အင်းဝတပ်မှူးဟောင်း မင်းငယ်ကျော်ထင်ကို အနိုင်တိုက်နိုင်ခြင်း

အင်းဝနေပြည်တော်တွင် မိုးညှင်းမင်းကို လိုလားသော အမတ်များတစု (ရှမ်း+မြန်မာ) ၊ ယခင် ဘုရင် သီဟသူ၏ မိဖုရား ဘို့မယ်ကို သစ္စာရှိသူများက တစု၊ စသဖြင့် အုပ်စုကွဲနေသည်ကို မိုးညှင်းမင်း ရိပ်မိ၏။ မနက်လွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးချက်များကို ကြည့်ရုံနှင့် သိတော်မူသဖြင့် အမတ်များကို လွှမ်း မိုးနိုင်ရန် မိဖုရားဘို့မယ်ကို ပြန်လည်ခေါ်ယူရန် မိမိ၏ သားတော်(အိမ်ရှေ့စံမဟုတ်) နှင့် တူတော် ကို မိဖုရား ဘို့မယ် စခန်းချရာ မန်းစက်တော်ရာ နေရာသို့ ချီတက်စေကာ မိဖုရားဘို့မယ်ကို ပြန်လည် ခေါ်ယူ ရန် ကြိုးပမ်းလေသည်။ 

သားတော်နှင့် တူတော်လည်း မန်းစက်တော်ရာခံတပ်ကို အပြင်းတိုက်လေရာ ခံတပ်မှာ ကျလေသည်။ မိဖုရား ဘို့မယ်ကိုလည်း အရှင်မိကာ ဝေါယာဉ်ဖြင့် စကုဆိပ်သို့ ခေါ်ဆောင်သွားလေ၏။ စကုဆိပ်မှ မိဖုရားဘို့မယ်ကို ရွှေလှေဖြင့် အင်းဝသို့ ခေါ်ယူလေသည်။ မိုးညှင်းမင်းလည်း မှူးမတ်ဗိုလ်ပါတို့ဖြင့် မိဖုရား ဘို့မယ်ကို ကြို လေသည်။

မိုးညှင်းမင်းသည် အေဒီ ၁၄၂၇ တွင် အင်းဝနန်းတော်အသစ်ကို ဆောက်တော်မူပြီး လွှတ်တော်အတွင်း မိမိ သြဇာကို အခိုင်အမာ တည်ဆောက်ပြီးသော် ပုန်ကန်နေသော နယ်စား၊မြို့ စားများကို တိုက်ခိုက်ရန် ပြင် ဆင် တော့သည်။ 

နန်းတော်အသစ်ဆောက်ပြီး သည်နှင့် မိုးညှင်းမင်းသည်  မင်းငယ်ကျော်ထင်ကို ပထမဆုံး တိုက်ရန် အမိန့် ထုတ်လေသည်။ မင်းငယ်ကျော်ထင်သည် အုန်းပေါင်စော်ဘွားမှ စစ်ကူတွေ ရထားပြီး ပင်လယ်မြို့ကိုပင် တိုက် ခိုက်အောင်မြင်လေ၏။ သို့သော် စစ်အင်အားမှမူ ငါးထောင် သာ ရှိလေ၏။ ထိုအခါ မိဖုရားဘို့မယ် ( မိဖုရားဟုဆိုသော်လည်း မိုးညှင်းမင်း၏ မိဖုရားတော့ မဟုတ်ပါ၊ မိုးညှင်းမင်းမှ ယခင် မိမိ၏ မိတ်ဆွေ သီဟသူ မိဖုရားဖြစ်သည်က တကြောင်း သြဇာရှိသော အမျိုးသမီးဖြစ်သောကြောင့် နန်းတော်အတွင်း မိဖုရား တို့၏ အဆောင်အယောင်အတိုင်း ထားခြင်းဖြစ်သည်) မှ မိမိ၏ တပ်မှူး ကို လွှတ်ပြီး တိုက်ပါ လို့ အကြံပေးလေသည်။ 


မိုးညှင်းမင်းလည်း မိဖုရားဘို့မယ်ပြောသော တပ်မှူးကို စစ်အင်အား ၄ ထောင်ပေးကာ တိုက်ခိုက်စေသည်၊
ထိုတပ်မှူးမှာ ဘယကာမဏိ ဟု အမည်တွင်၏။ ဘယကာမဏိလည်း ပင်လယ်မြို့ အပြင်ရှိ တပက်ဆွဲ ရွာတွင် တွင် ခံ နေသော မင်းငယ် ကျော်ထင်ကို ညတွင် ရုတ်တရုက် ၀င်တိုက်လေ၏။ မင်းငယ်ကျော်ထင်လည်း အငိုက်မိသဖြင့် တပ်ကို မစုနိုင်ဘဲ မြင်းဖြင့် ပင်လယ်မြို့ သို့ ပြေးလေသည်။ 

ထိုမှ ပင်လယ်မြို့ တွင် လူပြန်စုကာ ခံတပ်အကြီးအကျယ်ဆောက်လေသည်။ မိုးညှင်းမင်းလည်း ဘယကာမဏိ ကို သဘောကျကာ ရွှေကို ဘယကာမဏိ၏ အလေးချိန်အတိုင်း၊ တိုင်းတာပြီး ဆုချီးမြှင့် လေ သည်။ စည့်ကူးမြို့ ကိုလည်း အပိုင်စား စေလေ၏။ 

 ထိုနောက် ပင်လယ်တွင် ဆုတ်ပြီး ခံနေသော မင်းငယ်ကျော်ထင်ကို အပြတ်တိုက်ခိုက်ရန် အေဒီ ၁၄၂၈ တွင် သားတော်အိမ်ရှေ့မင်း ကို ဗိုလ်မှူးခန့်ပြီး စစ်အင်အား တစ်သောင်းငါးထောင်ဖြင့် ချီတက်စေလေသည်။
ပင်လယ်ရောက်သော် မင်းငယ်ကျော်ထင်မှ စီးချင်း စီးရန် ကမ်းလှမ်းရာ ပင်လယ်မှ ငပယင်း ဆိုသူနှင့် ဘယကာမဏိ တို့ ဆင်စီးချင်း ထိုးရာ ငပယင်း ခေါင်းကို ဖြတ်ရလေသည်။ 

မင်းငယ်ကျော်ထင်လည်း မြို့မှ မထွက် အခန့်အခိုင်ဆောက်ထားသော ခံတပ်အတွင်းမှ နေကာ ခုခံ လေ၏။ ထိုအခါမြို့ကို ထိုးဖောက်မရသောအခါ မိုးညှင်းမင်းမှ စုံစမ်းစေရာ မင်းငယ်ကျော်ထင်ကို အုန်းပေါင်စော်ဘွားမှ ထောက်ပံ့နေသည်ဟု သိသဖြင့် အုန်းပေါင်စော်ဘွားထံ ရာဇာသံပို့လေသည်။

ရာဇာသံကို ရပြီးနောက် အုန်းပေါင်မှ စစ်ကူများ ပင်လယ်မြို့ သို့ မရောက်လာတော့ပေ။ ထိုအခါ မင်းငယ်ကျော်ထင်သည် တောင်ငူစားကို စစ်ကူပါရန် စာဖြင့် ရေးကာ တောင်းပါသော်လည်း တောင်ငူမှ စစ်ကူများ မရောက်လာပေ။ ပင်လယ်မြို့ မှ စစ်သည်များလည်း ငတ်မွတ်လာသဖြင့် တချို့ မှာ ထွက်ပြေးကုန် ရာ မင်းငယ်ကျော်ထင်လည်း နောက်ဆုံး လက်နက်ချကာ အရူံးပေးလိုက်ရလေသည်။ 

မိုးညှင်းမင်းလည်း မင်းငယ်ကျော်ထင်ကို မသတ်ဘဲ နန်းတော်ရှိ တပ်သားများကိုစစ် လေ့ကျင့်ပေးရန် နန်းတော် အတွင်း အကျယ်ချူ ပ်ဖြင့် ထားလေသည်။
 
Share:

No comments:

Post a Comment