ရာဇာဓိရာဇ် မှ မြောင်းမြမြို့ ကို တိုက်ခိုက်ခြင်း

သက္ကရာဇ်( ၇၅၁ ) ခရစ်နှစ် ၁၃၈၉ မှာ မွန်ဘုရင် ရာဇာဓိရာဇ်သည် မြောင်းမြမြို့ကို စတင်တိုက်ခိုက်
လေသည်။ မြောင်းမြမြို့လည်း ကျပြီး လောက်ဖျားကိုလည်း အရှင်ဖမ်းမိလေသည်။ လောက်ဖျား၏ သား ဗြကွန် နှင့် သမက် ဗြကျင်တို့က စစ်သားတချို့၊ ရွှေငွေရတနာများဖြင့် အင်းဝဘုရင် မင်းကြီးစွာထံ ၀င်ပြီး အသနားခံလေသည်။

သက္ကရာဇ် ၇၅၂ သို့ရောက်သော် ဟံသာဝတီမှ အင်းဝ၏ နိုင်ငံတော်ပိုင်နက်ဖြစ်သော ဂူထွတ်မြို့ (ယခု မြန်အောင်မြို့) ကို ထိပါး တိုက်ခိုက်ပြီး သိမ်းယူလေသည်။ ထိုအကြောင်းကို မင်းကြီးစွာ ကြားသော် နိုင်ငံတော်တစ်ဝှမ်းတွင် ရှိသော စစ်တပ်တို့ကို စုရုံးစေပြီး စစ်သည်အင်အား ၄ သိန်းကျော်ဖြင့်
ရေကြောင်း၊ ကုန်းကြောင်း ဖြင့် ချီတက်စေလေသည်။

ရာဇာဓိရာဇ်လည်း စစ်အင်အားအလုံးအရင်းဖြင့် ပန်ကျော်မြို့တွင် တပ်ဆွဲပြီး တချို့သော မိမိတပ်များကို ဂူထွက်မြို့သို့ ပို့လွှတ်လိုက်လေသည်။ မင်းကြီးစွာတပ်သည် ဂူထွတ်မြို့ကို စတင် ၀ိုင်းရံပြီး တိုက်ခိုက်လေ၏ ။ မွန်၊ အင်းဝ တို့ တပ်များ အလုံးအရင်းဖြင့် မြို့ပြင်တွင် တိုက်ခိုက်ကြလေသည်။ မင်းကြီးစွာမှာမူ ရေကြောင်း ဖြင့် လှေတော်စီးလျက် တိုက်လေသည်။ ထိုအခါ ဘုရင့်လှေတော်မှ
ရွှေပန်းဆိုင်၊ ရွှေကြိုးတို့ကို မွန်ဘက်က ရလေ၏။

နှစ်ဦးနှစ်ဘက် အကျအဆုံးလည်း များလေသည်။ အင်းဝဘက်မှလည်း စစ်ကူများထပ်မံ စေလွှတ်လေ သည်။ သို့သော် ဂူထွတ်မြို့ကို သိမ်းပိုက် လို့မရ ဖြစ်နေလေသည်။ ထိုချိန်တွင် မွန်ဘက်မှ စစ်မှူးဖြစ်သော သမိန်သံကျယ်က သံစေလွှတ်ပြီး မင်းကြီးစွာ၏ ပိုင်နက်ဖြစ်သော ဂူထွတ်မြို့ ကို ပြန်လည်ပြီး လွှဲပေးမည် ဖြစ်ကြောင်း ဘုရင့်လှေတော်ကို ထိမိသည့်အတွက်လည်း တောင်းပန်ကြောင်း စသဖြင့် သံစာ ဖြင့် လျှောက်ထားလေသည်။

ထိုချိန်တွင် အင်းဝ အိမ်ရှေ့မင်းသား မှာမူ မင်းကြီးစွာဘက်က ငြိမ်းချမ်းရေး ပြုနေသည်ကို မသိသောကြောင့် ပန်ကျော်တွင် ရာဇာဓိရာဇ်နှင့် အပြင်းအထန်တိုက်ကြလေ၏။ ထိုအချိန် မွန်အမတ်တို့က ရာဇာဓိရာဇ်အား ဘုရင်မင်းကြီးစွာဖြင့် ငြိမ်းချမ်းရေး အောင်မြင်ကြောင်း လျှောက်ထားလာသဖြင့် ရာဇာဓိရာဇ်လည်း အင်းဝ အိမ်ရှေ့မင်းသား အား အကျိုးအကြောင်း စာပါးတော်မူလေသည်။

အိမ်ရှေ့မင်းသားလည်း ထိုအကြောင်းကြားလျှင် စုံစမ်းစေရာ ဟုတ်မှန်ကြောင်းသိသဖြင့် မိမိတပ်များကို ဆုတ်စေလေသည်။ ဘုရင်မင်းကြီးစွာလည်း ဂူထွက်မြို့၊ အလွှဲမြို့တို့ကို ပြန်ရသဖြင့် မြို့ကို ကောင်းမွန်စွာ စီရင် စေပြီး အင်းဝနေပြည်တော်သို့ တပ်ခေါက်ပြန်လေသည်။

Share:

No comments:

Post a Comment