မင်းရဲကျော်စွာ ၏ ပထမဆုံး စစ်ပွဲ

ဖခင်ဘုရင်ထံမှ ခွင်ပြုချက်ရပြီးနောက် အသက် ၂၀ သာ ရှိသေးသောမင်းရဲကျော်စွာ သည် စစ်တပ်အင်အား ၁ သိန်းနီးပါးရှိသော အင်းဝတပ်အားလုံး၏ စစ်သေနာပတိချုပ် ဖြစ်လာခဲ့လေသည်။ မင်းရဲကျော်စွာမှာ တခြား မင်းသားများကဲ့သို့ နန်းတော်တွင် ဇိမ်ဖြင့် နေလိုသော စိတ်မရှိ၊ စစ်တိုက်ခိုက်ရေး တွင်သာ အားသန်သော မင်းသားဖြစ်လေသည်။ သို့ကြောင့် အင်းဝအင်ပါယာ လက်နက်နိုင်ငံအဖြစ် တည်ထောင်လိုသော ဘုရင်မင်းခေါင်အတွက် အလွန် အရေးပါသော အရေးအပေးခံရဆုံးသော မင်းသား တစ်ပါး ဖြစ်လာလေသည်။

Share:

ဟံသာဝတီသို့ မင်းခေါင် စစ်ထပ်မံ ချီခြင်း

ဟံသာဝတီစစ်ပွဲကို မအောင်မြင်ခဲ့သော ဘုရင်မင်းခေါင်သည် သက္ကရာဇ် (၇၇၁) အေဒီ ၁၄၀၉ တွင် သားတော် သီဟသူကို စစ်ကိုင်းမြို့ကို ပေးသနားသည်။ အထိန်းတော် ငခင်ညိုကိုလည်း တောင်ငူမြို့ကို ပေး သနားတော်မူသည်။ ( အထိန်းတော် ငခင်ညိုမှာ ဟံသာဝတီမှ တပ်ခွာစဉ်က လကွန်းအိန်ကို ထူးထူးချွန်ချွန် တိုက်ခိုက်ခုခံသောကြောင့် အထိန်းတော်ဘ၀မှ နယ်စားမင်း ဘ၀ သို့ ရောက်သွားခြင်းဖြစ်သည်)။ ထိုသို့ စစ်ရူံးသော်လည်း မင်းခေါင်သည် လက်မလျော့သေး ဟံသာဝတီကို သိမ်းရန် စိတ်ပြင်းပြနေသေးသည်။ ထို့ကြောင့် လွှတ်တော် အစည်းအဝေးတိုင်း စစ်မည်သို့ တိုက်မည်ကိုသာ ဆွေးနွေးလေသည်။

ရမည်းသင်းစားလည်း စစ်တိုက်ဖို့အရေးကို ထောက်ခံလေသည်။ ကျန်အမတ်များမှာမူ မောရှမ်းမင်းများ ( သျှမ်း စော်ဘွားများ) ကို စစ်ကူလွှတ်ရန် စည်းရုံးနိုင်လျှင် အင်အားပိုတောင့်တင်းမည်ဟု လျှောက်တင်ကြ
ပြန်သည်။ ( ထိုစဉ်က အင်းဝမှာ မိုးညှင်း၊မိုးကောင်း၊စသည့် ယခုကချင်ပြည်နယ်တစ်ဝိုက် နှင့် သီပေါ တစ်ဝိုက် ကို အစိုးရသော ရှမ်းစော်ဘွားများနဲ့ သံအရ အဆက်အသွယ်ရှိကြသည်။ )  ဘုရင်မင်းခေါင်လည်း ရှမ်းစော်ဘွားများကို သံများစေလွှတ်ပြီး စစ်ကူလွှတ်ရန် တောင်းရာ ရှမ်းဘက်မှ ကြည်ကြည်ဖြူဖြူ စစ်ကူ လွှတ်သဖြင့် ရှမ်းများနှင့် စစ်မဖြစ်လိုက်ရဘဲ အင်အားပိုမို တောင့်တင်းလာလေသည်။

ထိုနောက် ဘုရင်မင်းခေါင်သည် ၁၇ နှစ်သာ ရှိသေးသည့် သားငယ် မင်းရဲကျော်စွာကို အင်းဝမြို့ကို စောင့်
စေပြီး သားတော် သီဟသူ နှင့် စစ်သူကြီးများဖြင့် ဟံသာဝတီသို့ စုန်ဆင်း စစ်ပြုရန် စီစဉ်လေသည်။ သားတော် သီဟသူကို ရိက္ခာ တပ်ကို ကြီးကြပ်စေပြီး ယခင် စစ်ချီရာတွင် ပြုခဲ့သည့် အမှားများကို နောက် ထပ် မပြုမိအောင် စီရင် ဆောင်ရွက်ပြီး ဟံသာဝတီသို့ ချီတက်လလေ၏။

ဟံသာဝတီပိုင်နယ်သို့ ရောက်လျှင် ရာဇာဓိရာဇ်လည်း ဆီးကြိုတိုက်ခိုက်လေ၏။ မင်းနှစ်ပါး စီးချင်းထိုးရာ မင်းခေါင်၏ ဆင်မှာ အားမတန်သဖြင့် နောက်ဆုတ်လေရာ ရာဇာဓိရာဇ်မှ လိုက်လေသည်။ ထိုစဉ် အုန်းဘောင်စော်ဘွား သိုကြောင်ဘွား(ရှမ်း) မှ မြင်သဖြင့် မိမိဆင်ဖြင့် ချွန်းဖွင့်ကာ ရာဇာဓိရာဇ်ဖြင့် စီးချင်း ထိုးလေသည်။ ရာဇာဓိရာဇ်လည်း အားမတန်သောကြောင့် ဆုတ်လေသည်။ ဟံသာဝတီဘက်မှလည်း မိမိ တို့ ဘုရင် ဆုတ်သည်မြင်သဖြင့် ဆင်အများဖြင့် ၀င်တိုက်လေရာ အလုံးအလုံး အထွေးထွေး ဖြစ်ကုန်လေ သည်။ အင်းဝဘက်မှလည်း အမြောက်၊ စိန်ပြောင်းများဖြင့် အဆက်အပြတ် ပစ်ခတ်လေရာ ဟံသာဝတီ တပ်များ ဆုတ်ပြီး ခံတပ်ဆောက်ပြီး ခံစစ်အဖြစ် တည်နေလေသည်။ ဘုရင်မင်းခေါင်လည်း ဟံသာဝတီတွင် ငါးလ လောက်နေပြီး မိုးကျခါနီးသဖြင့် အင်းဝ သို့ ပြန်လေသည်။

နေပြည်တော်ပြန်ရောက်သော် သားတော်မင်းရဲကျော်စွာမှ ခမည်းတော်ကို နားတော်လျှောက်လေသည်။ ခမည်းတော် စစ် နှစ်ကြိမ်ချီရာတွင် အရူံးနှင့်သာ ရင်ဆိုင်ရသည်။ သို့ကြောင့် မိမိကိုယ် တိုင် စစ်ကို စီရင်ပြီး ချီတက်မည်ဟု ရဲဝင့်စွာ လျှောက်တင်လေရာ အင်းဝနန်းတော် တခုလုံး လန့်ရလေသည်။ ပုံမှန်ဆိုလျှင် သားတော် မှ ခမည်းတော်ကို ထိုသို့ လျှောက်လျှင် ရာဇ အမျက်သင့်ပြီး ထောင်ကျနိုင်လေသည်။ သို့သော် မင်းခေါင်မှာမူ သားတော်လျှောက်တင်ပုံကို သဘောကျပြီး လုပ်စေ ဟု ခွင့်ပြုလေသည်။

သို့ဖြင့် အသက်ငယ်ငယ်လေးသာ ရှိသေးသော မင်းရဲကျော်စွာမှာ စစ်သေနာပတိဖြစ်လာလေတော့ သည်။
Share:

ဘုရင်မင်းခေါင် ဟံသာဝတီမှ တပ်ကို ခွာခြင်း

အင်းဝတို့တပ်စခန်းချရာနေရာကို ဖောက်ဝင်ပြီး ဟံသာဝတီဘက်မှ လုပ်ကြံသူတွေ စေလွှတ်ခြင်း ကြောင့် ဘုရင်မင်းခေါင်လည်း ညမအိပ်နိုင်ဖြစ်ပြီး နံနက်မိုးသောက်သော် ရွှေကွမ်းခွက်တော်နှင့် လက်သုံးတော် ဓား တို့လည်း မရှိတော့သဖြင့် ထိတ်လန့်ပြီး မှူးမတ်တို့နှင့် တိုင်ပင်ကာ တပ်တော်ကို ဆုတ်ရန် ဆုံးဖြတ် လေသည်။

ထိုအခါ ရမည်းသင်းစားမှ ဘုရားကိုယ်တော်ရှေ့တော်က ချီတော်မူ မိမိမှာမူ တပ်ကြီးရှစ်တပ်ဖြင့် နောက်က လိုက်တော်မူမည်ဟု လျှောက်လေသည်။ ဘုရင်မင်းခေါင်လည်း ထိုလျှောက်ထားချက်ကို လက်ခံပြီး လူနာ၊လူဖျား မစွမ်းသူကို အင်းဝနေပြည်တော်သို့ အရင် ချီတက်ခိုင်းလေသည်။ မိမိမှာမူ ဆင်ကို စီးလျက် စစ်တပ်အင်အား ၅ ထောင်ကျော်ဖြင့် အပြင်း အင်းဝသို့ ချီတက်လေသည်။

ထိုအကြောင်းကို ဟံသာဝတီဘက်မှ သူလျို က သတင်းကို အရင်ပို့ထားသဖြင့် ဘုရင်မင်းခေါင်လာမည့် လမ်းတွင် လကွန်းအိန်မှ စောင့်နေလေသည်။ လကွန်းအိန်လည်း အင်းဝတပ်ကို မြင်လျှင် ပုန်းနေရာ တော မှ ထွက်ပြီး တိုက်လေသည်။ သို့သော် အင်းဝဘက်က အပြင်းပြန်ခုခံသဖြင့် လကွန်းအိန် တပ်ပျက်လေသည်။ လကွန်းအိန်လည်း တပ်ဆုတ်လေသည်။ ဟံသာဝတီမှ စစ်ကူ ဥပါကောင်းတပ်များက ရောက်နှင့်ပြီး အင်းဝတပ်နှင့် တိုက်ပြန်လေသည်။ ဘုရင်မင်းခေါင်လည်း စစ်တပ်ကို မဆုတ် ဥပါကောင်းတပ်ကို နိုင်အောင် တိုက်လေသည်။

ဥပါကောင်းတပ် ထပ်ပြီးပျက်ပြီး ဆုတ်ရပြန်၏။ ထိုစဉ် ဘုရင်မင်းခေါင်မှ ဆုတ်သော တပ်ကို လိုက်ပြီး တိုက်မည်ပြုရာ အထိန်းတော်မှ မြင်းဖြင့် မွန်မင်းသည် တောစပ်တွင် စောင့်နေသည်၊ ထပ်မံ ပြီး လိုက်တိုက်လျှင် မွန်မင်းတပ်နှင့် တိုးလိမ့်မည်။ မွန်မင်းစစ်အင်အားမှာ များလှသည် ဟု လျှောက်သဖြင့် ဘုရင်မင်းခေါင်လည်း မလိုက်တော့ဘဲ အင်းဝသို့ အပြင်းဒုန်းစိုင်း ချီတက်လေသည်။

အနောက်တွင် ကျန်ခဲ့သော အင်အား သိန်းကျော်ရှိသော အင်းဝတပ်မှာမူ ဘုရင်တပ်တိုက်ခိုက်ခံရ နေသည် သတင်းမရဘဲ ရှိနေလေသည်။ အတော်အတန်ကြာမှ သတင်းရသဖြင့် အင်းဝတပ်များ အပြင်း ချီတက်လေသည်။ ဘုရင်မင်းခေါင်လည်း ကံကောင်းထောက်မစွာဖြင့် အင်းဝနေပြည်တော်သို့ ပြန်ရောက် လေသည်။
Share: