မင်းမြတ်အနော်ရထာ အပိုင်း(၁၀) ကျန်စစ်သားကို အမျက်တော်ရှိခြင်း

တပ်မှူးကျန်စစ်သား ဦးဆောင်သော အောင်မြင်ရ စစ်သည်များ နေပြည်တော်သို့ ပြန်လာလေပြီ။ အကျွန်ုပ် လည်း နန်းတော်မှ စောင့်နေလေသည်။ လှပကျော့ရှင်းပြီး အိနြေ္ဒဖြင့် နန်းတော်ခန်းမဆောင်သို့ မဏိစန္ဒာ ခစားဝင်လာသည်။ သူ၏ နောက်တွင် တပ်မှူးကျန်စစ်သား နှင့် ကျန်တပ်မှူးလေးတွေ အခစားဝင်လာကြ ပါသည်။ အကျွန်ုပ်လည်း မဏိစန္ဒာကို ကိုယ်တော်တိုင် သူစံမြန်းမည့် နန်းမဆောင်သို့ လိုက်ပို့မိလေသည်။ ထိုည ရဲမက်အပေါင်းတို့လည်း ပျော်ပွဲများကျင်းပနေလေသည်။ နောက်မနက်တွင် မိဖုရားခေါင်မှ ကျူပ်ကို သတင်းဆိုးတစ်ခု သယ်ဆောင်လာလေသည်။


အနော်ရထာ-“ ဘာကွ... မင်းဘာပြောလိုက်တာလဲ၊ အမှန်ပဲလား” 
မိဖုရားခေါင်-“ ယုံတော်မယူလျှင် တပ်မှူးလေးများကို ခေါ်၍ စစ်တော်မူပါ” 
အနော်ရထာ-“ သပေါက်သားလေးက ကဲ...လာကြစမ်း၊ ကျန်စစ်သားမှ အပ ဥဿပဲခူးသို့ ဦးဆောင်သွားသည့် တပ်မှူးတွေကို ဆင့်ခေါ်စေ” 
ခဏအကြာတွင် တပ်မှူးများ ရောက်လာကြကုန်သည်
အနော်ရထာ-“ အမောင်တို့ ကျူပ်ကို မှန်ရာလျှောက်တင်လေ၊ မမှန်မကန်လျှောက်တင်လျှင် သေဒဏ် တပ်မည်” 
တပ်မှူးများ-“ မှန်ပါဘုရား အမိန့်တော်ရှိပါဘုရား ” 
အနော်ရထာ-“ မဏိစန္ဒာဟာ စိတ်မသာယာဖြင့်ရှိနေသည်၊ပျော်ရွှင်ခြင်းလည်းမရှိ ဘာအတွက်ကြောင့်လဲ ဆိုတာ ကျူပ်ကို သေချာ လျှောက်တင်” 
တပ်မှူးများ-“ မင်းကြီးဘုရား...ကျွန်တော်မျိုးတို့ ၄ ယောက် တစ်လှည့်စီ မင်းသမီးကို စောင့်ရှောက်လာခဲ့ပါသည် ဘုရား၊ သို့သော် တပ်မှူးကျန်စစ်သား အလှည့်နောက်ပိုင်းတွင် မင်းသမီးသည် တပ်မှူးကျန်စစ်သားကိုသာ သူ့ကို စောင့်စေတော့သည်ဘုရား” 
အနော်ရထာ-“ တယ်... မင်းသမီးအထိန်းတော်တွေကို ဆင့်ခေါ်စမ်း” 
အနော်ရထာ-“ ဟယ် အမယ်တို့ ကျူပ်ကို လျှောက်တင်လေ သင်တို့ သခင်မသည် ငကျန်စစ်နဲ့ ဖောက်ပြန် သည် မဟုတ်တုံလော” 
အထိန်းတော်-“ ထားလျှင်ရှင်ရမည်သာ ဘုရား၊ သတ်ရင်သေရမည်သာ ဘုရား မုသားတော့ မဆိုဝံ့ပါဘုရား” 
အနော်ရထာ-“ ငါ မေးနေတာ ဟုတ်လော မဟုတ်လော အမှန်လျှောက်တင်စမ်း” 
အထိန်းတော်-“ မှန်ကြောင်းပါဘုရား” 

ကျူပ်လုံးဝ မယုံမိပါဘူး။ ကျူပ်အားကိုးရသည့် တပ်မှူးတစ်ယောက်က ယခုလို အလှအပကို မက်မောပြီး ကျူပ်ကို သစ္စာဖောက်တာ ကျူပ်သည်းမခံပါဘူး၊ ကျူပ်ချက်ချင်း မဏိစန္ဒာဆီကို အရောက်သွားခဲ့၏။ 

အနော်ရထာ-“ မဏိစန္ဒာ သင် ကျူပ်နှင့် ငကျန်စစ် ဆိုလျှင် အသင်မည်သူကို ရွေးချယ်မည်နည်း 
လျှောက်တင်စမ်း” 
မဏိစန္ဒာ-“ မင်းကြီးဘုရား မင်းကြီးဟာ ဘုန်းတော်ကြီးမားလျက် ရေမြေ့သခင်ပါ၊ ဒါပေမယ့် မိန်းမသားတို့၏  နှလုံးသားကို မင်းကြီးနားမလည်နိုင်ပါဘုရား ” ဟု ငိုယိုလျက် လျှောက်ထားလေသည်။ 
ကျူပ်သဘောပေါက်သွားလေပြီ။ ဒါပေမယ့် လက်ခုပ်ဟာ တစ်ဖက်ဖြင့် တီးမရသလိုပင် ယခုကိစ္စလည်း ငကျန်စစ် နောက်ဆုတ်လျှင် ဘာမှ ဖြစ်မည်မဟုတ်။ ကျူပ်လည်း အမျက်ဖြင့် မဏိစန္ဒာကို တစ်ပင်တိုင်အဖြစ် ထားလေသည်။ မည်သူမျှ သူနားကပ်ခွင့်မရ။ ဒါကား ကျူပ်၏ အမိန့်။ 

အကျွန်ုပ်ခွင့်မလွှတ်နိုင်သေး။ မဏိစန္ဒာဆောင်မှ အထွက် ချက်ခြင်း ငကျန်စစ်ကို အမြန်ဖမ်းခိုင်းလေသည်။
ဖမ်းပြီးကျူပ်ရှေ့ရောက်သော် 
အနော်ရထာ- “ ငကျန်စစ် သင်ကိုကား အကျွန်ုပ် သူကောင်းပြု၍ တပ်မှူးတပ်ရာတွင် ထားသည်၊ ယခု အသင်၏ လုပ်ရပ်ဖြင့် ကျူပ်၏ ကျေးဇူးကို တုံ့ပြန်သည်လော” 
အကျွန်ုပ်လည်း အမျက်ဒေါသဖြင့် ငကျန်စစ် ကို ကျူပ်၏ လှံဖြင့် ပစ်လေမိသည်။ အကျွန်ုပ်ပဲ အိုမင်းလာ၏လော၊လှံပစ်မကျင့်ကြာလို့ပဲကြောင့်လော ငကျန်စစ်တွင် ကံပဲ မကုန်သေး၏လော မသိပေ။ ကျူပ်ပစ်သော လှံသည် သူ၏ လက်တွင် ချည်သောကြိုးကို ထိကာ ကြိုးလွှတ်လျက် ငကျန်စစ်သည် လျင်မြန်စွာ ကျူပ်ရှေ့ကနေ ထွက် ပြေးလေသည်။ အမတ်ရဲမက်တို့လည်း ကျူပ်ကိုသာ ကြည့်နေလေကြသည်။ 

အနော်ရထာ-“ ဘာကြည့်နေကြတာလဲ သပေါက်မသားတွေရဲ့ သွားဖမ်းချေ။ ခြေမြန်သူကို စေလွှတ်၍ သွားဖမ်းချေ၊ ” 
ရဲမက်အများ-“ မှန်.. မှန်လှပါဘုရား” 
ကျူပ်ဘ၀တွင် ပထမဆုံး သစ္စာဖောက်ခြင်းခံရခြင်းသာဖြစ်လေသည်။ အမျက်ဒေါသဖြင့် နန်းမြို့ရိုးမှ ငကျန်စစ်၏ မြင်းဖြင့် ဒုန်းစိုင်းစီးပြေးသွားသည်ကိုသာ ကျူပ်ကြည့်နေမိတော့သည်။




Share:

No comments:

Post a Comment