ငါးစီးရှင်ကျော်စွာ

ခမည်းတော်နတ်ရွာစံပြီးနောက် ကျော်စွာသည် ပင်လယ်မြို့တွင် နန်းတက်လေသည်။ နန်းတက်ပြီး မကြာမီ ဆင်ဖြူ ငါးစီးရလေသည်။ ထိုအကြောင်းကို နောင်တော်ကြားသော် ညီတော်ကို နန်းအပ်ပြီး မိမိမှာမူ တောထွက်လေသည်။ နောင်တော်ဥဇနာမင်းသည် သက်တော် ၄၂ တွင် နန်းဆင်းလေသည်။


နောင်တော်နန်းဆင်းသော် ကျော်စွာသည် သက္ကရာဇ် ၇၀၄ တွင် စစ်ကိုင်းမှတပါး ကျန် ခမည်းတော်ပိုင် နယ်မြေများကို သိမ်းပြီး မင်းလုပ်လေသည်။ စစ်ကိုင်းတွင် ညီတော် အသင်္ခယစောယွမ်းမှ မင်းလုပ် နေလေသည်။ ဆင်ဖြူငါးစီးရပြီး ငါးစီးရှင်ကျော်စွာဟု အမည်တွင်လေသည်။ မင်းပြုပြီး မကြာသော်နှစ်တွင် နတ်မြင်းကဲ့သို့ မြန်သော သိန္ဒောမြင်းကို ရလေသည်။

တနေ့လျှင် ကျော်စွာသည် စစ်ကိုင်းကို သိမ်းပိုက်လိုသော်ကြောင့် အသင်္ခယစောယွမ်းရှိရာကို သူရဲကောင်း ငခင်ညိုလွှတ်ပြီး လုပ်ကြံခိုင်းလေသည်။ ငခင်ညိုလည်း သခင်ခိုင်းသည့်အတိုင်း သွားလေရာ အခြေအနေမပေး သဖြင့် မြို့ပြင်တွင် ၃ ရက်တိတိ အစာမစားရဘဲ အခွင့်ကောင်းကို စောင့်နေလေသည်။ အခွင့်သာသော် မြို့ထဲသို့ ၀င်လေသည်။

နန်းတော်သို့ဝင်မိသော် နန်းတင်သောထမင်းကိုတွေ့ပြီး ဗိုလ်အလွန်ဆာသဖြင့် စားမိလေသည်။ ထိုနောက် အသင်္ခယစောယွမ်း စက်တော်ခေါ်ရာအဆောင်သို့သွားလေသည်။ ခေါင်းရင်းက ရပ်ပြီး ဤသို့ စဉ်းစား လေသည်။ “ သည်မင်းသည် ယနေ့တွင် ငါ၏ ထမင်းရှင်ဖြစ်လေပြီ၊ ထမင်းရှင်ကို ပြစ်မှားသော် သံသရာတွင် အကြိမ်ကြိမ်သေရမည်ဖြစ်သည်၊ သည်မင်းကို မသတ်၍ ပြန်သော် တစ်ခါသာသေရမည်၊ ” ဟုတွေးပြီး အသင်္ခယစောယွမ်းကို တစ်စီးရှင်သီဟသူ ချီးမြင့်စားသော ရတနာကျောက်စီဓားကိုသာ ယူခဲ့ပြီး နန်းမြို့သို့ ပြန်ခဲ့လေသည်။

နန်းတော်သို့ရောက်လျှင် မိမိထင်မြင်ပုံကို အကြောင်းစုံလျှောက်လေရာ ဘုရင်မှ “ ငါ့ကျွန်သည် ထမင်းတနပ် စားရုံမျှဖြင့် သူကျေးဇူးကို သိတတ်သည်၊ ငါကိုယ်တော်အပေါ်ဆိုလျှင် အဘယ်သို့ဆိုဖွယ်ရှိအံ့နည်း” ဟု တွေးပြီး စည်းစိမ်ချမ်းသာ များစွာ ချီးမြင့်လေသည်။

ငါးစီးရှင်ကျော်စွာသည် တိုင်းပြည်ကို အုပ်ချုပ်ရင်း သက်တော် ၄၅ တွင် အနိစ္စရောက်လေသည်။

Share:

No comments:

Post a Comment