စကြိုသူမြတ်၏ ငြိမ်းချမ်းရေး

ရာဇာဓိရာဇ် ထံသို့ ပင်းယစကြိုသူမြတ် လည်း မေတ္တာစာတခု စေလိုက်လေသည်။ ရာဇာဓိရာဇ်လည်း ငါ ဟံသာဝတီရွှေမြို့တော်မှ ဆန်တက်ခဲ့သည် မည့်သည့် ရဟန်းမှ ငါ့အား လာမတွေ့ကြချေ။ ငါလည်း ရဟန်း ကို ဖူးချင်စမ်းပါဘိ ဟု မေတ္တာစာကို လက်ခံပြီး ဆရာတော်ကို ပင့်ခိုင်းလေသည်။

စကြိုသူမြတ်လည်း လက်ဆောင်ပစ္စည်းအမျိုးမျိုးကို လူသုံးရာဖြင့် ကိုင်ဆောင်စေလျက် မိမိမှာမူ ဆင်ကို စီးကာ ဆင်ရှေ့တွင်လည်း လူသုံးရာ၊ ဆင်နောက်တွင်လည်း လူသုံးရာ စဖြင့် ခမ်းခမ်းနားနားဖြင့် ရွှေကြက် ယက် သို့ လာလေသည်။ ရာဇာဓိရာဇ်လည်း ခမ်းခမ်းနားနား ကြိုဆိုလေသည်။

မင်း နှင့် ရဟန်း နှစ်ပါး စကားများအပြန်အလှန်ပြောဆိုကြလေသည်။ ထိုအချိန်တွင် ရာဇာဓိရာဇ် ၏ အမတ် သမိန်သံကျယ်က ရွှေကြက်ယက် ဘုရားကျွန် အများကို ဖမ်းလာလေသည် ကို ဆရာတော်က တွေ့သဖြင့် ရာဇာဓိရာဇ်အား အသင်မင်းကြီးသည် ကျေးဇူးရှင်၏ ကျေးဇူးတော်ကို မသိ ဟု မိန့်လေ၏။ ရာဇာဓိရာဇ်လည်း ဘယ်သူသည် အကျွန်ုပ်၏ ကျေးဇူးရှင် ဖြစ်သနည်း ဟု မေးလေ၏။

စကြိုသူမြတ်လည်း မင်းကြီးယခု ဟံသာဝတီပြည်ကို အုပ်စိုးနိုင်ရခြင်းမှာ ရှေးဘ၀က ဘုရား၊တရား၊သံဃာ တို့ကို ကောင်းမူကုသိုလ်တွေ ပြုခဲ့သော အကျိုးကြောင့် သာလျှင်ဖြစ်သည်။ ယခု ဘုရားကျောင်းကန်တွင် ဝေယျဝစ္စပြုနေသော လူသူတော်များကို ဖမ်းယူခြင်းသည် ကျေးဇူးကန်း ခြင်း မဟုတ်တုံလော ဟု ပြန်မေးလေသည်။ စကြိုသူမြတ်ကလည်း နှစ်ပြည်ထောင်အချင်းချင်း အချင်းမများစေလိုဘဲ မေတ္တာထားကြပါ ဟု မိန့်လေသည်။

ရာဇာဓိရာဇ်လည်း စကြိုသူမြတ်၏ တရားဟောမူကြောင့် စစ်မချီတော့ဘဲ ရွှေကြက်ယက်တွင် မိမိဖောင်ကို ဖျက်ပြီး ဇရပ် တခုကို ဆောက်လုပ်လှူဒါန်းလေသည်။ ဘုရားကျွန်ကိုလည်း ပြန်လွှတ်ပေးလိုက်လေသည်။
ရဟန်း ၁၀၀ ကိုပင့်ပြီး ဆွမ်းလှူကာ သာဓုခေါ် အမျှဝေပြီးမှ စုန်ဆင်းလေသည်။

ထိုအခါ ရွှေကြက်ယက်တွင် ရာဇာဓိရာဇ်လှူထားသော ဇရပ်ကို ဘုရင်အမိန့် ဆိုပြီး မီးတိုက်ပစ်လေ သည်။ ရာဇာဓိရာဇ်လည်း မိမိလှူဒါန်းသော ဇရပ်မီးလောင်နေသည်ကို အဝေးက မြင်သဖြင့် အမျက်ထွက်ကာ ယခုပင် အင်းဝသို့ ချီမည်ဟု အမိန့်ချပြီး လှေများကို လှည့်စေလေသည်။ ထိုမှ အမတ်များက မင်းကြီးသည် သံဃာတော်ကို ဂတိခံပြီး ဖြစ်သည်က တစ်ကြောင်း၊ ကောင်းမူတော်သည် လှူဒါန်းပြီးသည် ဖြစ်သောကြောင့် ဖျက်သောသူသာလျှင် အပြစ်ရှိကြောင်း ထို့ကြောင့် နယ်စပ်သို့ စုန်ဆင်းပြီး နယ်စပ်မြို့တွေကို စသိမ်းလျှင် ဂတိဖျက်ရာမရောက်ကြောင်း လျှောက်ထားမှ ရာဇာဓိရာဇ်လည်း သဘောတူကာ စုန်ဆင်းလေသည်။


Share:

No comments:

Post a Comment