အင်းဝအိမ်ရှေ့စံ မင်းရဲကျော်စွာ စစ်ပွဲတွင် ကျရူံးခြင်း

သက္ကရာဇ် ၇၇၆ ( အေဒီ ၁၄၁၄) တွင် ဟံသာဝတီနန်းတော်၏ အခါပေးများမှ ရာဇာဓိရာဇ်အား ဇာတာ တော် မသန့်ဟု လျှောက်ထားသဖြင့် ထိုနှစ်တွင် တခြားနေရာသို့ ကူးလေ၏။ ထိုနောက် အခါတော် ပေးမှ ဇာတာတော် သန့်ပြီ ပြန်လျှောက်သည့်အချိန်တွင်မူ ရာဇာဓိရာဇ်မှ အင်းဝအိမ်ရှေ့စံ ကို ဘယ်အချိန်မှာ တိုက်ရင် အောင်မြင်နိုင်မည်နည်း တွက်နိုင်သလော ဟု မေးရာ၊ အခါတော်ပေး အမတ် တို့ မှ ၇၇၈ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် နေ့ တွင် တိုက်လျှင် အောင်နိုင်စရာ အကြောင်းရှိသည်ဟု တိတိကျ ကျ တွက်ပေးလေ၏ ။
ရာဇာဓိရာဇ်လည်း အဲ့နေ့တွင် နိုင်အောင်တိုက်မည်ဟု ကြုံးဝါးလေ၏။  ရာဇာဓိရာဇ် သည် ရံ ဟူသော ဆင်ကို စီး အခါတော်ပေးများ၏ အကြံအတိုင်း အစီအရင်တွေ ပြုပြီး နေပြည်တော် မှ အလုံးအရင်းဖြင့် အခါပေးသည့်နေ့၊ မင်းရဲကျော်စွာ ဆီရောက်အောင် ထွက်လာလေသည်။ မင်းရဲကျော်စွာ ရှိနေသော ဒလမြို့ကို ရောက်လျှင် မင်းရဲကျော်စွာ မြို့ မှ မထွက်ထွက်အောင် အမျိုးအမျိုး လုပ်ဆောင်ကြ၏။

မင်းရဲကျော်စွာလည်း ရာဇာဓိရာဇ်ကိုယ်တိုင်လာသည်၊အဘယ်သို့ ကြောက်ရမည်နည်း.. ဟု ဆိုပြီး ဆင်စီး၊ မြင်းရံ ကာ အလုံးအရင်းဖြင့် မြို့က ထွက်ပြီး တိုက်လေသည်။ ဟံသာဝတီမှ သမိန်အ၀နိုင် ဦးဆောင် သော တပ်ကို အရင် တိုက်လေ၏။ သမိန်အ၀နိုင်သည် တပ်ကို ဆုတ်သလိုပြုပြီး မင်းရဲကျော်စွာကို တောစပ်နား လိုက်အောင် လုပ်လေ၏။ မင်းရဲကျော်စွာလည်း သမိန်အ၀နိုင်ကို ဖမ်းချင် ဇော ဖြင့် အတင်းလိုက်လေ၏။ ထိုအခါ နောက်မှ လိုက်သော ခြေလျင်တပ်တချို့နဲ့ ပြတ်လေသည်။

ထိုအခါ တခြားသော အင်းဝတပ်မှူးများ မင်းရဲကျော်စွာနောက် မလိုက်ရလေအောင် ဟံသာဝတီ တပ်များမှ အပြင်းအထန် ၀င်တိုက်လေ၏။ အင်းဝ တပ်မှူးများလည်း ပြန်ခုခံနေသဖြင့် မင်းရဲကျော်စွာမှာ တပ်အနည်း ငယ်ဖြင့်သာ တောစပ်နား ရောက်သွားသည်ကို မသိ ဖြစ်သွားလေ၏။

တောစပ်တွင် ပုန်းနေသော ရာဇာဓိရာဇ်၏ သားတော် ၃ ပါးမှ မင်းရဲကျော်စွာကို စစ်တပ်အင်အား ၁ ထောင် ဖြင့် ၀ိုင်းလေသည်။ မင်းရဲကျော်စွာလည်း အပြင်းအထန် ပြန်တိုက်လေရာ သားတော် ၃ ပါးမှ မင်းရဲကျော်စွာ စစ်ပန်းသွားသည်ကို တွေ့ရသဖြင့် တောထဲ ၀င်ကာ တပ်ကို ဆုတ်လေသည်။

ထိုစဉ် မင်းရဲကျော်စွာ တွင် စစ်အင်အား ၁ ရာ သာ ကျန်လေ၏။ ထိုအခါမှ မိမိသည် စစ်မြေပြင်နှင့် အတော် အတန်ဝေးသော နေရာတွင် ရောက်နေမှန်း သိရလေသည်။ ပေါင်တော်တွင်လည်း လှံထိုးခံရ သော ဒဏ်ရာရ သဖြင့်၊ စစ်သားတချို့ကို စစ်ကူ သွားခေါ် ခိုင်းပြီး ဆင်တော်ကလည်း ပင်ပန်းနေသဖြင့် တော ထဲ သို့ ၀င်ကာ ခေတ္တခဏ နားနေလေ၏။

ဟံသာဝတီတပ်လည်းအင်းဝ စစ်ကူမလာမီ တောနင်းပြီး မင်းရဲကျော်စွာ ရှိသည့်နေရာကို ၀င်စီးသဖြင့် ရဲမက်အား လုံး ကျရူံးကာ မင်းရဲကျော်စွာကို ဖမ်းမိလေသည်။ ထိုချိန်တွင် အင်းဝတပ် များသည် ဟံသာဝတီတပ်ကို မယှဉ်နိုင်တော့ဘဲ ဒလ မြို့တွင်းဝင်ကာ တပ်ကို ဆုတ်ရလေသည်။ မြို့ထဲရောက်မှ မိမိတို့ အရှင် မင်းရဲကျော်စွာ ပျောက်နေမှန်း သိကြကုန်သည်။

ရာဇာဓိရာဇ်လည်း မင်းရဲကျော်စွာ မိသော နေရသို့ ဆင်ဖြင့် လာလေသည်။ " ငါ့သား မင်းကို ဆေးဝါး ကုပေးမည်၊ လွတ်မြောက်ဖို့ စိတ်မကူးနှင့်၊ သမီးတော်နှင့် လက်ဆက်ပေးမည်၊ အိမ်ရှေ့အရာ သာ ထား မည်၊ အ၀ သို့ သွားချင်ရင်လည်း ပြန်ပို့ပေးမည် " ဟု မင်းရဲကျော်စွာကို စကားဆိုလေသည်။

မင်းရဲကျော်စွာလည်း မွန်တို့ ပေးသော ဆေးဝါးကို ငါမစား၊ ဟံသာဝတီကို မရဘဲ မပြန်ဟု ငါ ဓိဋ္ဌာန် ထားသည်။ သတ်ချင်လျှင် သတ်လိုက်ပါတော့ ၊ သူ့ကျွန် ဟူသော အမည်ကို ငါမခံဟု ပြတ်သားသော မျက်နှာ ထားဖြင့် ပြန်ပြောသဖြင့် .. ရာဇာဓိရာဇ်လည်း သေခါနီးတောင် စိတ်ကိုမလျှော့၊ သတ်စေ ဟု အမိန့် ပေးရာ ထိုနေရာတွင် ကျရူံးရလေသည်။ မင်းရဲကျော်စွာသည် (အေဒီ ၁၄၁၅ မတ် ၁၃ ) တွင် ကျရူံး လေသည်။


Share:

No comments:

Post a Comment