ဟံသာဝတီအင်ပါယာ၏ နေ၀င်ချိန်

နန္ဒဘုရင်လက်ထက်တွင် စစ်ချီထွက်လျှင် ကျန်းမာကြံခိုင်သော ယောင်္ကျားများကို စစ်အခြေခံသင်တန်းပေး
ပြီး လိုက်ပါအမူထမ်းရလေ၏။ သို့သော် စစ်ချီထွက်လိုခြင်းမရှိသော ယောင်္ကျားများသည် ရဟန်းဝတ်ကြ 
လေ၏။ ထိုအခါ နေပြည်တော်တွင် ရဟန်းတော်များ၏ အရေအတွက်များ တနေ့တခြားများလာလေရာ ရဟန်းစစ်များနှင့် ရဟန်းတုများကို အေဒီ ၁၅၉၃ မေလတွင် စစ်ဆေးကာ ရဟန်းတုများကို လူထွက်စေ၏။ 
နာမည်ကြီးသော ဘားမဲ့ဆရာတော် နှင့် ဘားတမော့ဆရာတော်ကိုလည်း မယုံကြည်သဖြင့် ညောင်ရမ်းသို့ ပို့ဆောင် သီတင်းသုံးစေလေသည်။ ထိုဆရာတော် နှစ်ပါးသည် မွန်ဘုန်းကြီးဖြစ်လေရာ ထိုသို့ ညောင်ရမ်းသို့ ပို့ဆောင်ခြင်း အပေါ် နေပြည်တော် တစ်ဝှက်ရှိ မွန်လူမျိုးများ သဘောမကျကြချေ။ 

ထိုကြောင့် အေဒီ ၁၅၉၃ နိုဝင်ဘာလ တွင် မှော်ပီစားမှ ဦးဆောင်သော မွန်လူမျိုးများ၏ ပုန်ကန်မူဖြစ်ပွားလေ သည်။ ဘုရင်လည်း ရဲမက်များလွှတ်ပြီး နှိမ်နင်းစေရာ အောင်မြင်လေ၏။
 မှော်ပီစားလည်း ယိုးဒယားသို့ ပြေးလေ၏။ ဒီဇင်ဘာလတွင် သားတော်မင်းရဲကျော်စွာ ကို အိမ်ရှေ့မင်းသားအဖြစ် အပ်နှင်းလေသည်။ အေဒီ ၁၅၉၄ အောက်တိုဘာလတွင် မော်လမြိုင်မြို့စားသည် ယိုးဒယားဘုရင်နှင့် ပူးပေါင်းကာ ပုန်ကန်လေ သည်။ ဘုရင်လည်း တောင်ငူမင်း ကို ဗိုလ်မှူးပြုကာ နှိမ်နင်း
စေလေ၏။ သို့သော် ရူံးနိမ့်ပြီး ပြန်လာရလေ၏။ ဘုရင်လည်း အမျက်တော်ထွက်ကာ တောင်ငူမင်းကို အကျဉ်းချထားလေ၏။ ဗိုလ်မှူးတချို့လည်း ထောင်တွင်း နှိပ်စက်ဒဏ်ရာကြောင့်ကွယ်လွန်ကုန်လေသည်။

သို့ဖြင့် ရဲစွမ်းထက်မြက်သော ဗိုလ်မှူးတချို့လည်း လွန်ရလေသည်။ ထိုချိန်တွင် အိမ်ရှေ့မင်းသားသည် 
နေပြည်တော်တွင် မင်းတို့၏ သားတော်ဆိုသည့်အတိုင်း ရမ်းကားပြီးသာနေလေသည်။ ဘုရင်လည်း သားတော်ကို ချစ်သဖြင့် မျက်ကွယ်ပြုသာနေလေ၏။ ပြည်သူအပေါင်းတို့လည်း စိတ်ဆင်းရဲရလေသည်။ 
မော်လမြိုင်မြို့စားလည်း ယိုးဒယားမင်းအကူအညီဖြင့် စစ်အင်အား တစ်သိန်းနှစ်သောင်းကျော်ဖြင့် ဟံသာဝတီသို့ ချီတက်လာလေသည်။ ဟံသာဝတီနေပြည်တော်ကို လေးလမျှ ၀ိုင်းရံပြီးနေလေ၏။ 

ဇင်းမယ်နှင့် တောင်ငူမှ စစ်ကူများချီလာသည်ဟု သတင်းရလျှင် ယိုးဒယားဗြနရစ်လည်း မော်လမြိုင်စားကို ဆုတ်ရန် အကြံပေးကာ ဆုတ်လေသည်။ ထိုသို့ တိုင်းရေးပြည်ရေး ရူပ်ထွေးနေသည်ကို အခွင့်ကောင်းယူ ကာ နန္ဒဘုရင်သားတော် အငယ်သည် တောင်ငူကို ၀င်တိုက်လေ၏။ သို့သော် တောင်ငူမြို့စောင့် တပ်မှ ရွပ်ရွပ်ချွံချွံ ခုခံသဖြင့် မသိမ်းနိုင်ဘဲ ဆုတ်ရလေသည်။ 

နေပြည်တော်တွင်လည်း မကြံစဖူး ကြွက်များ သောင်းကျန်းလေ၏။ နေခင်းကြောင်တောင်ပင်လျှင် ကြွက်များ အိမ်များအပေါ်တက်ကာ အစားအသောက်များကို ယူစားလေသည်။ ဘုရင့်နန်းတော်တွင်းသို့ လည်း ကြွက်များသောင်းကျန်းသဖြင့် ရဲမက်များနှိမ်နင်းရာ အကုန်မသတ်နိုင်ဘဲ လက်လျော့ရလေသည်။ ကြွက်များလည်း နေပြည်တော်ရှိ စပါးကျိများကို ကိုက်ကာ ဖျက်စီးပစ်လေ၏။ ထိုကြောင့် ဆန်ရေစပါး ရှားပါးကာ ပြည်သူအများ ဒုက္ခရောက်ရလေသည်။ ထိုသို့တိုင်းပြည်တွင် နိုင်ငံရေးရူပ်ထွေးနေစဉ်
 တောင်ငူမင်းလည်း ရုတ်တရုက် နေပြည်တော်ရှိ ဘုရင်ကို သစ္စာမခံကြောင်းအမိန့်တော်ပြန်ကာ
 ခြားနားလေ၏။ ဇင်းမယ်မင်းလည်း ခြားနားလေသည်။ 

ညောင်ရမ်းမြို့စား ( နောင်အခါ ညောင်ရမ်းမင်း) လည်း နောင်တော်နန္ဒဘုရင် အခက်အခဲတွေ့နေသည်ကို သိလျှင် မိမိ၏ မြို့ကို ခိုင်ခံ့အောင် အရင်ပြုလေသည်။ ညောင်ရမ်းတွင် သီတင်းသုံးသော ဘားမဲ့ဆရာတော် မှလည်း ညောင်ရမ်းမြို့စားကို အစီအရင်အကြံအဥာဏ်များ ပေးလေသည်။ တောင်ငူမြို့စားသည် မိမိတစ်ဦးတည်း ပုန်ကန်လျှင် အရေးနိမ့်မှာ စိုးရိမ်သောကြောင့် ရခိုင်ဘုရင်ထံ သံအမတ်များစေလွှတ်ပြီး မဟာမိတ်ပြုလေသည်။ တောင်ငူမင်းလည်း ရခိုင်၏ ထောက်ခံမူကို ရလျှင် ဟံသာဝတီကို တိုက်ရန် အစီအစဉ်များ ရေးဆွဲလေတော့သည်။
Share:

No comments:

Post a Comment