မင်းမြတ်အနော်ရထာ အပိုင်း(၁၁) နတ်ရွာစံတော်မူခြင်း

ငကျန်စစ်ကို အရှာခိုင်းသော ရဲမက်များလည်း နှစ်လကြာသော်လည်း ပေါ်လာခြင်း မရှိ၊ အမတ်များသည် ကား ငကျန်စစ်ကို အကောင်းမြင်နေကြသေး၏။ ဘာတဲ့ သူတို့အချစ်ကို ကျူပ်က နားမလည်ပေးတတ်ဘူး ဆိုသေး ကျုပ်နောက်ကွယ်မှာ ပြောနေကြ။ ကျူပ်အလုံးစုံသိသော်လည်း မသိသလိုသာ နေရင်ကောင်း ဘိ၏။ သထုံပြည့်ရှင်ကိုလည်း သူတည်ချင်သော ဘုရားကို ကျူပ်ပေးတည်ခဲ့ပြီးလေပြီ။ ကျူပ်ကိုယ်တော်တိုင် သာဓု ခေါ်ခဲ့လေသည်။ ဆည်၊မြောင်းကန်ချောင်းအများကိုလည်း ကျူပ်ပြုစုတော်မူခဲ့ပြီးလေပြီ။ သြော် ကိုယ်ပိုင်နက် တစ်ခုလုံး ကုသိုလ်တွေ လုပ်ခဲ့ပေါင်းလည်း မနည်းလှပေတော့ဘူး။ ယခုတောင် ကျူပ် နေပြည်တော်မှ ထွက်ခွာ၍ တိုင်းပြည်အရေးကို ပြုစုနေသည်မှာ နှစ်ချီလေပြီ။ နေပြည်တော်ကို ပြန်မှသင့်မည်။ ဟူးရားတို့ကို အခါတော်မေးအံ့။


အနော်ရထာ- “ ဟူးရားတို့ ကျူပ် တိုင်းပြည်အရေးကို ကိုယ်တော်တိုင် ထမ်းရွက်နေသည်မှာ နှစ်အတော် များလှပေသည်။ နေပြည်တော်မှ ခွာလာသည်ကား ယခုတခါကား အကြာဆုံးတည်း၊ ယခု ကျူပ် နေပြည်တော် ပြန်လိုစိတ်ဖြစ်တော်မူသည်။ ရက်ကောင်းရက်မြတ်ရွေးလော ကျူပ်ပြန်လေအံ့”
ဟူးရား-“ မှန်ပါဘုရား၊ အရှင်မင်းကြီးအတွက် ကျွန်တော်မျိုးတို့ နေ့စဉ်ရက်မြတ်များကို တွက်ချက်လျက်ပါ ဘုရား၊ ဒါပေမယ့် မင်းကြီးဘုရား၏ ဘုန်းတော်ကား ယခုမှ စ၍ နိမ့်ဖွယ်ရှိနေပါသည်ဘုရား”
အနော်ရထာ-“ ဘာ... ငါကဲ့သို့ သာသနာပြုသောမင်းကား အဘယ်သို့ ဘုန်းနည်းအံ့နည်း၊ အမောင်မင်း သင့်မြတ်ရာကိုသာ လျှောက်တင်လေ”
ဟူးရား-“ အမှန်ဖြစ်ပါသည်ဘုရား၊ မုသားမဆိုဝံ့ပါဘုရား ကံတော်ကုန်နိုင်ဖွယ်လည်း ရှိပါသည်ဘုရား”
အနော်ရထာ-“ တယ် အမောင်မင်း၊ ကျူပ်ကား သက်တော်ရာကျော်ရှည်မည့် မင်းဖြစ်ပေသည်၊ သာသနာတော်ကို ပြုစုသောမင်းဖြစ်သည့်အတွက် အဘယ်သို့ ကံကုန်မည်နည်း၊ အမောင်ရဲမက်တို့ ဟူးရားတို့ကို ဖမ်းသွားစမ်း”

ကျူပ် ဟူးရားစကားကို မယုံတော့။အမတ်ကြီးပြောဖူးသည်၊ ယခုတလော ဟူးရားတို့ကား ကျူပ်မြောက်စား လွန်းသဖြင့် ထင်ရာစိုင်းလွန်းသည်။ တပ်မှူးများကိုလည်း ရိုင်းစိုင်းစွာဆက်ဆံသည်။ယခုလည်း ကျူပ်ကဲ့သို့ မင်းကို မအပ်သော စကားဆိုဝံ့သည်။ ကျူပ်လည်း ဟူးရားစကားမယူတော့ အမတ်ကြီး၏ အခါတော်ပေးသည့်အတိုင်းသာ နေပြည်တော်ကို ပြန်လေသည်။ ရက်လအတန်ကြာသော် နေပြည်တော်သို့ ရောက်လေ၏။ နေပြည်တော်သို့ရောက်သော် မြို့တံခါးမှာ မုဆိုးတစ်ယောက် အခစားဝင်လာသဖြင့် ကျူပ်လည်း မုဆိုးကို ခေါ်စေလေသည်။
အနော်ရထာ- “ အသင်မုဆိုး အဘယ်ကြောင့် ပူညံပူညံလုပ်နေသနည်း”
မုဆိုး-“ မင်းကြီးဘုရား ကျွန်တော်မျိုးတို့ နည်းအသွယ်သွယ်ဖြင့် ဖမ်းဆီး၍ မရနိုင်သော နွားသိုးတစ်ကောင် နေပြည်တော်အနီးတွင်း သောင်းကျန်းနေပါသည် ဘုရား။ အမတ်တို့က မင်းကြီး ရွှေစိတ်တော် ငြိငင်မှာကို စိုးသောကြောင့် ကျွန်တော်မျိုးအား မလျှောက်ခိုင်းတာပါဘုရား”
အနော်ရထာ-“ အိုး တိုင်းပြည်အရေးကား ကျူပ်အရေးပင်တည်း၊ ရဲမက်အများဖြင့် ကျူပ်ကိုယ်တော်တိုင် ဖမ်းမည်”

ကျူပ်ကဲ့သို့ မင်းရှိလျက်နဲ့ ထို နွားသိုးသည် နေပြည်တော်တစ်ဝှမ်း သောင်းကျန်းဝံ့သည်။ ကျူပ်ကိုယ်တော်တိုင် လှံဖြင့် သတ်ရန် မြင်းဒုန်းစိုင်းစီး၍ နွားသိုးရှိရာသို့ သွားလေရာ၊ နွားသည် ပကတိ နွား ကဲ့သို့ မဟုတ်ပေ။ ပို၍ ကြီး၏၊ ရဲရင့်၏၊ ကျူပ်လည်း ကျူပ်လှံဖြင့် ထိုနွားသိုးသို့ ပစ်လေသည်။ နွားသိုးတွင် စိုက်လေ၏၊ သို့သော် နွားသည် ခြေကျသွားခြင်းမရှိ ကျူပ်ဆီသို့ အပြေးဝင်လာရာ စီးတော်မြင်းမှာ လန့်လျက် ကျူပ်လည်း မြေသို့ ကျလေသည်။ ထိုစဉ် ရဲမက်တွေက အနောက်မှာ ရှိသေးသည်။ ကျူပ်လည်း လက်နက်မဲ့ သဖြင့် နွားသိုးကို ရှောင်ရာ ကျူပ်၏ အူသို့ နွားချိုဖြင့် ထိုးမိလေသည်။ စစ်ပွဲတိုင်းတွင် ဒဏ်ရာရဖူးသဖြင့် ကျူပ်မမူပါ။ ထိုနောက် ရဲမက်တွေရောက်လာသဖြင့် နွားသိုးလည်း မြားဒဏ်ကြောင့် သေလေသည်။ ကျူပ် တစ်မျိုးခံစားရသည် အလွန်မူးနေသည်၊ ယခင်ကဲ့သို့ ဒဏ်ရာစဉ် မျိုးမဟုတ်၊ ဘေးနားလည်း ရဲမက်တွေ အားလုံးဆူညံနေသည်။ ကျူပ်ကို ထမ်းသွားကြသည်။ သို့သော် ကျူပ်မျက်လုံးတွင်ကား တဖြည်းဖြည်း မှောင် လာလေသည်။ ကျူပ်တွေ့လိုက်သည်ကား အလင်းတန်းတစ်ခု။ ကျူပ်ဘာမှမသိတော့ပါ။ အားလုံးငြိမ်သက်သွားပါပြီ။

အနော်ရထာမင်းစောသည် တိုင်းပြည်ကို ပြုစုရင်း သက်တော် ၆၆ တွင် နတ်ရွာစံတော်မူလေသည်။
( ကျနော်သမိုင်းကို ဖတ်လို့ကောင်းအောင်၊ အထက်ပါ အတိုင်း တင်ပြခြင်းဖြစ်ပါသည်။ မိမိကိုယ်တိုင် ခံစားရသကဲ့သို့ အတိုင်း တင်ပြခြင်းပါ၊ အရည်အသွေး မကောင်းလျှင်လည်း သည်းခံပေးကြပါလို့ တောင်းဆိုပါတယ်။ နောက်ပိုင်း သီပေါမင်းအထိ တင်ပြရန် ဆုံးဖြတ်ထားပါတယ်၊ ကြိုးစားကြည့်ပါမယ်)


Share:

No comments:

Post a Comment