘုရင်သည် ဟံသာဝတီနေပြည်တော် မြို့တံခါးရှေ့တွင် ၀ိုင်းရံ၏၊ ရခိုင့်ဘုရင်သားတော် မှမူ တောင်တံခါးဘက်ကို ရံ၏၊ တောင်ငူဘုရင်သား နတ်ရှင်နောင်သည် မြို့ မြောက်ဘက်တွင် ရံ၏။ အနောက်ဘက်တံခါးကိုမူ တောင်ငူမင်း၏ ဗိုလ်မှူးမှ ရံထားလေသည်။ ဤသို့ ဟံသာဝတီနေပြည်တော်ကို စစ်တပ်အထပ်ထပ်ဖြင့် ၀ိုင်းရံထားသဖြင့် မြို့တွင်းသူ၊သား များ အစာရေစာ ငတ်မွတ်ကြရာ မြို့မှ ထွက်ပြေးကြ ပြီး တောင်ငူဘုရင့်တပ်ထံ ခိုလူံကြလေ၏။ 

ထိုထွက်ပြေးသူများထဲတွင် နန္ဒဘုရင်၏ ဆွေတော်မျိုးတော်များလည်း ပါလေ၏။ ဟံသာဝတီ ထီးနန်း အိမ်ရှေ့မင်းသား မင်းရဲကျော်စွာလည်း ဟံသာဝတီသည် ကြာရှည်ခံနိုင်တော့မည်မဟုတ်ဟု သုံးသပ် ပြီး ဦးရီးတော် တောင်ငူဘုရင်ထံ ၀င်လေ၏။ ထိုအခါ နန္ဒဘုရင်သည် မိမိ၏ ချစ်လှစွာသော သားတော်သည် မိမိအား ထားကာ ရန်သူထံ အညံခံသော သတင်းကို ကြားလျှင် စိတ်မကောင်းဖြစ်ပြီး ညီတော်ထံ စာပို့ကာ 
ညီတော်တောင်ငူဘုရင်အား ဟံသာဝတီထီးနန်းကို လွှဲအပ်လေသည်။တောင်ငူဘုရင်သားတော် နတ်ရှင်နောင်မှာမူ မိမိဖခင်မှ မင်းရဲကျော်စွာကို လက်ခံခြင်းကို နှစ်ခြိုက်ခြင်းမရှိသဖြင့် မင်းရဲကျော်စွာ ကို တောင်ငူသို့ ပို့ဆောင်သော ရဲမက်များကို လျှို့ဝှက်အမိန့်ပေးကာ မင်းရဲကျော်စွာ သတ်စေလေရာ 
တောင်ငူမရောက်မီတွင် ကွယ်လွန်လေ၏။

တောင်ငူဘုရင်လည်း အခမ်းအနားဖြင့် နန်းတော်သို့ ၀င်ပြီး ထီးနန်းသိမ်းလေ၏။ တောင်ငူဘုရင်မှ ဟံသာဝတီ ထီးနန်းကို သိမ်းကြောင်း ယိုးဒယားဘုရင်ဗြနရစ်ကြားလျှင် အလုံးအရင်းဖြင့် ချီတက် လာ၏။ ထို သတင်းကို တောင်ငူဘုရင်သိသော် မိမိတပ် စစ်ပန်းနေသောကြောင့် တိုက်ရန် ဆန္ဒမရှိသဖြင့် ဟံသာဝတီရှိ ရဟန်းအကျော်အမော်နှင့် ဘုရားဆင်းတုတော်များကို ပင့်ဆောင်ကာ ကေတုမတီတောင်ငူ သို့ ပြန်ချီတက်လေသည်။ ရခိုင်ဘုရင်မှာမူ ဟံသာဝတီနေပြည်တော်ရှိ နန်းတော်မှ စပြီး အိမ်ကြီး၊ကျောင်းကြီး မှန်သမျှကို မီးရို့ကာ မီးငြိမ်းလျှင် သံဟူသမျှကို ယူပြီး ရခိုင်သို့ ပို့ဆောင်လေသည်။ 

ရဟန်းတော်များ၊ ပိဋကတ်ကျမ်းဂန်များကိုလည်း လှေကြီးလှေငယ်ဖြင့် ရခိုင်သို့ ပို့ဆောင်လေ၏။ ထိုနောက် ရခိုင်ဘုရင်သည် တောတွင်ပုန်းနေကာ ယိုးဒယားမင်း၏ ရိက္ခာတပ်ကို ဆီးကြိုတိုက်ခိုက်လေ၏။
ယိုးဒယားမင်းမှာမူ တောင်ငူဘက်သို့ ချီတက်သွားရာ မိမိ၏ ရိက္ခာတပ်များ ရောက်မလာသဖြင့် ငတ်မွတ် လေရာ ဆက်လက်မချီတက်နိုင်ဘဲ ပြန်ဆုတ်ခွာသွားရလေသည်။ ရခိုင်ဘုရင်လည်း မိမိအလိုရှိ သည်ကို ယူပြီးလျှင် ရခိုင်သည် ပြန်လေ၏။ 

တောင်ငူဘုရင်သည် မိမိ၏ နောင်တော်နန္ဒကို တောင်ငူတွင် အိမ်တော်ဖြင့် ထားလေ၏။ တောင်ငူဘုရင်
သားတော် နတ်ရှင်နောင်သည် နန္ဒဘုရင်ကို ယုံကြည်ခြင်းမရှိ၊ အခွင့်အခါရလျှင် မိမိ၏ ခမည်းတော်ကို 
ပြန်လည် ပုန်ကန်လိမ့်မည်ဟု သာ တွေး၏။ တွေးမြင်သည့်အတိုင်းလည်း တောင်ငူဘုရင်အား လျှောက် 
သော်လည်း တောင်ငူဘုရင်မှ နန္ဒဘုရင်သည် မိမိနောင်တော်ဖြစ်သဖြင့် သတ်မည်မဟုတ်ဟု ပြတ်ပြတ် မိန့်လေ၏။ နတ်ရှင်နောင်သည် မိမိအကြံကို လက်လျော့ခြင်းမရှိဘဲ အဒီ ၁၆၀၀ အောက်တိုဘာလ ၂၀ ညအချိန် နန္ဒဘုရင်မှ အဆောင်တော်အကူးတွင် လုပ်ကြံစေသဖြင့်  အနိစ္စရောက်လေသည်။


တောင်ငူဘုရင်လည်း ၀မ်းနည်းပြီး နောင်တော်ကို ဘုရင်ဈာပနာအတိုင်း ပြုလုပ်လေ၏။ သတင်းကြားချိန်တွင် သားတော်ကို အမျက်ထွက်ကာ ကွပ်မျက်မည်ဟု ပြုသော်လည်း မိဖုရားခေါင်၏ နားတော်လျှောက်မူကြောင့် ခွင့်လွှတ် လေ၏။ သို့ဖြင့် ဘုရင့်နောင်ထူထောင်ခဲ့သော အင်ပါယာသည် အစိတ်စိတ်ကွဲပြားလေ၏။


Comments

Popular posts from this blog

ကုန်းဘောင်မင်းဆက် ကို မျိုးဖြုတ်မည့်သူ

မယ်နု သည် အင်းဝတွင် မွေးဖွားသူဖြစ်ပြီး ဖခင်မှာ ထောင်မှူးကြီး ဦးလွှတ် ဖြစ်၏။ မွေးချင်း ၂ ယောက်ရှိပြီး အစ်ကိုဖြစ်သူမှာ မောင်အို ဖြစ်သည်။ မယ်နု ငယ်စဉ်က မိသားစု ခရီးထွက်ကြရာ လမ်းခရီး တခု တွင် အနားယူ ကြ၏။ မယ်နု မှ ထမင်းဟင်းချက် တာဝန်ယူကာ လူကြီးများကို ပြုစုသည်။ နံနက်လင်းသော် သူ ထမင်းချက်သည် နေရာတွင် မိုပွင့်ကြီး တခု လှပစွာ ပေါက်ရောက်နေသဖြင့် သတင်းပြန့်ကာ အနီးအနားမှ ရွာသား၊ရွာသူ များ ရင်သပ်ရူမောစွာ လာရောက် ကြည့်ရူကြကုန်သည်။

ဆရာတော် ဦးဗုဓ် နှင့် နန်းမတော် မယ်နု

နန်းမတော် မယ်နု သည် ရည်မှန်းချက် အလွန်ကြီးသူဖြစ်ပြီး အလွန်လည်း ထက်မြက်သူဖြစ်သည်။ သို့သော် နန်းမတော် မယ်နု သည် ဒါန အလှူ များကို ရက်ရောစွာ လှူ ဒါန်းလေ့ရှိ၏။ ( တချို့  ဆရာများကမူ နိုင်ငံရေး ပြည်သူများ ၏ ထောက်ခံမူ ကို ရချင်လို့ လှူ ဒါန်းမူတွေ လုပ်ကြောင်း ကောက်ချက်ချကြ၏။ ) အထူးသဖြင့် ဆရာတော် ဦးဗုဓ် ကို ဘကြီးတော် နှင့် နန်းမတော် မယ်နု တို့က နန်းမြို့ တွင်း အုတ်ကျောင်းတော်ကြီး ကို လှူ ဒါန်းကာ ကိုးကွယ်ထား၏။

မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း

ဘကြီးတော်၏ နန်းတက်ပွဲကို အနယ်နယ်အရပ်ရပ်မှ မြို့ စားများ ၊ စော်ဘွားများ တက်ရောက်ကြပြီး လက်ဆောင် များစွာ ဆက်သကြလေ၏။ သို့သော် မဏိပူရစော်ဘွားမှာမူ တက်ရောက်ခြင်း မရှိသည့်အပြင် သံအမတ် ကိုလည်း လွှတ်ခြင်းမရှိသဖြင့် ပုန်ကန်သည်ဟု ဘကြီးတော် မှ ယူဆလေသည်။ ထို့ကြောင့် မဏိပူရ ကို စစ်ခင်းရန် ပြင်ဆင်စေလေသည်။