မွန်မင်းသမီး ရှင်စောပု အင်းဝမှ ထွက်ပြေးခြင်း အကြောင်း

မွန်မင်းသမီး ရှင်စောပု သည် အဆင်းလှပြီး၊ စိတ်သဘောထားမှာလည်း အလွန်သိမ်မွေ့လေ၏။ မိုးညှင်းမင်း တရား၏ မိဖုရားအဖြစ် ထပ်မံ ချီးမြှောက်ခြင်းခံရသည့်အပြင် နန်းတွင်းရှိ အမတ်များအားလုံး၏ လေးစား
ခြင်းလည်း ခံရသူဖြစ်သည်။ ရှင်စောပု စံရာ နန်းဆောင်သည်လည်း မိဖုရားခေါင်နီးပါး သားနားရာ မိုးညှင်း မင်း ၏ အချစ်ဆုံး မိဖုရား တစ်ပါး ဖြစ်လေ၏။

မိုးညှင်းမင်း၏ မြှောက်စားခြင်း ခံရသော်လည်း မိမိ၏ စိတ်အစဉ်မှာမူ၊ မူလဌာနေ ဖြစ်ရာ ဟံသာဝတီသို့သာ
ရောက်နေဟန်ရှိလေ၏။ အေဒီ ၁၄၂၈ ခုနစ်တွင် ဟံသာဝတီမှ မွန်ရဟန်း နှစ်ပါး အင်းဝနေပြည်တော် သို့ ကြွလာရာ မွန်မင်းသမီး ရှင်စောပုသည်လည်း မွန်ရဟန်း အင်းဝနေပြည်တော်တွင် သီတင်းသုံးနေကြောင်း  သိသော် မွန်ဘာသာဖြင့် ဟောသော တရား နာလိုသဖြင့်ရဟန်းတော်နှစ်ပါး ကို နန်းတော်သို့ ပင့်ကာ ဆွမ်းကပ်တရားနာလေ၏။

                            (ဟံသာဝတီနန်းတွင် စံမြန်းနေသာ ဘုရင်မရှင်စောပု ပန်းချီ )

ရှင်စောပုလည်း ဆွမ်းကပ်လှူ ဒါန်းပြီး ဆက်ကပ်စရာ အလှူ တော်များ လှူ ဒါန်းလေ၏။ ထိုအခါ မွန်ရဟန်း
တော်မှ ရှင်စောပုအား အင်းဝတွင် ပျော်သလော ဟု မေးမြန်းရာ ရှင်စောပုလည်း မိမိ၏ စိတ်ရင်းအမှန်ကို
လျှောက်ထားလေရာ ရဟန်း နှစ်ပါး စိတ်မကောင်း ဖြစ်လေ၏။

ထိုမှ ရဟန်းနှစ်ပါးမှ စိတ်မပူလေနှင့် လွတ်မြောက်အောင် ကြံဆောင်ပေးမည်ဟု ကတိပေးလေ၏။
 မွန်ရဟန်းနှစ်ပါးသည် ဗဟုသုတ နှံစပ်သော ရဟန်းများ ဖြစ်လေရာ ဆေးတစ်မျိုးဖော်စပ်ပြီး ရှင်စောပုကို သောက်စေလေ၏။ ထိုဆေးသောက်ပြီး နောက်တွင် ရှင်စောပုသည် ၀မ်းမှ အနီ၊အ၀ါ စသဖြင့် သွားလေရာ နန်းတွင်းသမားတော်ကို ခေါ်ပြလေသည်။ သမားတော်လည်း ရောဂါဆန်းဖြစ်ကြောင်း
ဖြေဆေးကို အစွမ်းကုန် ရှာပေးမည် ဟု လျှောက်တင်ကာ ၁ ပတ်တိတိ မရှာဖွေနိုင်ပဲ ဖြစ်နေလေသည်။ 

မိုးညှင်းမင်းလည်း အလွန်စိုးရိမ်တော်မူနေစဉ် မွန်ရဟန်းနှစ်ပါးမှ အခစားဝင်ကာ ရှင်စောပု၏ ရောဂါကို မိမိ တို့ ကြည့်ရူလိုပါသည်၊ မိမိတို့ စွမ်းသော် ကုသနိုင်ပါမည်၊ ဟံသာဝတီတွင် ဖြေဆေးမျိုးစုံ ရှိသည် ဟု ဘုရင် ကို မိန့်လေရာ မိုးညှင်းမင်းလည်း အရှင်ဘုရားတို့ စွမ်းလျှင် ကုသပေးတော်မူပါ ဟု ရှင်စောပုကို ကုသရန် ခွင့်ပြု လေ၏။

ရှင်စောပု၏ ရောဂါဆန်းကြောင့် အပျို တော်များလည်း အနားမကပ်ရဲဘဲ ရှိနေသည်။ ထိုအချက်ကို အခွင့်ကောင်းယူကာ ရှင်စောပုအား ကယ်ရန် မိမိတို့၏ ရဟန်း သိက္ခာကို ချကာ သာမဏေ အဖြစ် နေလေ၏။ ကုသသည့်နေမှ စပြီး နေ့တိုင်း နေ့လည်စောင်းတွင် သေတ္တာတခုကို နန်းတွင်းသို့ သယ်ဝင်လေသည်။ ရဲမက် တို့ စစ်ဆေးသော် ဆေးဥဆေးမြစ် သာ တွေ့လေသည်။

ရှင်စောပု၏ အတွင်းဆောင်တွင် ရှင်စောပုအား ကုသဟန် ပြုနေလေ၏။ ပြီးလျှင် ရှင်စောပု၏ အရောင်စွန်း သော ထဘီတို့ကို ညနေစောင်းတိုင်း သေတ္တာကြီး ဖြင့် နေတိုင်းသယ်လေ၏။ ရဲမက်တို့ စစ်ဆေးသော် ထဘီတို့ကိုသာ တွေ့လေ၏။ ထိုသို့ ၄ ရက်တိုင်အောင် ပြုလုပ်သော် ရဲမက်တို့လည်း ၅ ရက် မြောက်နေ့တွင် မစစ်ဆေးတော့ပေ။ မွန်ရဟန်း ကိုမြင်သည်နှင့် မစစ်ဆေးဘဲ လွှတ်ပေးလေ၏။

နောက် ကယ်ထုတ်မည့်နေ့တွင် မွန်ရဟန်း နှစ်ပါးသည် သဘောင်္ဆိပ်တွင် လှေသင်္ဘော အသင့် စီစဉ် ထားလေ၏။ မိမိတို့ လှည်းတွင်လည်း ဓါးများ ထည့်ကာ ၀ှက်ပြီး ယူလာစေ၏။ အင်းဝနန်းတော် သို့ သေတ္တာ ဖြင့် ၀င်သော် ရဲမက်တို့မှ မွန်ရဟန်းကို သိနေသဖြင့် မစစ်တော့ပေ။ မွန်ရဟန်း တို့လည်း  အပြန်တွင် သေတ္တာထဲသို့ ရှင်စောပုကို နေစေလေသည်။

အပြန်တွင်လည်း ရဲမက်တို့ စစ်ဆေးခြင်း မရှိ။ နန်းတော်မှ ထွက်ပြီး ရဲမက်တို့မျက်စိရှေ့မှ လွှတ်သည်နှင့် မွန် ရဟန်း တို့လည်း အလျင်အမြန် ရေဆိပ်ကို ကပ်ကာ လှေဖြင့် အလျင်အမြန် အောက်ပြည်သို့ စုန်ဆင်းလေသည်။

ရဟန်းနှစ်ပါးတို့သည် ပရိယာယ် ရှိသူများဖြစ်လေရာ မြို့တံခါးမှ လူတစုကို ဒုန်းစိုင်းပြေးထွက်စေ လေသည်။ ညနေ စားတော်ခေါ်ချိန်ရောက်သော် အပျို တော်တို့လည်း နန်းဆောင်အပြင်မှ  စားတော်သယ်လာပြီး အတွင်းတော်သို့ ၀င်ရန် အခွင့်တောင်းစဉ် အတွင်းမှ အသံမကြားသဖြင့် ၀င်ကြည့်ရာ ရှင်စောပု ကို မတွေ့ သဖြင့် အလျင်အမြန် ဘုရင်ဆီ လျှောက်တင်ကြလေသည်။

မိုးညှင်းမင်းလည်း သတင်းကြားသည်နှင့် ချက်ခြင်း မိမိ၏ ရဲမက်အများကို စေလွှတ်လေသည်။ ဗိုလ်မှူးများ လည်း နန်းတော်မှ ထွက်လာပြီး မြို့တံခါးမှူးအား စစ်မေးသော် တံခါးမှူးမှ ညနေစောင်းတွင် လူတစ်စု ဒုန်းစိုင်း မြင်းစီးထွက်သွားကြောင်း လျှောက်တင်လေရာ ဗိုလ်မှူးလည်း မြို့တံခါးမှ အပြင်းလိုက်လေ၏။

သို့သော် ရှင်စောပုမှာမူ ရေကြောင်းဖြင့် စုန်ဆင်းသွားလေရာ မည်သူမှ မသိလိုက်ပေ။ ရှင်စောပုလည်း မကြာသောရက်တွင် ဟံသာဝတီသို့ ပြန်ရောက်လေ၏။ ဟံသာဝတီကို မင်းပြုနေသော ရှင်စောပု၏
နောင်တော် ဗညားရံ သိသော် ၀မ်းမြောက်ဝမ်းသာ ဖြစ်လျက် တခမ်းတနားဖြင့် ကြိုဆိုလေ၏။

ထိုသတင်းကို မိုးညှင်းမင်းကြားလေရာ ရှင်စောပုသည် မိမိထက် သူ၏ တိုင်းပြည်၊ အမျိုးကို  ချစ်မြတ်နိုးကြောင်း သုံးသပ်ပြီး  မိမိချစ်သောသူ စိတ်သဘောအတိုင်းရှိစေတော့ ဟု ဆိုကာ ရှင်စောပုအတွက်နှင့် ဟံသာဝတီကို စစ်မပြုတော့ပေ။ ထိုအခါမှ ရှင်စောပုသည် ဟံသာဝတီတွင် နေကာ မိမိ နောင်တော် လွန်သော် ဟံသာဝတီနန်းကို သိမ်းကာ ဘုရင်မအဖြစ် ဟံသာဝတီကို အုပ်ချူ ပ်ခဲ့သေး သည်။ (ဟံသာဝတီ သမိုင်းကို နောက်ပိုင်းတွင် အကျယ်ရေးသားပါမည်)


Share:

No comments:

Post a Comment