သွေးမြေမကျခဲ့သော ဘုရင့်နောင်၏ သီဟိုဠ်ကျွန်း အရေး

အေဒီ ၁၅၇၆ ဇွန်လ ၃ ရက်တွင် ဘုရင့်နောင် ၏ ကုသိုလ်တော်ဖြစ်သည့် မဟာဝိဇယစေတီတော် ၏ ဌာပနာတိုက်တော်ကို စတင်တည်ဆောက်စပြုနေချိန်ဖြစ်သည်။ ထိုလတွင် ထားဝယ်စားမှ ဖမ်းမိသော ဆင်ဖြူ တော်တစ်စီးကို ဘုရင့်နောင်ထံ ဆက်သလေ၏။ ထိုလတွင်ပင် သီဟိုဠ်ကျွန်း ဘုရင် Dharmapala of Kotte  (1541 – May 27, 1597 )မှ လက်ဆောင်နှင့်တကွ ဘုရင့်နောင်ပူဇော်ရန် စွယ်တော်မြတ်ပွား ကို ရွှေစေတီဖြင့် ပင့်ဆောင်စေပြီး သင်္ဘောနှစ်စင်းဖြင့် ဆက်လာစေလေသည်။

ထိုသတင်းကို ဘုရင့်နောင်ကြားလျှင် အလွန်ဝမ်းမြောက်ပြီး စွယ်တော်မြတ် စံပယ်ရန် ရတနာကိုးပါး ဖြင့် စီရင်သော ကြုတ် ကို ပြုလုပ်စေလေ၏။ အခမ်းအနားဖြင့် ပင့်လာရာ ဘုရင့်နောင်ကိုယ်တိုင် ပုသိမ်ဆိပ်ကမ်းမှ ဟံသာဝတီနေပြည်တော်အထိ ပင့်ဆောင်လေသည်။ သီဟိုဠ်ဘုရင် Dharmapala   ဆက်သလိုက်သော ရာဇသံကိုလည်း ဖတ်ကြားစေလေသည်။ ရာဇသံတွင် ဘုရင့်နောင်၏ ဘုန်းတော်ကြီးပုံကို ချီးမြှောက် ပြီး နောက် သီဟိုဠ်ကျွန်းတွင်  Kandy မင်းတစ်စု၊ Sitawaka မင်းတစ်စု နှင့် Dharmapala မင်း စသဖြင့် မင်း 3 ပါး ဖြင့် အုပ်ချုပ်လျက်ရှိ၏။ ထို မင်းများတွင် ၂ ပါး ဖြစ်သည့် Kandy မင်းတစ်စု၊ Sitawaka မင်းတစ်စု တို
့သည် မြတ်စွာဘုရား၏ သာသနာတော်ကို မချီးမြှောက်ပါ။ ဘုရင့်နောင်မင်း၏ အာဏာတော်ဖြင့် ဆုံးမပါမှ ယဉ်ကျေးပါလိမ့်မည် ဟု စစ်တိုက်ပေးပါရန် အကူအညီ တောင်းလေ၏။

အမတ်မှ ရာဇသံကို ဖတ်ကြားနေသော်လည်း ဘုရင့်နောင်မှာမူ စွယ်တော်မြတ်ကိုသာ ပီတိသောမနသ ဖြင့် အဖန်တလဲလဲ အာရုံစိုက် ဖူးမော် နေလေ၏။ ထိုအခါ သီရိဇေယျ နော်ရထာ အမတ်မှ "ဘုရင့်နောင်အား သာသနာတော်အတွက် စစ်ကူလွှတ်သင့်ကြောင်း၊ ရှေးယခင်က အနော်ရထာမင်းမှာလည်း သာသနာအတွက် သထုံထိ စစ်ချီခဲ့ဖူးကြောင်း " စသဖြင့် သင့်တယ်လျောက်ပတ်သော စကားကို လျှောက်ပါ မှ ဘုရင့်နောင်သည် " ငါကိုယ်တော် ဟံသာဝတီပြည်ကို ဘိသိက်ခံသည်နေ့က စပြီး မြတ်စွာဘုရားရှင်၏ သာသနာကို အသက်နှင့်လဲပြီး ပူဇော်ချီးမြောက်မည်ဟု အဓိဌာန်ထားသည်၊ ထိုကြောင့် ယခု သီဟိုဠ်မင်း ၏ တောင်းဆိုချက်ကို ငြင်းစရာမရှိ " ဟု မိန့်လေ၏။

ဟံသာဝတီနေပြည်တော်သို့ ရောက်သော် အလွန်ကြီးကျယ်သော ပြာသာဒ်တော်ကို ဆောက်စေပြီး စွယ်တော်မြတ်ကို စံပယ်စေလျက် ၇ ရက်တိုင်အောင် ပူဇော်ပွဲ ကျင်းပလေသည်။ ပူဇော်ပွဲ ကျင်းပပြီးသော
လွှတ်တော်တွင် သီဟိုဠ်မင်းအရေးကို ဆွေးနွေးလေ၏။ သီရိဇေယျကျော်ထင် မှ သီဟိုဠ်ကျွန်းသို့ လက်ရွှေးစင် စစ်သည် ၅ ထောင်ကို ရွေးကာ အလျင်ပို့စေပြီး၊ ကျွန်းအကြောင်းကို သိရပြီး အလုံးအရင်း ဖြင့် ချီလျှင် သင့်တော်မည်ဟု လျှောက်လေရာ ဘုရင့်နောင်လည်း ထိုအရေးကို သဘောကျပြီး လက်ရွှေးစင် စစ်သည် ၅ ထောင်ကို သင်္ဘောသုံးစင်းဖြင့် စေလွှတ်လေ၏။

စစ်သည် ၅ ထောင်တို့လည်း သီဟိုဠ်ကျွန်းသို့ ရောက်လျှင် ရက်စက်ကြမ်းကြုတ်ခက်ထန်သော အမူအရာ ဖြင့်သာ နေလေ၏။ ပြုံးခြင်းမရှိ အသားကိုလည်း အစိမ်းစားလေရာ သီဟိုဠ်ကျွန်းသားများမှ ထိုသူများသည် ဘီလူးသာဖြစ်သည်ဟု ကြောက်လန့်တကြားပြောဆိုကြလေရာ ထိုသတင်းသည် kandy ၊ Sitawaka မင်းများထံ ရောက်လေ၏။ မင်း ၂ ပါးလည်း အကြောင်းကို စုံစမ်းလေရာ ဘုရင့်နောင် မှ စေလွှတ်လိုက်သော စစ်သည်များ ဖြစ်သည်ကို သိရသဖြင့် သီဟိုဠ်မင်း ထံ ဘယ်အကြောင်းကြောင့်
ရောက်လာကြောင်းကို မေးမြန်းလေ၏။

သီဟိုဠ်မင်းလည်း ဘုရင့်နောင်သည် မြတ်စွာဘုရား သာသနာတော်ကို သက်ဝင်ယုံကြည်သူဖြစ်ရာ သီဟိုဠ်ကျွန်းတွင် သာသနာတော် ညစ်နွမ်းနေသည်ကို စည်ပင်ထွန်းပ ရန်အတွက် ကူညီရန် စေလွှတ်လိုက်သော စစ်သည်များဖြစ်သည်ဟု စကားပြန်လိုက်လေ၏။ မင်း သုံးပါး လည်း ဘုရင့်နောင်၏ ရှေ့ပြေးစစ်သည် အနည်းငယ်သည်ပင် ဒီမျှ ရက်စက်နေပုံပေါက်လျှင် ဘုရင့်နောင်၏ တပ် အလုံးအရင်းဖြင့် လာခဲ့သော် ငါ့တို့ ခံနိုင်မည်မဟုတ် ဟု တိုင်ပင်ကြပြီး မိမိတို့ အယူကို စွန့်ကာ အဆုံးအမ ကို နာခံပြီး သာသနာတော်အတွက် ဆောက်ရွက်ပါမည်ဟု Dharmapala မင်း ထံ ကတိပေးကြလေ၏။

သို့ဖြင့် သီဟိုဠ်ကျွန်းတွင် သွေးချောင်းစီးခြင်းမရှိဘဲ သီဟိုဠ်တွင် Dharmapala မင်း လိုချင်သည့်အတိုင်း သာသနာထွန်းလင်းလာလေ၏။  သီဟိုဠ်မင်း Dharmapala လည်း အလွန်အားရသဖြင့် စစ်သည် ၅ ထောင်ကို ရွှေငွေလက်ဆောင်များစွာပေးလျက်၊ အပြန်တွင်ဘုရင့်နောင်ကိုလည်း ရွှေငွေကျောက်သံများကို လက်ဆောင်အဖြစ် ဆက်သလိုက်လေ၏။ သီဟိုဠ်တွင် ဖြစ်ပျက်သော အကြောင်းကို ဘုရင့်နောင်သိလျှင် အလွန်သဘောကျ ကာ စစ်သည်များကို ဆုများ ချီးမြင့်ပြီး ဦးဆောင်သွားသော ရာဇဗညားကို ဇေယျယော်ဓာ ဟူသော ဘွဲ့နှင့်တကွ အဆောင်အယောင် မြို့ ကို ပေးအပ်ကာ မြို့ ကို စားစေလေသည်။


Share:

No comments:

Post a Comment