သက်တော်ရှည်ဘွဲ့ရ အမတ်ကြီး ဗညားဒလ ၏ ဘ၀နိဂုံး

လင်းဇင်းကို ဒုတိယအကြိမ်တိုက်ရန် ဟံသာဝတီတွင် ဆွေးနွေးကြရာ ဘုရင့်နောင်၏ သက်တော်ရှည်ဘွဲ့ (သက်တော်ရှည်ဘွဲ့သည် ဘုရင်အမျက်ထွက်ပြီး သေဒဏ်ပေးသော်လည်း ချက်ခြင်း သတ်ခွင့်မရ၊ ခေတ္တဆိုင်းငံခွင့်ရသော ဘွဲ့ဖြစ်သည်) ရ အမတ်ကြီး ဗညားဒလ မှ အမိန့်တော်သာပေးပါ မိမိ ကိုယ်တိုင် စစ်တပ်ကို ဦးဆောင်ပြီး အနိုင်တိုက်မည် ဟု လျှောက်တင်လေ၏။ ဘုရင့်နောင်လည်း ထိုအရေးကို သဘောတူပြီး စစ်အင်အား ၂ သောင်း၊ မြင်း ၂ ထောင်၊ ဆင် ၂ ထောင် ဖြင့် ချီတက်စေလေ ၏။ 
ဗညားဒလလည်း လင်းဇင်းမြို့နားထိ စစ်ချီပြီးနောက် ဇာပန်းစား နှင့် လင်းပတေ့စားကို သံအဖြစ်စေလွှတ်ပြီး လက်နက်ချ အညံခံရန် လင်းဇင်းမင်းအား ရာဇသံ ပေးလေ၏။ လင်းဇင်းမင်းလည်း သံနှစ်ယောက်ကို သတ်ချင်သော်လည်း မင်းဆရာ မဟာရတ်မှ တားသဖြင့် ထိုသံနှစ်ဦးကို လင်းဇင်းမြို့တော်ရှိ စစ်အင်အား ကို ပြသပြီး သင်တို့သခင် ဘုရင့်နောင် ချီတက်လာသော်လည်း ငါ့ဆင်အစွယ် အကုန်ကျိုးလေမှ ငါ့ကို နိုင်မည်၊ ယခု ဗညားဒလ ဟူသော အမတ်တစ်ဦး ဆိုရုံဖြင့် ငါမမူ ဟု ပြောလွှတ်လိုက်လေ၏။

ထိုစကားကို သံများမှ ပြန်လျှောက်သော် သက်တော်ရှည်ဘွဲ့လည်းရ၊ အဂ္ဂမဟာသေနာပတိ စည်သူရှင် ဘွဲ့ရ ဗညားဒလ လည်း အမျက်ကို မချူပ်နိုင်ဘဲ ချက်ခြင်း တိုက်မည်လုပ်သဖြင့် မှူးမတ်များမှ တားရလေ၏။ မှူးမတ်များလည်း ယခု ကျွန်တော်တို့ အင်အားသည် နည်းလှသည်၊ ယိုးဒယားမှ စစ်ကူ များလည်း မရောက်လာသေး၊ ဇင်းမယ်စား၏ တပ်များလည်း မရောက်လာသေး၊ စစ်ကူများရောက်လာမှ ပူပေါင်းပြီး တိုက်သင့်သည်ဟု အကြံပေးကြကုန်၏။ ဗညားဒလလည်း သဘောတူပြီး ယာယီ တပ်ဆုတ် လေ၏။ 

ထိုသို့ ဗညားဒလ တပ်ဆုတ်သည်ကို လင်းဇင်းမင်းမှ မိမိ၏ သူလျှိများကို လွှတ်ကာ ဗညားဒလမှ လင်းဇင်းကို နိုင်သည့်ပုံစံဖြင့် စကားဖြန့်စေရာ လင်းဇင်းသားတို့သည် နယ်မြေကျွမ်းကျင်သဖြင့် စစ်ကူအဖြစ် ချီတက်လာသော ယိုးဒယားတပ်နှင့် ဇင်းမယ်တပ် များထံ သူလျှိ၏ စကားများ အရင် ရောက်လေတော့၏။ စစ်ကူအဖြစ် ချီတက်လာသော ယိုးဒယားတပ်နှင့် ဇင်းမယ်တပ်တို့လည်း ကောလဟာလကို ယုံကာ ဆက် မချီတက်တော့ဘဲ မိမိတို့ မြို့သို့ ပြန်လေ၏။ 

ထိုအခါ စစ်ရေးကို စုံစမ်းရန် နေပြည်တော်မှ လွှတ်လိုက်သော စုံစမ်းရေးအဖွဲ့သည် ထိုအခြေအနေကို အခွင့်ကောင်းယူပြီး ဗညားဒလပျက်စီးရန် ဘုရင့်နောင်ထံ ကုန်းချောစကားဆိုလေ၏။ ဗညားဒလသည် လင်းဇင်းမင်းအား တိုက်နိုင်ပါသော်လည်း မတိုက်ဘဲ တပ်ကို ဆုတ်မြဲဆုတ်သည်ဟု ဘုရင့်နောင်ယုံရန် အမျိုးမျိုးသော စကားကို ဆိုလေရာ ဘုရင့်နောင်သည် ဗညားဒလကို အလုပ်အကျွေး ကျွန် ၅ ယောက်ဖြင့်သာ ယိုးဒယားရှိ ရွာတရွာတွင် ထားခဲ့စေ ဟု အမိန့်တော်ချလေ၏။

ဗညားဒလသည် ဘုရင့်နောင်ထံ စာရေးသော်လည်း ထိုစာမှ သူ့အား မနာလိုဝန်တိုနေသော အမတ်တစု လက်တွင် ပျောက်ကွယ်သွားလေ၏။ ဘုရင့်နောင်သည် စစ်ရေးနှင့် ပတ်သက်လည်း အလွန်တင်းကြပ်သော စည်းကမ်းထားရှိသဖြင့် ထိုအချက်ကို အသုံးချပြီး နေရာ၊ရာထူး တပ်မက်သော အမတ်တစု မှ အမြတ်ထုတ်သွားခြင်းဖြစ်လေ၏။

ဗညားဒလသည် ငါးလတိတိ ဆင်းရဲစွာနေထိုင်ရပြီးနောက် အပြင်းဖျားကာ ထိုအရပ်တွင်ပင် ကွယ်လွန်လေသည်။ ကွယ်လွန်သော် ယိုးဒယားဘုရင်မှ ဘုရင့်နောင်ထံ လျှောက်လေရာ ကောင်းမွန်စွာ သဂြိုဟ်စေလေသည်။
Share:

No comments:

Post a Comment