ဘုရင်မင်းခေါင် စစ်ချီမှားခြင်း

သက္ကရာဇ် ၇၇၀ (အေဒီ ၁၄၀၈ ) တွင် ဘုရင်မင်းခေါင် ဟံသာဝတီသို့စစ်ချီလေသည်။
ခြေလျင်စစ်သား အင်အား နှစ်သိန်း၊ မြင်းတပ် နှစ်သောင်း၊ ဆင်တပ် ရှစ်ရာ တို့ဖြင့် ချီတက်လာလေသည်။ ဘုရင်မင်းခေါင်စစ်ချီပြီဟု ရာဇာဓိရာဇ်ကြားလျှင် ချက်ချင်း စစ်သူကြီးများဖြင့် သကျင်မြို့ထိ ချီတက်ပြီး ခံတပ်မြို့လုပ်ကာ ဘုရင်မင်းခေါင်အလာကို စောင့်နေလေသည်။

လကွန်းအိန်ကိုမူ ဆင်နှစ်ရာ၊ မြင်း ငါးရာ ၊ ဗိုလ်ငါးထောင်ဖြင့် ရှေ့တန်းကို လွှတ်ကာ အင်းဝတပ်ကို ကြိုတိုက် စေလေသည်။ လကွန်းအိန်၏ တပ်နှင့် ဘုရင်မင်းခေါင်၏ ရှေ့မှ အလျင်ချီတက်နေသော အင်းဝ မြင်းတပ်ဖြင့် လမ်းခုလတ်တွင် တွေ့ပြီး စစ်ပွဲ အပြင်းအထန်ဖြစ်ကြလေသည်။ သို့သော် အင်အား မတန်သောကြောင့် လကွန်းအိန်တပ်မှာ ပျက်ပြီး လူသူအများကျရူံးသောကြောင့် လကွန်းအိန် တပ်ဆုတ် လေ၏။ ထိုသတင်းကို ရာဇာဓိရာဇ်ကြားလျှင် သကျင်မြို့မှ ဆုတ်ပြီး ပန်းကျော်မှာ ပြန်ပြီး ခံတပ် ပြန်ဆောက်လေသည်။

ဘုရင်မင်းခေါင်၏ တပ်များသည် ဟံသာဝတီပိုင်နက်အတွင်းသို့ ၀င်ရောက်ကာ မြို့ရွာအများကို သိမ်းပိုက်လေသည်။ မီးလည်းတိုက်ပစ်လေသည်။ တဖြည်းဖြည်းချီတက်လာပြီး ပန်းကျော်မြို့ကို ထိုးစစ် ဆင် လေသည်။ ပန်းကျော်မြို့မှာ အလွန်ခိုင်ခံ့လွန်းသဖြင့် အင်းဝတပ်သို့ မထိုးဖောက်နိုင်ရှိနေလေသည်။

သုံးလတိုင်အောင် တိုက်ခိုက်လေသည်။ သို့သော်လည်း အရာမထင်ပဲ ရှိနေလေ၏။ ပြည်မြို့က ပို့သော စားသောက်ကုန်များကို ဟံသာဝတီတပ်ငယ်လေးများက ကြားဖြတ်တိုက်ခိုက်သဖြင့် အင်းဝတပ်မကြီးထိ မရောက်နိုင်ဖြစ်နေလေသည်။ ဘေးပတ်ဝန်းကျင် မွန်ရွာငယ်များလည်း စစ်ဒဏ်ကြောင့် အားလုံးမီးလောင် ပျက်စီးကာ ဘာမှ မရှိဖြစ်နေရလေ၏။ အင်းဝတပ်အင်အားမှာ များလွန်းသဖြင့် ရိက္ခာ အလုံအလောက် မရှိဖြစ်နေရလေသည်။ 

 နောက်ဆုံး အင်းဝ မှူးတော်၊ ၀နှ်ရှင်တော်၊ အမတ်တော် များ ဆုံးဖြတ်ချက်အရ ရာဇာဓိရာဇ်ထံ သံ စေလွှတ်လေသည်။ ထိုသံကို လက်ဆောင်အများဖြင့် အောက်ပါအတိုင်းစာစေလေသည်။

" ရွှေနန်းသခင် ဘုရင်မင်းခေါင် ကြားလိုက်အပ်သော ဘုရင်ရာဇာဓိရာဇ် ယခု ငါ ဟံသာဝတီသို့ ချီလာကြောင်းလည်း ယောက်ဖတော်နှင့် ငါပြည်ဆံတော်ရှင် ဘုရားရှေ့ဝယ် ချိန်းချက်ကြသော ဂတိကို ဖျက်ပြီး ငါ့နိုင်ငံတော် ရခိုင်မြို့ကို လုပ်ကြံပြီး ငါ့သမီးတော်ကို ယူပြီး ငါ့သမက်ကို သတ်သည်။ ငါ့သမီးကို နန်းတင်သည်။ ငါမူကား နောင်တော်သမီးကို ရလျှင် မင်းဧကရာဇ်သမီးချင်းမို့ ငါ့သားနှင့် စုံဖက်သည်။ နောင်တော်သမီးကို အလိုရှိလျှင် ပို့လာစိမ့်မည်။ ငါ့သမီးတော်ကို ယခုပင် ပေး၊ ငါပြန်တော်မူမည် "   

ဟုရွှေစာပေတွင် ရေးပြီး ပို့လိုက်လေသည်။ 

ရာဇာဓိရာဇ်လည်း အင်းဝသံကိုလက်ခံပြီး ယာယီနန်းတွင် အစည်းအဝေးလုပ်ပြီး အင်းဝသံကို ဘုရင်မင်းခေါင်၏ ရာဇာသံကို လက်ခံကြောင်းပြောပြီး၊ သို့သော် အင်းဝဘက်က မှူးတော်မတ်တော် ၁၀ ၊ ဟံသာဝတီဘက်ကလည်း ၁၀ ဖြင့် တွေ့ဆုံမည်ဟု ကမ်းလှမ်းလေသည်။ အင်းဝသံလည်း မှာသည့်အတိုင်း ဘုရင်မင်းခေါင်ကို လျှောက်တင်လေသည်။ 

ဘုရင်မင်းခေါင်လည်း နောက်မနက်လင်းလျှင် စစ်သူကြီး ၁၀ ယောက်၊ အမတ် ၁၀ ယောက် ဖြင့် အခြံအရံ နှင့် ဆင်စီးထွက်လာလေသည်။ အရှင်နှစ်ပါးမရောက်ခင် ရှေ့တော်ပြေးများက နေရာကို သွားစစ်ကြလေသည်။ အင်းဝဘက်က ရှေ့တော်ပြေးမှာ မိုးညှင်းသတိုးဖြစ်လေသည်။ ချိန်းထားသော နေရာ ကျိုက်ကိုးဘုရား နားရောက်သော် ဟံသာဝတီဘက်က ရှေ့တော်ပြေး လကွန်းအိန်မှ " ဟယ် သွေးသောက် မင်းလည်း သူရဲကောင်း၊ ငါလည်း သူရဲကောင်း ဖြစ်သည်၊ ယခု ပြုသော ဂတိသည် တည်မည်ဟု ထင်သလော၊ ဖြောင့်မည်ဟု ထင်သလော၊ မင်းတို့လည်း သစ္စာရှိသည်မဟုတ် " ဆိုပြီး ပြောဆိုလေရာ မိုးညှင်း သတိုးမှ အကောက်ကြံထားသည်ကို ရိပ်မိပြီး ဘုရားမတက်ဘဲ ဘုရင်မင်းခေါင်ဆီ အပြေးလျှောက်တင်လေသည်။ အကြောင်းမှာ ဟံသာဝတီဘက်က မြေကြီးတွင်
ဓါးမြှပ်ထားကာ နှစ်ဦး နှစ်ဖက် စကားဆိုစဉ်ဘုရင်မင်းခေါင်ကို လုပ်ကြံရန်စိစဉ်ထားခြင်း ဖြစ်လေသည်။ 


Share:

No comments:

Post a Comment